စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ တောင်ဘက်ခြမ်းရှိ ကျေးရွာများထဲသို့ စစ်ကောင်စီတပ်များက သြဂုတ်လ ၉ ရက် နံနက်ပိုင်းက စစ်ကြောင်းထိုးဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
ခင်ဦးနယ် တောင်ဘက်ခြမ်းရှိ ရွာသန်းကျေးရွာထဲသို့ စစ်ကောင်စီတပ်များက လက်နက်ကြီးငယ်များဖြင့် ပစ်ခတ် ဝင်ရောက်လာပြီး နေအိမ်တချို့အား မီးရှို့ခဲ့တယ်လို့ ဒေသခံစစ်ဘေးရှောင်များက ပြောဆိုသည်။
“ဖြစ်လာပြီဆိုမှတော့ ရှောင်တိမ်းရတာပေါ့၊ အခုက ရာသီဥတု မိုးလေဝသနဲ့ ကလေးတွေရော တော်တော်ဒုက္ခ တွေ့တယ်။ နယ်အေးမှ ပြန်ရတာပေါ့၊ အခုတော့ ရှောင်နေကြရတုန်းပဲ” ဟု ရွာသန်းကျေးရွာခံ တစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်များက လက်နက်ကြီးငယ်များ ပစ်ခတ်ပြီး စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ရွာသန်းကျေးရွာ အနီးဝန်းကျင်ရှိ ရေအေးကုန်း၊ ကျီးပန်၊ ပန်းတွင်း၊ လက်ပံလှ ကျေးရွာများမှ ဒေသခံ ၅၀၀၀ ကျော်လည်း အလားတူ တိမ်းရှောင်ထွက်ပြေး နေကြရကြောင်း အဆိုပါဒေသခံများထံက သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ရွာသန်းကျေးရွာသို့ ရွှေဘိုနယ်၊ ဖုတ်ကုန်း ပျူများနှင့် လေ့ကျင့်ရေး (၈) က စစ်ကောင်စီ လက်အောက်ခံအဖွဲ့ အင်အား ၁၀၀ နီးပါးဖြင့် ကျေးရွာများကို ဝင်ရောက်လာ၍ မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း ခင်ဦး သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောဆိုထားသည်။
အလားတူ စစ်ကောင်စီတပ်များသည် အင်းပတ်ကျေးရွာများသို့လည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက် ခဲ့သည့်အတွက် မြကန်နှင့် ချမ်းသာကုန်းကျေးရွာများက ဒေသခံ ၃၀၀၀ ခန့်သည်လည်း တိမ်းရှောင်နေကြရကြောင်း သိရှိရသည်။ (NN-25)
နိရဉ္စရာ ပေးပို့သည်။