ဂုတ်ထိပ်တံတား ပျက်စီးမှု ယူနက်စကိုထံ NUG စာပို့

By MPM 28 ဩဂုတ်, 2025 👁

ကမ္ဘာကျော် ဂုတ်ထိပ်တံတား ပျက်စီးမှုကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့အစည်း (UNESCO) ထံ စာပို့ကာ အသိပေးအကြောင်းကြားထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အမွေအနှစ်ဆိုင်ရာ ကြားကာလစီမံအုပ်ချုပ်မှုဗဟိုအဖွဲ့ (IBHA) အတွင်းရေးမှူးက ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၄ ရက်က ရှမ်းပြည်မြောက်ပိုင်း၊ မန္တလေး – လားရှိုး ရထားလမ်းပေါ်ရှိ ထိုတံတား မိုင်းခွဲဖျက်ဆီးခံခဲ့ရသည်။

နှစ်ပေါင်း ၁၂၅ နှစ် သက်တမ်းရှိသည့် ဂုတ်ထိပ် ရထားတံတားကို TNLA နှင့် PDF တို့က ဖျက်ဆီးသည်ဟု စစ်အုပ်စုက စွပ်စွဲထားပြီး ထိုသို့မဟုတ်ကြောင်းလည်း TNLA က ငြင်းဆိုထားသည်။

“သဘာဝဘေးငလျင်ဖြစ်တုန်းကလည်း စာပို့ထားတာရှိပါတယ်။ တိုင်ကြားတယ်ဆိုတာထက် သတင်းအချက်အလက် ခိုင်ခိုင်မာမာနဲ့ တောင်းဆိုတာဖြစ်ပါတယ်” ဟု အမွေအနှစ်ဆိုင်ရာ ကြားကာလစီမံအုပ်ချုပ်မှုဗဟိုအဖွဲ့ (IBHA) ၏ အတွင်းရေးမှူးကဆိုသည်။

ဂုတ်ထိပ်တံတားနှင့် တံတားအနီး သဘာဝဝန်းကျင်ကို ရှမ်းပြည်မြောက်ပိုင်း၏ ကြားကာလအမွေအနှစ်စာရင်း – ၁ တွင် စက်မှုအမွေအနှစ်နှင့် သဘာဝအမွေအနှစ်အဖြစ် NUG က သတ်မှတ်ထားသည်။

အမွေအနှစ်ဆိုင်ရာကြား ကာလစီမံအုပ်ချုပ်မှု ဗဟို (NUG) က ၂၀၂၄ ဩဂုတ် ၂၀ ရက် ရက်စွဲဖြင့် ကြေညာထားခြင်းဖြစ်သည်။

“ပစ်မှတ်ဖြစ်နိုင်တဲ့ အမွေအနှစ်တွေကို ယခင်ကာလများတည်းက တွက်ချက်စုစည်းပြီးဖြစ်ပါတယ်။ ကာကွယ်ဖို့အတွက်လည်း ကြေညာချက်တွေထွက်ရှိထားပါတယ်။ မြေပြင်မှာ ချက်ချင်းဆောင်ရွက်နိုင်တာကတော့ အမွေအနှစ်ကာကွယ်ရေးနဲ့ပတ်သက်ပြီး ဒေသခံ PDF များနဲ့ ဆောင်ရန်၊ ရှောင်ရန်၊ ရင်ဆိုင်ရန်များကို ဆွေးနွေးပို့ချပြီးဖြစ်ပါတယ်” ဟု NUG အမွေအနှစ်ဆိုင်ရာ ကြားကာလစီမံအုပ်ချုပ်မှု ဗဟိုအဖွဲ့ (IBHA) ၏ အတွင်းရေးမှူးက ပြောသည်။

ထို့အပြင် ပြန်လည်ထူထောင်ရေးကာလတွင်လည်း မဖြစ်မနေ ဦးစားပေးလုပ်ဆောင်ရမည့် ကိစ္စများအတွက် နည်းပညာ၊ငွေကြေးနှင့် စွမ်းရည်များကို UNESCO ကိုလည်း တောင်းဆိုထားသလို အနာဂတ်ဦးဆောင်မည့်သူများကိုလည်း စွမ်းရည်မြှင့်တင်ရေးအစီအစဉ် (capacity building plan) များ ကြိုတင်လုပ်ဆောင်နေဟု ၎င်းကဆိုသည်။

