ကျပ် ၂ သောင်းတန်ထွက်ပြီး မြင့်တက်လာသည့် ကုန်စျေးနှုန်းကြောင့် စစ်ရှောင်ကူညီရေးအဖွဲ့များ ပိုခက်ခဲနေ

By MPM 5 စက်တင်ဘာ, 2023 👁

စစ်ကောင်စီထုတ် ငွေကျပ် ၂ သောင်းတန် ထွက်ရှိလာပြီးနောက် တဟုန်ထိုး မြင့်တက်လာသည့် ကုန်စျေးနှုန်းကြောင့် ကရင်နီပြည် စစ်ဘေးရှောင်ပြည်သူများအား ကူညီပံ့ပိုးပေးနေသည့် စစ်ရှောင်ကူညီရေးအဖွဲ့များက ကူညီလှူဒါန်းမှုအပိုင်းမှာ အခက်ခဲများစွာ ရှိလာတယ်လို့ ပြောဆိုသည်။

“ဒီငွေ ၂ သောင်းတန် ထွက်ပြီးတဲ့နောက်မှာ တော်တော်လေး ကျပ်တည်းနေကြတယ်။ နောက်ပြီး ကုန်စျေးနှုန်းတွေလည်း အကုန်ကျပ်တည်းလာကြတယ်လေနော်။ အရင်ကဆို ၁၅၀၀ တန်ဆို ၃၀၀၀ နီးပါး တက်တဲ့အခါကြတော့ တော်တော်လေး ဒုက္ခရောက်တယ်ဗျ” လို့ ကရင်နီပြည် စစ်ဘေးရှောင်ကူညီရေးအသင်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။

တော်လှန်ရေးကာလ ကြာမြင့်လာတာကြောင့် အလှူငွေ ထည့်ဝင်ကူနိုင်မှု နည်းလာသည့်အပြင် ကုန်စျေးနှုန်း ကြီးမြင့်မှုကြောင့်လည်း စစ်ဘေးရှောင်ကူညီသူများ အခက်အခဲပိုများလာတယ်လို့လည်း ပြောဆိုသည်။

အထူးသဖြင့် အခြေခံစားရိက္ခာဖြစ်သည့် ဆန်စျေးများ တဟုန်ထိုးမြင့်တက်လာပြီး ရိုးရိုးဆန်တစ်အိတ် လျှင် ကျပ် ၆သောင်းဖြင့် ဝယ်ယူနေကြရာမှ ယခုအခါ ဆန်တစ်အိတ်လျှင် ကျပ် ၁ သိန်း အထိ ပေးဝယ်ယူနေရတယ်လို့ စစ်ဘေးရှောင်ကူညီသူများက ပြောသည်။

“နိုင်ငံခြားငွေက မြင့်တက်ပြီးတော့ မြန်မာငွေစျေး တန်ဖိုးကျဆင်းတဲ့အချိန်မှာ ကျမတို့အနေနဲ့လည်း စျေးပိုပေးရတဲ့ဟာမျိုးတွေ ရှိတယ်။ ဒါတွေကတော့ ကျမတို့အဖွဲ့တစ်ဖွဲ့တည်း မဟုတ်ဘူး မြေပြင်မှာရှိတဲ့ အဖွဲ့တိုင်း ကြုံနေရမယ့်ဟာလို့တော့ ထင်ပါတယ်” လို့ စစ်ရှောင်ကူညီရေးအဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ Dove KK မှ မတန်ခူးက ဆိုသည်။

အဆိုပါ Dove KK အဖွဲ့သည် စစ်ရှောင်ကူညီရေးအပြင် ဆေးကုသပိုင်း၊ ပညာရေးနဲ့ ရဲဘော်များ လိုအပ်ချက်ဆိုင်ရာပါ ကူညီလုပ်ဆောင်ပေးနေသည့် အဖွဲ့တစ်ဖွဲ့ဖြစ်ကြောင်း သိရသည်။

အခက်အခဲအမျိုးမျိုးကြောင့် အလှူရှင်များ မလာရောက်နိုင်သည့်အချိန်တွင် စစ်ရှောင်စခန်းများ၌ စားရိက္ခာ ပြတ်လပ်မှုများ မကြာခဏ ဖြစ်ပေါ်နေတယ်လို့ ဒီးမော့ဆို အနာက်ဘက်ခြမ်းရှိ စစ်ရှောင်တစ်ဦးက ပြောသည်။

“ဒီစားနပ်ရိက္ခာ မဖူလုံမှုကနေ တဆင့် ဒီလိုပေါ့နော် စစ်ရှောင်တွေမှာ စိတ်ဓါတ်ကျပြီး ခံစားချက်တွေ ဖြစ်လာနိုင်တယ်။ အားငယ်တဲ့စိတ်တွေ နောက် ဒီစစ်ပွဲတွေကြောင့်ပေါ့ သူတို့ ဒီလိုဒုက္ခတွေ ခံစားနေရတယ် ဆိုတာ သိမြင်လာရတယ်”လို့ အဆိုပါစစ်ရှောင်က ပြောဆိုသည်။

လက်ရှိအချိန်ထိ ကရင်နီပြည်တွင် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် ၂ သိန်း ခွဲကျော် ရှိနေပြီ စစ်ဘေးရှောင်အများစုမှာ ဒီးမော့ဆိုမြို့နယ်အတွင်း၌ ရှိနေကြောင်း စစ်ဘေးရှောင် ကူညီသူများက ပြောသည်။

ကန္တာရဝတီတိုင်း(မ်) – ပေးပို့သည်။