သတင်းမြင်ကွင်း

By MPM 20 ဇွန်, 2026 👁

အင်ဒို၊ ထိုင်းနှင့် အာဆီယံ၏ မြန်မာ့အ‌ရေးချဉ်းကပ်မှုများ

အာဆီယံ၏ လက်ရှိ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ဖြစ်သူ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာလာဇာရို (M. Theresa Lazaro) က မြန်မာတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ (EROs) နှင့် မကြာခင်ရက်ပိုင်းအတွင်း တွေ့ဆုံသွားရန်ရှိကြောင်း ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ NIKKEI FORUM တွင် ပြောဆိုခဲ့သည်။ အာဆီယံအနေဖြင့် အကူအညီများ ထိရောက်စွာပေးအပ်နိုင်ရေးအတွက် မြန်မာနိုင်ငံ၏ လက်ရှိမြေပြင်အခြေအနေများကို သေချာစွာသိရှိနိုင်ရန် တွေ့ဆုံရန်ပြင်ဆင်နေခြင်းဖြစ်သည်ဟုလည်း ဆိုပါသည်။

အခြားတဖက်တွင်တော့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ဆူဂီယိုနိုသည် နေပြည်တော်ရှိ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) မင်းအောင်လှိုင်အား ဇွန်လ ၈ ရက်နေ့တွင် လာရောက်တွေ့ ဆုံခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွင်း အားလုံးပါဝင်ပြီး ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးဖန်းတီးမှုကို ထောက်ခံကြောင်း ကတိကဝတ်ပြုခဲ့ပြီး မြန်မာနိုင်ငံရှိ သက်ဆိုင်သူအားလုံးနှင့် ပူး ပေါင်းဆောင်ရွက်ရန်နှင့် ပဋိပက္ခများအား ငြိမ်းချမ်းစွာဖြေရှင်းရန် ကြိုးပမ်းမှုများကို အားပေးပံ့ပို့းရန်အသင့်ရှိကြောင်း ပြောဆိုခဲ့သည်ဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ထို့အပြင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုသည်မှာ မြန်မာကိုယ်တိုင်ဦးဆောင်၍ မြန်မာပိုင်သည့်လုပ်ငန်းစဉ်ဖြစ်ရမည်ဟု ၎င်းတို့က ယုံကြည်ထားပြီး မြန်မာနိုင်ငံ၏ အခြေအနေအရပ်ရပ် အား ဖြေရှင်းရာတွင် အထောက်အပံ့ဖြစ်စေမည့် မူဘောင်တစ်ရပ်အဖြစ် အာဆီယံဘုံသဘောတူညီချက် (၅) ချက်ကို အကောင်အထည်ဖော်ရန် အလွန်အရေးကြီးကြောင်းကိုလည်း အင်ဒီုနီးရှားနိုင်ငံခြားရေးဝန်ကြီးက အလေးပေးပြောဆိုခဲ့သည်ဟု ဆိုပါသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ်ဖုန်ကတ်ကီရေ (Sihasak Phuangketkeow) ကတော့ အာဆီယံအဖွဲ့ဝင် နိုင်ငံအချို့သည် မြန်မာအာဏာသိမ်းစစ်အုပ်စုနှင့်ပတ်သက်ပြီး ၎င်းတို့၏ချဉ်းကပ်မှုများကို ပြန်လည်သုံးသပ်ရန် ဆန္ဒရှိနေကြပြီး အထီးကျန်ဖြစ်နေသည့် မြန်မာနိုင်ငံကို မလိုချင်ကြတော့ပြီဟု ထင်မြင်ကြောင်း ပြောဆိုထားပါသည်။

ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် အာဆီယံအကြား တံတားတစ်စင်းဖြစ်လာရန် ရည်ရွယ်ထားပြီး မြန်မာအာဏာသိမ်းစစ်အုပ်စုအနေဖြင့်မူ အကြမ်းဖက်မှုများလျော့ချရေး၊ ယုံကြည်စိတ်ချရသော တွေ့ဆုံဆွေးနွေးမှုများနှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်နိုင်ရေး စသည့် အာဆီယံ ဘုံသဘောတူညီချက် (၅) ချက် အကောင်အထည်ဖော်နိုင်မှုအပေါ် အာဆီယံနိုင်ငံများ၏ စိုးရိမ်မှုများကို ဖြေးရှင်းပေးရမည်ဟု ဆီဟာဆက်က ပြောဆိုခဲ့ပါသည်။

ဆိုရသော် လက်ရှိ အာဆီယံအလှည့်ကျဥက္ကဌ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးနှင့် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးတို့၏ မြန်မာ့အရေး၊ မြန်မာ့အကြပ်အတည်း ဖြေရှင်းရေးချဉ်းကပ်ပုံသည် အားလုံးပါဝင် သော တွေ့ဆုံဆွေးနွေးရေး ဦးတည်ပြီး အာဆီယံဘုံသဘောတူချက် (၅) ချက် အကောင်အထည်ဖော်ရေးကို တွန်းအားပေးနေကြောင်း သိသာစေပြီး ထိုင်းနိုင်ငံကမူ မြန်မာစစ်အုပ်စုအား အာဆီယံအတွင်း ပြန်လည်နေရာပေးနိုင်ရေးအတွက် တံတားအတင်းထိုးရန်သာ ဦးတည်နေသည်ဟု ဆိုရပါမည်။

ထို့ကြောင့် အမေရိကန်အပါအဝင် ကုလသမဂ္ဂ၊ အီးယူစသော နိုင်ငံတကာအဖွဲ့အစည်းများကအစ မြန်မာ့အရေးဖြေရှင်းရေးအတွက် ထောက်ခံအားပေးခြင်း၊ တာဝန်လွှဲအပ်ခြင်းခံထားရသည့် အာဆီယံအဖွဲ့ ကြီးနှင့် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အာဏာသိမ်းစစ်အုပ်စုနှင့်သာမကဘဲ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ (EROs) အပါအဝင် ပဋိပက္ခအတွင်း ပါဝင်ပတ်သက်သူများအားလုံးကို ရိုးသားပွင့်လင်းစွာ ထိတွေ့ဆက်ဆံဖို့လိုအပ်ကြောင်း တင်ပြအပ်ပါသည်။

1. Philippines foreign minister says she plans to meet Myanmar ethnic groups soon, The Straits Times, 10 June 2026
2. In Naypyidaw, Foreign Minister Sugiono expressed Indonesia’s solidarity with humanity and support for peace in Myanmar. 9 June 2026
3. ‘The ground is shifting somewhat’: ASEAN does not want an isolated Myanmar, says Thai foreign minister, CNA, 5 Jun 2026