
လက်ရှိ အာဆီယံအလှည့်ကျဥက္ကဌ တာဝန်ယူထားသည့် ဖိလစ်ပိုင်နိုင်ငံတော့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အာဆီယံအထူးကိုယ်စားလှယ်ကို တွေ့ခွင့်ပေးဖို့ ၂၀၂၆ ခုနှစ် မေလ ၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ယင်းသို့ တွေ့ဆုံခွင့်ပေးမှသာ မြန်မာနိုင်ငံရှိ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးနှင့် စေ့စပ်နိုင်လိမ့်မည်ဟု ဆိုပါသည်။ ထို့အပြင် အမျိုးသားရင်ကြားစေ့ရေးအတွက် စစ်မှန်သည့် ကတိကဝတ်ကို ဖော်ပြနိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်အား သူမ၏မိသားစုဝင်များနှင့် တွေ့ဆုံခွင့်ပေးရမည်ဟုလည်း ဖိလစ်ပိုင်နိုင်ငံက တောင်းဆိုထားပါသည်။
မေလ ၇ ရက်မှ ၉ ရက်နေ့အထိ ပြုလုပ်သည့် ဖိလစ်ပိုင်နိုင်ငံ စီဘူးမြို့ရှိ (၄၈) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်နှင့် ၎င်း၏ နိုင်ငံခြားရေးဝန်ကြီးတို့ တက်ရောက်ခွင့်မရဘဲ အာဆီယံ၏ ဖယ်ကြဉ်ခြင်းကို ဆက်လက်ကြုံတွေ့ခဲ့ရသည်။ ဖိလစ်ပိုင်သမ္မတ မားကို့စ်က မြန်မာစစ်ခေါင်းဆောင်ကိုယ်တိုင် သဘောတူခဲ့သည့် အကြမ်းဖက်မှုများ ရပ်တန့်ရေး၊ သက်ဆိုင်သူအားလုံးပါသော တွေ့ဆုံဆွေးနွေးရေး စသော ဘုံသဘောတူညီချက် (၅) ရပ်ကို အကောင်အထည်ဖော်ခြင်းမရှိသဖြင့် အဖွဲ့ဝင်နိုင်ငံများက စိတ်ပျက်ခဲ့ရကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
မေလ (၈) ရက်၊ အာဆီယံအလှည့်ကျဥက္ကဌ၏ ထုတ်ပြန်ချက်တွင်တော့ မြန်မာနိုင်ငံတဝှမ်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေ၊ ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းနှင့် အာဆီယံဘုံသဘောတူညီချက် (၅) ချက် အကောင်အထည်ဖော်နိုင်စွမ်း နည်းပါးမှုအပေါ် အလွန်စိုးရိမ်ကြောင်း ဖော်ပြထားသည်။ သို့သော် အနှီဘုံသဘောတူညီချက် (၅) ချက်အား ဆက်လက်တည်ရှိမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ပြီး အရပ်သားပြည်သူများနှင့် အများပြည်သူပိုင်အခြေခံအဆောက်အအုံများအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများအား ရှုတ်ချကြောင်း ဖော်ပြထားသည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် အကျဉ်းသားများ လွှတ်ပေးခြင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား နေရာပြောင်းရွှေ့ခြင်းတို့အပေါ် ကြိုဆိုသော်လည်း ကျန်ရှိနေသေးသည့် နိုင်ငံရေးအကျဉ်းသားများအားလုံးကို လွှတ်ပေးရန် တောင်းဆိုထားပါသည်။