ကလေးမြို့မြောက်ပိုင်း ပြည်တော်သာကျေးရွာနေ အသက် ၃၀ အရွယ်ခန့်ရှိ ချင်းအမျိုးသမီးတစ်ဦးသည် စစ်ကောင်စီတပ်ဖွဲ့၏ ရိုက်နှက်စစ်ဆေးမှုခံခဲ့ရသည့် ဒဏ်ရာများကြောင့် စက်တင်ဘာလ ၅ ရက်က သေဆုံးခဲ့ကြောင်း ၎င်းနှင့်နီးစပ်သူများထံမှ သိရသည်။
ချင်းအမျိုးသမီး မဒိုဒိတ်ဟွဲသည် ဩဂုတ်လက ပြည်တော်သာရွာမှ ကလေးမြို့သို့ ဆိုင်ကယ်ဖြင့် သူငယ်ချင်းနှင့်အတူ သွားရာလမ်းတွင် စစ်ကောင်စီတပ်ဖွဲ့များမှ စစ်ဆေးမှုပြုလုပ်ပြီး အကြောင်းပြချက်မရှိဘဲ သွေးထွက်သည်အထိ ပါးရိုက်နားရိုက်ခံခဲ့ရသည်ဟု ၎င်းနှင့် နီးစပ်သူတစ်ဦး ပြောပါသည်။
ထို့သို့ရိုက်နှက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့များက သူမစီးလာသည့် ဆိုင်ကယ်၊ ဖုန်းနှင့် ပိုက်ဆံအိတ်များကို လုယူခဲ့ပြီးနောက် ပြန်လွှတ်ခဲ့ကြောင်း ၎င်းနှင့် နီးစပ်သူ၏ ပြောဆိုမှုအရ သိရသည်။
ယင်းသို့ ရိုက်နှက်ခံရပြီးနောက် ဩဂုတ်လ ၂၈ ရက်နေ့ မနက်စာ စားနေစဉ် ခေါင်းမူးခေါင်းကိုက်၊ ကိုယ်လက်ကိုက်ခဲမှုများ ခံစားခဲ့ရပြီး တစ်ပါတ်အတွင်း သတိလစ်မေ့မျောခဲ့ကြောင်း ၎င်းနှင့်နီးစပ်သူ အမျိုးသမီးက အခုလို ပြောသည်။
“သူအရိုက်ခံရပြီး တစ်ပါတ်ကျော် နှစ်ပါတ်လောက်မှာ မနက်စာစားရင်း ခေါင်းမူးခေါင်းကိုက်ဖြစ်ပြီးတော့ မူးလဲသွားတယ်။ အဲဒီအချိန်ကစပြီး တစ်ပါတ်အတွင်း သတိပြန်မရဘူး၊ မေ့မျောသွားတယ်၊ ဆေးရုံပို့ စစ်ဆေးပေမယ့် ရောဂါမတွေ့လို့ သူတို့ဆန္ဒအတိုင်း မန်းလေးသွားမယ်ပေါ့ မနေ့ကကျ လမ်းမှာ ဆုံးသွားတယ်” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့၏ ရိုက်နှက်မှုကြောင့် သေဆုံးခဲ့ရသော မဒိုဒိတ်ဟွဲ၏ ရုပ်အလောင်းအား သူမရပ်ရွာသို့ ပြန်လည် သယ်ဆောင်လာကာ စက်တင်ဘာ ၆ ရက် မွန်းလွဲ ၃ နာရီတွင် ခရစ်ယာန်ထုံးစံအတိုင်း ဝတ်ပြု အလောင်းသဂြိုလ်မည်ဟု သိရသည်။
လွန်ခဲ့သည့် ဩဂုတ်အတွင်းကလည်း ကလေးမြို့ မွန်လိုင်ရပ်ကွက်နေ အမျိုးသားတစ်ဦးသည် မြို့ထဲသို့ သွားလာရာမှာ စစ်ကောင်စီတပ်များက သွေးထွက်သံယို ဖြစ်သည်အထိ ရိုက်နှက်စစ်ဆေးမှုကြောင့် ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
KMG ပေးပို့သည်။