ခေါင်လန်ဖူး‌ဒေသမှာ စစ်အုပ်စုလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့က စစ်လက်နက်ရိက္ခာပို့ဖို့အတွက် ပြည်သူတွေကို အတင်းအဓ္ဓမစေခိုင်းနေ

By MPM 12 စက်တင်ဘာ, 2025 👁

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးဒေသတစ်လျှောက်မှာ အာဏာသိမ်းစစ်အုပ်စုလက်အောက်ခံတပ်တွေနဲ့ ပြည်သူ့စစ်အဖွဲ့ပူးပေါင်းတပ်က ၎င်းတို့ရဲ့ လက်နက်၊ ခဲယမ်းအပါအဝင် ရိက္ခာပို့ဖို့အတွက် ပြည်သူတွေကို အတင်းအဓ္ဓမ အထမ်းထမ်းခိုင်းနေတယ်လို့ ဒေသခံတွေပြောပါတယ်။

လန်ဆယ်ကိုပြန်သိမ်းဖို့လို့ဆိုကာ စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်က ခေါင်လန်ဖူးဒေသတွင်းနေထိုင်တဲ့ ဒေသခံပြည်သူတွေကို ဒီလဆန်းပိုင်းကစပြီး ခေါ်ယူနေတာဖြစ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦး KNG ကို ပြောပါတယ်။

“ဒီနေ့ ချီထုဖန်အုပ်စုထဲက အယောက် ၂၀ ပထမသုတ်အနေနဲ့ စထွက်ရပြီ သူတို့အထမ်း‌ခေါ်တာ မလိုက်ရင် လာဖမ်းမယ်ပြောတယ်” လို့ ပြောပါတယ်။

စက်တင်ဘာလ ၁၁ ရက်နေ့ ဒီနေ့မှာ ပထမဆုံးအသုတ်အနေနဲ့ ချီထုဖန်အုပ်စုထဲက ဒေသခံပြည်သူလူဦးရေ ၂၀ တိတိက အထမ်းစသွားနေရပြီလို့ သူကဆက်ပြောပါတယ်။

ချီထုဖန်ကျေးရွာအုပ်စုထဲမှာ ချီထုဖန်ရွာအပါအဝင် ဒီကွာဒေး၊ ဖဇယ်၊ လာကာလော၊ ရှီးနားကော်၊ ဖါဒါ၊ လူးချီဒီရွာတို့ပါဝင်တယ်လို့သိရပြီး ချီထုဖန်ကျေးရွာအုပ်စုပြီးရင် ရှိန်းခေါင်ရွာအလှည့်ဖြစ်နိုင်တယ်လို့ ဒေသခံတွေဆိုပါတယ်။

ဒေသခံတွေပြောချက်အရ ရှိန်းခေါင်ဘက်က ပြည်သူတွေကို ဆန်၊ ဆီ၊ ဆား စားနပ်ရိက္ခာထမ်းခိုင်းပြီး၊ ခေါင်လန်ဖူးအနီး ချီထုဖန်ကျေးရွာအုပ်စုက လက်နက်ခဲယမ်းထမ်းဖို့ ပြောဆိုထားကြောင်း သိရပါတယ်။

“ရှိန်းခေါင်ကလူတွေဆိုတရုတ်ကနေဝင်တဲ့ အခြေခံစားသောက်ကုန်အဓိက ထမ်းပေးရတာ၊ ခေါင်လန်ဖူးနဲ့ ဒီဘက်က လက်နက်ကျည်တွေထမ်းရတာ။ ဘယ်အထိပို့ရလဲဆိုတာတော့ ဒီနေ့မှ စထွက်တာဆိုတော့ သူတို့ပြန်လာမှ သိရမယ်” လို့ ခေါင်လန်ဖူး‌ဒေသခံအမျိုးသားတစ်ဦး ထပ်ပြောပါတယ်။

တန်ဂူးတန်ပြည်သူ့စစ်တပ်ဟာ လန်ဆယ်ကိုထိုးစစ်ဆင်ဖို့ စစ်လက်နက်ရိက္ခာပြင်ဆင်နေတာဖြစ်ပြီး ထောက်ပို့အတွက် ပြည်သူတွေကို ခုလို အတင်းအဓ္ဓစေခိုင်းနေတာလည်း ဖြစ်ပါတယ်။

“ဒေသခံတစ်ယောက်အနေနဲ့ တိုက်ပွဲရှေ့တန်းကို ပေါ်တာသွားရတဲ့ခံစားချက်က ပြောစရာစကားမရှိလောက်အောင်ပါပဲ။ ဘာလက်နက်မှမရှိပဲ ဘယ်သူသွားချင်မှာလဲ။ ပြည်သူတွေ အထမ်းထမ်းရတဲ့ဘဝ ပြန်ရောက်အေင်လုပ်လာတဲ့ ပြည်သူစစ်ကိုလည်း အလိုမရှိပါဘူး” လို့ နောက်ထပ် ချီထုဖန်ရွာဒေသခံအမျိုးသမီးတစ်ဦး ပြောပါတယ်။

