ဂန့်ဂေါမြို့နယ် ရှုံးရှီနဲ့ အနောက်ဂန့်ဂေါကျေးရွာတွေက ဒေသခံ ၁၀ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး

By MPM 6 ဩဂုတ်, 2025 👁

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ အနောက်ဂန့်ဂေါကျေးရွာနဲ့ Senthang ချင်းလူမျိုးတွေ အများစုနေထိုင်တဲ့ ရှုံးရှီကျေးရွာနေ ဒေသခံပြည်သူ ၁၂ ဦးကို စစ်ကောင်စီတပ်က သြဂုတ်လ ၃ ရက်နေ့က ဝင်ရောက်ဖမ်းဆီးခဲ့ပြီး အဖမ်းဆီးခံရသူတွေထဲကနေ အမျိုးသမီး ၂ ဦးကိုတော့ ပြန်လွှတ်ပေးခဲ့ကာ ကျန်တဲ့ ၁၀ ဦးကိုတော့ ဆက်ဖမ်းသွားတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

သြဂုတ်လ ၃ ရက်နေ့ညက ဂန့်ဂေါမြို့ပေါ် ခလရ ၅၀ တပ်ရင်းက စစ်သားတွေ စစ်ကား ၂ စီးနဲ့ ရှောင်ပင်ရွာမှာ ဘန်ကာတွေဆောက်ပြီး နေရာယူထားတဲ့ စစ်သားတွေ ပူးပေါင်းပြီး အနောက်ဂန့်ဂေါရွာနဲ့ ရှုံးရှီကျေးရွာတို့ကို စစ်ကြောင်းဝင်ရောက်ခဲ့ကာ အရပ်သားပြည်သူ ၁၂ ဦးကို ဖမ်းဆီးခဲ့တာလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒေသခံတစ်ဦးက “အဖမ်းခံရတဲ့ အနောက်ဂန့်ဂေါနဲ့ ရှုံးရှီကျေးရွာက ဒေသခံ ၁၂ ဦးထဲမှာ မိန်းကလေး ၂ ဦးကိုတော့ We Love Gangaw တံတားထိပ်မှာ ပြန်လွှတ်ပေးလိုက်တယ် ကျန်တဲ့ ၁၀ ဦးကတော့ တပ်ထဲပါသွားတယ် အခုထိတော့ ဘာမှ အဆက်သွယ်ကောင်းကောင်းမှ မရသေးဘူး” လို့ ပြောပါတယ်။

အနောက်ဂန့်ဂေါရွာနဲ့ ရှုံးရှီကျေးရွာတို့က ဖမ်းဆီးခံခဲ့ရတဲ့ ဒေသခံ အရပ်သား ၁၂ ဦးကို ဂန့်ဂေါမြို့ ခလရ ၅၀ က စစ်ကောင်စီတပ်ဖွဲ့က We Love GanGaw တံတားထိပ်အထိ အကြိုလွှတ်လာတဲ့ ကား ၃ စီးနဲ့ ဖမ်းဆီးလာတဲ့ အရပ်သားပြည်သူ ၁၂ ဦးထဲကနေ ၁၀ ကို ဂန့်ဂေါမြို့အတွင်းကို ဆက်လက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အမျိုးသမီး ၂ ဦးကိုတော့ တံတားထိပ်မှာတင် ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

ဂန့်ဂေါမြို့နယ်၊ ရှုံးရှီကျေးရွာဟာ ချင်းတိုင်းရင်းသား Sen thang လူမျိုးနွယ်စု အများစုနေထိုင်ကြတဲ့ ဒေသတစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။

Chin World Media