ကျိုက်ထိုတွင် အငြိမ်းစား ဒု-ဗိုလ်မှူးကြီး မိသားစု သေနတ်ဖြင့် ပစ်ခတ်ခံရ

By MPM 10 စက်တင်ဘာ, 2023 👁

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့တွင် အငြိမ်းစား ဒုတိယဗိုလ်မှူးကြီး မိသားစု သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဇနီးဖြစ်သူသေဆုံးပြီး သားဖြစ်သူလည်း မျက်လုံးကျည်ဖေါက်ဝင် ဒဏ်ရာရရှိခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

စက်တင်ဘာလ ၈ ရက်နေ့ ညနေ ၅ နာရီခန့်က အငြိမ်းစား ဒု-ဗိုလ်မှူးကြီးဦးအောင်လွင်နှင့် ဇနီးတို့သည် သားဖြစ်သူကို ကျောင်းကြိုပြီး အပြန် ကျိုက်ထိုမြို့၊ တောင်သူစုရပ်ကွက်ရှိ ၎င်းတို့နေအိမ်ရှေ့တွင် သေနတ်သမား နှစ်ဦးက ဆိုင်ကယ်ဖြင့် ရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ခြင်း ဖြစ်သည်ဟု မြို့ခံများက ပြောဆိုသည်။

မြို့ခံတစ်ဦးက “သေနတ်သမားက နှစ်ယောက် ဆိုင်ကယ်နဲ့ အသင့်စောင့်နေတာထင်တယ်။ ဦးအောင်လွင်တို့က ကားနဲ့ ပြန်လာတဲ့အချိန်မှာ ပစ်ခတ်သွားတာ။ သူ့ဇနီးကတော့ ပွဲချင်းပြီးသေဆုံးသွားတာ။ သူနဲ့ သူ့သားကတော့ ဒဏ်ရာရသွားတယ်။ ကလေးရဲ့ ဒဏ်ရာကလည်း ပြင်းတယ်လို့ သိရတယ်” ဟု ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် အငြိမ်းစားဒုဗိုလ်မှူးကြီး ဦးအောင်လွင်၏ဇနီးမှာ ဦးခေါင်းကျည်ဖောက်ဝင် ဒဏ်ရာဖြင့် အခင်းဖြစ်ပွားရာ နေရာတွင် သေဆုံးခဲ့ပြီး ဦးအောင်လွင်သည် ဘယ်ဘက်လက်တွင် ကျည်ရှပ်ထိမှန် ဒဏ်ရာနှင့် သားဖြစ်သူမှာ ဘယ်ဘက်မျက်လုံးကျည်ဖောက်ဝင် ဒဏ်ရာရရှိခဲ့သည်ဟု မြို့ခံများထံမှ သိရသည်။

အငြိမ်းစားဒုဗိုလ်မှူးကြီး ဦးအောင်လွင်သည် ကျိုက်ထိုမြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းဝင် (YMBA) တစ်ဦးဖြစ်ကြောင်း နှင့် ၎င်းတို့ကို ကျိုက်ထိုဆေးရုံတွင် ပို့ဆောင်ထားသည်ဟု မြို့ခံများထံမှ သိရသည်။

အငြိမ်းစားဒုဗိုလ်မှူးကြီး ဦးအောင်လွင်မိသားစု ပစ်ခတ်ခံရမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက စစ်ဆေးမှုများ လုပ်ဆောင်နေပြီး၊ ထိုပစ်ခတ်မှုအပေါ် မည်သည့်အဖွဲ့အစည်းကမှ တစုံတရာ ထုတ်ပြန်လာခြင်း မရှိသေးဟု မြို့ခံများက ပြောသည်။

ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ အကြား ပစ်ခတ် တိုက်ခိုက်မှု မကြာခဏ ဖြစ်ပွားလေ့ရှိပြီး စစ်ကောင်စီတပ်ဘက်က ဒေသခံများကို ဖမ်းဆီးတာ၊ နေအိမ် ချိပ်ပိတ်တာ လုပ်ဆောင်နေသည်ဟု ဒေသခံများက ဆိုသည်။

အလားတူ ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ ရဲများအပြင် စစ်ကောင်စီတပ်နှင့် ပတ်သက်သူ၊ စစ်ကောင်စီ သတင်းပေးဆိုသူများကို ဖမ်းဆီးတာ သတ်ဖြတ်တာတွေလည်း ရှိနေသည်ဟု ဒေသခံများထံက သိရသည်။

IMNA ပေးပို့သည်။