ချင်းပြည်နယ်တွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးကို အပြောင်းအလဲပြုလုပ်ပြီးနောက် စစ်ကောင်စီက ချင်းပြည်နယ်၏ မြို့နယ်တချို့တွင် စစ်ပြင်ဆင်မှုများ ပြုလုပ်လာသောကြောင့် စစ်ရေးအရှိန် ပြင်းထန်လာနိုင်သည်ဟု ချင်းတော်လှန်ရေးအင်အားစုများက ပြောသည်။
ချင်းပြည်နယ်တွင် နယ်/လုံဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်ကို ရာထူးကဖယ်ရှားလိုက်ပြီး မတူပီ အထိုင် ဗျူဟာမှူးဟောင်း ဗိုလ်မှူးကြီးသိန်းထွန်းအောင်နှင့် အစားထိုးလိုက်ပြီးနောက် မြို့နယ်တချို့က စစ်ကောင်စီ ဗျူဟာမှူးများကိုလည်း အပြောင်းအလဲ ပြုလုပ်နေသည်ဟု ချင်းတော်လှန်ရေးတပ်ဖွဲ့ အင်အားစုများက ပြောသည်။
ချင်းအမျိုးသား တပ်မတော် CNF/CNA မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “စစ်ရေးတင်းမာတဲ့ နေရာတွေမှာ အဓိက (နယ်/လုံဝန်ကြီး) အပြောင်းအလဲလုပ်တာ တွေ့ရတယ်၊၊ ဒါက အထက်ကခိုင်းတာ တွေ တာဝန်မကျေတာလဲ ဖြစ်နိုင်ပါတယ်။ သုံးသပ်နိုင်တာက စစ်ရေးပြင်းထန်တဲ့နေရာမှာ ခုလို အပြောင်းအလဲလုပ်တာက သူတို့အထဲမှာ မတည်ငြိမ်ဘူး ဆိုတာကို ပြတာပဲ။ ဒီ့ထက် စစ်ရေး အုပ်ချုပ်ရေး ကောင်းအောင်ဆိုပြီး လုပ်မှာပေါ့” ဟု ပြောသည်။
ချင်းအမျိုးသား တပ်ဦးအနေဖြင့် စစ်ရေးအရှိန်မြှင့်ရန် ပြင်ဆင်နေချိန်တွင် စစ်ကောင်စီသည် ချင်းမှာ စစ်ရေးအပြောင်းအလဲများ ပြုလုပ်နေသောကြောင့် ဟားခါး၊ ထန်တလန်ဒေသတို့တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်လာနိုင်သည်ဟု ၎င်းက ပြောဆိုသည်။
ခုခံတွန်းလှန်မှု အားအကောင်းဆုံး ဒေသများဖြစ်သည့် ချင်း၊ ကရင်၊ ကယား (ကရင်နီ)၊ ကချင်နှင့် မန္တလေးတိုင်း တို့တွင် တာဝန်ထမ်းဆောင်နေသော နယ်/လုံဝန်ကြီးများကို စစ်ကောင်စီက စက်တင်ဘာလဆန်းတွင် အပြောင်းအလဲ ပြုလုပ်ခဲ့သည်။
ချင်းပြည်နယ်၏ နယ်/လုံဝန်ကြီးအသစ် ဖြစ်လာသည့် ဗိုလ်မှူးကြီး သိန်းထွန်းအောင်သည် ယခင်က မတူပီမြို့ ဗျူဟာမှူးဟောင်းဖြစ်ပြီး ဗျူဟာမှူးအဖြစ် တာဝန်ထမ်းဆောင်စဉ် မင်းတပ်မြို့အနီး ဖြစ်ပွားသော တိုက်ပွဲနှင့် မတူပီမြို့နယ်အတွင်းက တိုက်ပွဲများတွင် စစ်ကောင်စီဘက်က ထိခိုက် သေဆုံးမှု များပြားခဲ့သည့်အတွက် ရာထူးချခံရသည်ဟု သတင်းများ ထွက်ပေါ်ခဲ့ဖူးသည်။
မတူပီ-CDF မှ အထွေထွေအတွင်းရေးမှူး နိုင်ဂျွန်ကိန်းက “ဒီလို အပြောင်းအလဲလုပ်ပြီးဆိုတာနဲ့ ချက်ချင်းတော့ သတင်းရတယ်။ မတူပီမှာပဲ မဟုတ်ဘဲနဲ့ ချင်းပြည်နယ်မှာက စစ်ရေး စတင် တင်းမာမှု ဖြစ်ပွားနေတဲ့ နေရာတွေလည်း ရှိနေပြီ။ ။ မနှစ်ကထက်တော့ ဒီနှစ်ပိုပြီး စကစဘက်က စစ်ရေး တင်းမာမှုတွေ ပိုပြီးတော့ လုပ်လာလိ့မ်မယ်။ မတူပီမှာလည်း စစ်ရေးသတင်းတွေ ပို့လာတဲ့ သတင်းအရ သူတို့အပြင်အဆင်တွေ လုပ်နေတယ်။ ဘယ်အချိန် ထွက်လာမလဲ မသိဘူးလို့ ကြားသိရတယ်။ တင်းမာမှု ပိုလုပ်မယ် ဆိုတဲ့ဟာတော့ လုပ်သွားနိုင်တယ်။ ကျနော်တို့ဘက်ကလည်း အမြဲတမ်း အဆင်သင့် ဖြစ်နေဖို့ ပြင်ထားတယ်” ဟု ပြောသည်။