ခုလို စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်ကနေ ရှေ့တန်းပေါ်တာအထမ်းကို အတင်းအဓ္ဓစေခိုင်းနေတာဟာ အဖက်ဖက်က‌နေ ခက်ခဲနေတဲ့ ပြည်သူတွေကို ပိုကြပ်တည်းအောင်လုပ်နေတာဖြစ်တယ်လို့ ဆိုကြပါတယ်။

ခေါင်လန်ဖူးမြို့ဟာ မြန်မာပြည်မြောက်ဖျားပိုင်းမှာရှိပြီး ပူတာအိုခရိုင်ထဲပါဝင်ပါတယ်။

ခရိုင်ရုံးစိုက်ရာ ပူတာအိုမြို့ကနေ (၁၃၂) မိုင်အကွာမှာရှိတဲ့ ခေါင်လန်ဖူးမြို့ဟာ လမ်းပန်းဆက်သွယ်ရေး အလွန်ခက်ခဲတဲ့မြို့ဖြစ်ပြီး မြို့ရဲ့အရှေ့ဘက်မှာ နောင်မွန်မြို့နယ်၊ မချမ်းဘောမြို့နယ်ရှိပြီး၊ တောင်ဘက်မှာ KIA တပ်သိမ်းပိုက်ထားတဲ့ ဆော့လော်မြို့နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်နဲ့ နယ်နမိတ်ချင်းထိစပ်နေတာလည်း ဖြစ်ပါတယ်။

ဆော့လော်မြို့နယ်ထဲက လန်ဆယ်ဒေသဟာ ခေါင်လန်ဖူးနဲ့အနီးဆုံးရွာဖြစ်ပြီး ရွှေအလွန်ထွက်တဲ့ဒေသတစ်ခုဖြစ်ပြီး လက်နက်ကိုင်တပ်တွေအတွက် ဝင်ငွေအများဆုံးရတဲ့ နေရာ‌ဒေသဖြစ်တာကြောင့် လန်ဆယ်ကိုပြန်သိမ်းနိုင်ဖို့ ပြည်သူ့စစ်အဖွဲ့က အပြင်းအထန် စစ်ရေးပြင်ဆင်မှုလုပ်နေတာလို့ ဒေသခံတွေပြောပါတယ်။

အလားတူပဲ ခေါင်လန်ဖူးဒေသအပြင် နောင်မွန်မြို့နယ်ဘက်တွေမှာလည်း ရှေ့တန်းထောက်ပို့ အထမ်းထမ်းဖို့ စည်းရုံးရေးဆင်းပြီး အထမ်းသွားဖို့ စတင်လုပ်ဆောင်နေတဲ့သတင်းကြားနေရကြောင်း ခေါင်လန်ဖူးပြည်သူတွေပြောပါတယ်။

ခေါင်လန်ဖူးကို ရဝမ်ဘာသာဖြင့် (ရဝဲအဒမ်း) ဟုခေါ်ဆိုပြီး အဓိပ္ပါယ်မှာ တောင်ကုန်း၊ တောင်စွယ်ကြားမှ ချိုင့်ဝှမ်းမြို့လို့ခေါ်ဆိုကြောင်း ၂၀၁၈ ခုနှစ် ခေါင်လန်ဖူးမြို့နယ် အ‌‌ထွေထွေအုပ်ချုပ်ရေးရုံး ထုတ်ပြန်ထားပါတယ်။

ကချင်ပြည်နယ်ရဲ့မြို့တော် မြစ်ကြီးနားမြို့ကနေ (၂၁၈) မိုင်အကွာမှာရှ်ိတဲ့ ပူတာအိုမြို့ဟာ ခရိုင်ရုံးစိုက်ရာမြို့ဖြစ်ပြီး ပူတာအိုမြို့နယ်၊ ခေါင်လန်ဖူးမြို့နယ်၊ မချမ်းဘောမြို့နယ်၊ နောင်မွန်းမြို့နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်ဟူ၍ မြို့နယ် ၅ မြို့နယ်နဲ့ဖွဲ့စည်းထားပါတယ်။

ဒီထဲက ဆွမ်ပရာဘွမ်မြို့နယ်ကို KIA သိမ်းပိုက်ထားပြီး ကျန် ၄ မြို့နယ်မှာ စစ်အုပ်စုလက်အောက်ခံတပ်များနဲ့ ပြည်သူ့စစ်အဖွဲ့ ပူးပေါင်းတပ်က ထိန်းချုပ်ထားပါတယ်။

KNG