UNESCO အနေဖြင့် စစ်ကော်မရှင်ကို အရေးယူနိုင်သည့် အခွင့်အာဏာမရှိသော်လည် အရေးယူမှုများ ဆောင်ရွက်နိုင်သည့် သက်ဆိုင်ရာအစုအဖွဲ့များအား တိုက်တွန်းမှုများ လုပ်ဆောင်နိုင်ကြောင်း သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အမွေအနှစ်ဆိုင်ရာ ကြားကာလစီမံအုပ်ချုပ်မှု ဗဟိုအဖွဲ့ (IBHA) ကလည်း စစ်ကော်မရှင်တပ်သည် ယဉ်ကျေးမှုအမွေအနှစ်များကို စနစ်တကျ ဖျက်ဆီးနေသည်ဟု ယနေ့ (သြဂုတ်လ ၂၉ ရက်တွင်) ထုတ်ပြန်ထားသည်။

၂၀၂၂ ခုနစ် ဖေဖော်ဝါရီ ၂၈ ရက်မှ ၂၀၂၄ ခုနစ် ဩဂုတ် ၁၅ ရက်အတွင်း စစ်ကော်မရှင်တပ်၏ တိုက်ခိုက်မှု ၂၃၁ ကြိမ်တွင် ရှေးဟောင်းအမွေအနှစ်နှင့် သာသနိက အဆောက်အဦ ၂၃၁ ခု ပျက်စီးခဲ့ကြောင်း NUG ၏ မှတ်တမ်းအရ သိရသည်။

၂၀၂၄ ဇွန်လကုန်အတွင်း ရှမ်းပြည်မြောက်ပိုင်းရှိ ခိုလိတ်ရထားလမ်းတံတား၊ မန်စံရေကျကြိုးတံတား၊ မန်ပွဲတံတား၊ စွတ်လန်းတံတားများအား စစ်ကော်မရှင်တပ်က ဗုံးခွဲဖျက်ဆီးခဲ့ပြီး ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ပျူမြို့ဟောင်းရှိ ကျေးရွာများအား မီးရှို့ခြင်း၊ ပုဂံယဉ်ကျေးမှုနယ်မြေအတွင်း လေကြောင်းပစ်ခတ်မှုများ စစ်ကော်မရှင်တပ်က ပြုလုပ်ခဲ့ကြောင်း NUG ထုတ်ပြန်ချက်က ဆိုသည်။

ထို့ပြင် ၂၀၂၅ ဇူလိုင်နှင့် ဩဂုတ်တွင် စစ်ကိုင်းတိုင်း၊ လင်းတလူကျေးရွာဘုန်းကြီးကျောင်း၊ မန္တလေးတိုင်း၊ စကားပင်ရွာဘုန်းကြီးကျောင်း၊ မွန်ပြည်နယ်၊ ချမ်းမြေစုဘုန်းကြီးကျောင်းများကို ဗုံးကြဲခြင်း၊ ဩဂုတ်လ ၂၅ ရက်နေ့တွင်လည်း အမွေအနှစ်နယ်မြေ မြောက်ဦးဒေသကို ဗုံးကြဲခြင်း စသည့် စက်မှုအမွေအနှစ်၊ ဘာသာရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များစွာကို ဖျက်ဆီးခြင်း၊ အမွေအနှစ်နယ်မြေရှိ လူအမြောက်အမြားကို သေဆုံးဒဏ်ရာရစေခြင်းများရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကော်မရှင်တပ်၏ ဖျက်ဆီးမှုများကို အရေးယူနိုင်ရေး ကြိုးပမ်းသွားမည်ဟု အမွေအနှစ်ဆိုင်ရာ ကြားကာလစီမံအုပ်ချုပ်မှု ဗဟိုအဖွဲ့ (IBHA) ၏ ထုတ်ပြန်ချက်တွင် အသိပေးထားပြီး ညီနောင်မဟာမိတ်တို့၏ အမွေအနှစ်များအား ပူးပေါင်းကာကွယ်သွားမည်ဟုလည်း ကြေညာချက်တွင် ပါရှိသည်။

မဇ္ဈိမ