ထို့အပြင် မတူပီတွင် ရဲဘော်ထိခိုက်သေဆုံးမှု များပြားသည် ဗျူဟာမှူးကို နယ်လုံးဝန်ကြီးအဖြစ် ဆက်လက်ခန့်အပ်သည်ကို မည်သည့်အကြောင်းကြောင့် မသိသော်လည်း သံသယရှိသည်ဟု ၎င်းက ဆက်ပြောသည်။
မတူပီမြို့ ဗျူဟာတွင်လည်း အရေးယူမှု၊ အပြောင်းအရွှေ့ ပြုလုပ်မှုများ အများအပြား ရှိနေပြီး ဗျူဟာမှူး အပြောင်းအလဲများလည်း မကြာခဏ ဖြစ်နေသည်၊၊ လက်ရှိဗျူဟာမှူး အသစ်ကိုလည်း မည်သူမည်ဝါ ဖြစ်သည်ကို အတည်ပြု စုံစမ်း၍မရ ဖြစ်နေသည်ဟု မတူပီ CDF တာဝန်ရှိသူက ပြောသည်။
မင်းတပ်မြို့ စစ်ကောင်စီအထိုင်စခန်းတွင်လည်း စစ်ကောင်စီက ခေါင်းဆောင်ပိုင်းကို အပြောင်းအလဲ လုပ်ထားသည်ဟု ဒေသခံတချို့က ပြောသည်။
ချင်းပြည်နယ်တွင် စစ်ကောင်စီ၏ နယ်/လုံဝန်ကြီး အစားထိုးမှုသည် စစ်ရေးဗျူဟာ အပြောင်းအလဲ ပြုလုပ်ဖို့ ဖြစ်လိမ့်မည်ဟု ယူဆကြောင်း၊ ယင်းအပြင် တပ်ရင်းအလိုက် အပြောင်းအလဲများကိုလည်း ပြုလုပ်နေပြီး တပ်သားများ CDM ပြုလုပ်မည်ကို စစ်ကောင်စီက လွန်စွာ စိုးရိမ်နေသည်ဟု Chinland Joint Defense Committee (CJDC) အထွေထွေအတွင်းရေးမှူး ဆလိုင်းတီမီက ပြောသည်။
“ချင်းပြည်နယ်က လက်ရှိ စစ်ရေးအခြေအနေကတော့ ထိုးစစ်ဆင်တာတော့ သူတို့ဘက်က သိပ်မရှိဘူး။ စစ်ရေးက ငြိမ်သက်နေတဲ့ အခြေအနေမှာ ရှိနေတယ်။ ကျနော်တို့ ကာကွယ်ရေးဘက်ကလည်း အများကြီး ပြင်ဆင်ထားတာတော့ ရှိပါတယ်။ သူတို့ ထိုးစစ်မဆင်ရင်တော့ စခန်းသိမ်းကိုတော့ ကျနော်တို့ အများကြီးလုပ်ဖို့ ရှိတယ်” ဟု ဆလိုင်းတီမီက ပြောသည်။
ချင်းပြည်နယ်တွင် ခုခံတွန်းလှန်စစ် ပထမနှစ်တွင် စစ်ကောင်စီ တပ်စခန်းကို စီးနင်းသိမ်းပိုက်မှု ၁ ခု သာ ရှိခဲ့သော်လည်း ဒုတိယနှစ်တွင် စစ်ကောင်စီစခန်း ၈ ခု အထိ စီးနင်းသိမ်းပိုက် နိုင်ခဲ့သည်ဟု စက်တင်ဘာ လ ၇ ရက်က ပြုလုပ်သည့် NUG ကာကွယ်ရေးဝန်ကြီးဌာ၏ ခုခံတွန်းလှန်စစ် ၂ နှစ်ပြည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
စစ်ကောင်စီက ဩဂုတ် ၃ ရက်နေ့တွင် ဗိုလ်ချုပ်ကြီး မြထွန်းဦးကို ကာကွယ်ရေးဝန်ကြီးအဖြစ်မှ ဖယ်ရှားပြီး ဗိုလ်ချုပ်ကြီး တင်အောင်ဆန်းကို ပြောင်းလဲခန့်အပ်ပြီးနောက် ယခုလဆန်းပိုင်းတွင်လည်း ခုခံတွန်းလှန်မှု အားကောင်းသည့် ချင်းအပါအဝင် တိုင်းနှင့်ပြည်နယ် ၅ ခုက နယ်/လုံဝန်ကြီးများကို အပြောင်းအလဲ ပြုလုပ်လာခြင်း ဖြစ်သည်။
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် ချင်း၊ စစ်ကိုင်းနှင့် ကရင်နီကို ပြန်လည်ထိန်းချုပ်နိုင်ရေး အတွက် ထိုးစစ်အရှိန်မြှင့်ရန် သူ၏စစ်ဘက်နှင့် အရပ်ဘက် ထိပ်ပိုင်းခေါင်းဆောင်များကို အမိန့်ပေးထားသည်ဟု သိရသည်။
KMG ပေးပို့သည်။