စစ်အုပ်စုတပ်နှင့် ပူးပေါင်းထားသည့် DKBA ဗိုလ်ဘိတပ်ဖွဲ့သည် ကော့ကရိတ်မြို့ မြောက်ပိုင်း၊ မြပတိုင် ကျေးရွာအုပ်စုရှိ ကျေးရွာများမှ ဒေသခံစစ်ဘေးရှောင်နေထိုင်သူများ၏ နေအိမ်များကို ဖောက်ထွင်းဝင်ရောက်၍ အသုံးအဆောင်ပစ္စည်းများကို သယ်ယူနေကြောင်း စစ်ဘေးရှောင်ရွာသား သတင်းအရင်းအမြစ်က ပြောသည်။
အဆိုပါ စစ်ရှောင်ပြည်သူများ၏ ပစ္စည်းများကို ကားဖြင့်သယ်ယူပြီး ဖားအံမြို့ဘက်သို့ သယ်ယူနေခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ စစ်ရှောင်ရွာသားတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
၎င်းက “သူတို့ နဘူးလမ်းခွဲကနေ ၆ ရက်နေ့ကစပြီး နောင်ထပ္ပံ၊ မြပတိုင်၊ နန်းအီခက်ကနေ နဘူး ၅၄၇/၅၄၈ စစ်တပ်ဘက်ကို ဗိုလ်ဘိအဖွဲ့တွေ စစ်တပ်ကို လမ်းပြလုပ်ပြီး ဝင်လာတယ်။ စစ်သားတွေ နဘူးအထိ ရောက်သွားတာနဲ့ ရွာအိမ်တွေ အကုန်ဝင်ဖောက်ယူတာပဲ။ နန်းအီခက် စာသင်ကျောင်းရှေ့ကို စုပုံထားပြီး ကျုံဒိုး ၅၄၅ တပ်က DKBA ဗိုလ်ဘိအဖွဲ့တွေ သူတို့နေတဲ့ ကြာအင်းပါ်တော်မူဘက် ပြန်သယ်တယ်” ဟု ပြောသည်။
၎င်းအပြင် အဆိုပါ ရက်ပိုင်းအတွင်း နေအိမ်များသို့ ပြန်လာသည့် ရွာသား ၁၀ ဦးကျော်အား နန်းအီခက် ကျေးရွာဘုန်းကြီးကျောင်း၌ လူသားဒိုင်းအဖြစ် ဖမ်းဆီးထားပြီး DKBA ဗိုလ်ဘိ စစ်ကြောင်း အင်အား ၃၀၀ ခန့်မှ ကော့ကရိတ်နဘူးလမ်းခွဲမှ နဘူး–ထို့ကော်ကိုးလမ်းပိုင်းအထိ တပ်ဖြန့်ချထားကြောင်း သိရသည်။
“ပထမဖမ်းထားတာ အယောက် ၂၀ လောက်ရှိတယ်။ အုပ်ချုပ်ရေးမှူးတွေ ဘုန်းကြီးတွေ ပြောလို့ ၁၀ ယောက် လူသားဒိုင်းလုပ်ဖို့ ချန်ပြီး ကျန်တဲ့အသက်ကြီးတဲ့သူတွေ ပြန်လွှတ်လိုက်တယ်။ အဲဒီလူတွေ ဘုန်းကြီးကျောင်းမှာ ဗိုလ်ဘိအဖွဲ့တွေကို ထမင်းချက်ကူနေရတယ်။ ပြန်မလွှတ်သေးဘူး” ဟု စစ်ရှောင်နေရသူ နောက်ထပ်သတင်းအရင်းအမြစ်တစ်ခုက ပြောသည်။
လက်ရှိတွင် စစ်အုပ်စု တပ်စစ်ကြောင်းနှင့် DKBA ဗိုလ်ဘိတပ်ဖွဲ့များသည် မြပတိုင်၊ နောင်တပွဲ၊ ထီဖိုးစံ ကျေးရွာလမ်းပိုင်းမှ ဒေါနတောင်၊ အောက်ဘိုတဲ မြဝတီလမ်းဟောင်းဘက်သို့ စစ်ဆင်တိုက်ခိုက်ရန် မြပတိုင်ရွာတွင် လက်နက်ကြီးပစ်ကူနေရာများ ပြုလုပ်ပြင်ဆင်ထားလျက်ရှိသည်ဟု တော်လှန်ရေး သတင်းအရင်းအမြစ်က ပြောသည်။
ယခုစွပ်စွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာ DKBA ဗိုလ်ဘိအဖွဲ့ဘက်မှ တုန့်ပြန်မှုရရှိရန် ကေအိုင်စီက ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။
ကေအိုင်စီ