
အတိုင်ပင်ခံပုဂ္ဂိုလ်
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ဘာပြစ်မှုကိုမျှ မယ်မယ်ရရပြစရာမရှိဘဲ အာဏာသိမ်းစစ်အုပ်စု၏ ဖမ်းဆီးခြင်းခံထားရသူ နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကို ၂၀၂၆ ခုနှစ် ဧပြီလ ၁၇ ရက်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) မင်းအောင်လှိုင်က လွှတ်ပေးခဲ့သည်။ သို့သော် ဧပြီလ ၁၈ ရက်မှစပြီး နေပြည်တော်ရှိ သမ္မတဦးဝင်းမြင့်နှင့် မိသားစုနေထိုင်ရာ နေအိမ်အား အာဏာသိမ်းစစ်အုပ်စုက လုံခြုံရေးတင်းကျပ်စွာ စောင့်ကြည့်စစ်ဆေးနေကြောင်း သိရသည်။ နိုင်ငံတော်သမ္မတအား သွားရောက်တွေ့ဆုံခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကိုပင် ဧပြီလ ၁၈ ရက်နေ့၊ ညသန်းခေါင်ယံအချိန်တွင် ခေါ်ယူစစ်ဆေးခဲ့သည်ဟု ဆိုပါသည်။ ၁ ထို့ကြောင့် အတုအယောင်ရွေးကောက်ပွဲဖြင့် သမ္မတအမည်ခံလာသော အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အမိန့်ဖြင့် လွတ်မြောက်လာသူ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ အခြေအနေသည် “လွှတ်သော်လည်း မလွတ်” ဟု ဆိုရမည်ဖြစ်သည်။
အာဏာသိမ်းစစ်အုပ်စုအား ဆန့်ကျင်တော်လှန်နေကြသည့် တော်လှန်ရေးအင်အားစုများနှင့် အမေရိကန်၊ ကနေဒါ၊ အီးယူ၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကမူ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တစ်ယောက် အကျဉ်းထောင်မှ လွတ်မြောက်လာခြင်းကို ကြိုဆိုကြသော်လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားများအားလုံးကို ချွင်းချက်မရှိ လွှတ်ပေးရန် တောင်းဆိုလျက်ရှိပါသည်။
တဆက်တည်းတွင် စစ်အာဏာသိမ်းကာလတလျှောက် လူမြင်ကွင်းမှ ပျောက်ဆုံးနေသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အသက်ရှင်သန်မှုနှင့် ကျန်းမာရေးအခြေအနေများကို သူမ၏ သားဖြစ်သူအပါအဝင် တော်လှန်ပြည်သူတရပ်လုံးက စိုးရိမ်လျက်ရှိပြီး ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သေးကြောင်း သက်သေပြရန် လှုပ်ရှားမှုများပြုလုပ်လာသည်ကို တွေ့ရပါသည်။ ၂၀၂၆ ခုနှစ် ဧပြီလ ၃၀ ရက်တွင်တော့ ဒေါ်အောင်ဆန်းစုကြည်အား ၎င်းတို့သတ်မှတ်ထားသည့် နေအိမ်သို့ ပြောင်းရွေ့ကာ ပြစ်ဒဏ်ခံယူစေကြောင်း စစ်အုပ်စုက သတင်းထုတ်ပြန်ခဲ့သည်။

စစ်အုပ်စု အသိအမှတ်ပြုရေးအတွက် တရုတ်နှင့် ထိုင်း ခြေရှုပ်လာ
အတုအယောင်ရွေးကောက်ပွဲ၊ ဟန်ပြရွေးကောက်ပွဲအဖြစ် မြန်မာပြည်သူလူထုအပါအဝင် နိုင်ငံတကာအသိုင်းအဝန်းကပါ တရားဝင်အသိအမှတ်ပြုဖို့ တွန့်ဆုတ်နေခဲ့သည့် မြန်မာပြည်က အာဏာသိမ်းစစ်ခေါင်းဆောင်၏ အတုအယောင် သမ္မတအပြောင်းအလဲကို အိမ်နီးချင်း တရုတ်အစိုးရနှင့် ထိုင်းအစိုးရတို့က တရားဝင်ထိတွေ့ဆက်ဆံမှုများ စတင်လာကြပြီဖြစ်သည်။
၂၀၂၆ ခုနှစ် ဧပြီလ ၂၂ ရက်၊ နေပြည်တော်ခရီးစဉ်အတွင်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာဆီဟာဆတ် ဖုန်ကတ်ကီရော (Sihasak Phuangketkeow) က အာဆီယံနှင့် မြန်မာအကြား ထိတွေ့ဆက်ဆံမှုများ ပိုများလာဖို့အတွက် အာဆီယံဘုံသဘောတူညီချက် (၅) ချက်ကို အကောင်အထည်ဖော်ရေးနှင့် အကောင်အထည်ဖော်ရာတွင်လည်း ၎င်းတို့အနေဖြင့် ဦးဆောင်ပါဝင်ဖို့ အသင့်ရှိကြောင်း ပြောဆိုခဲ့သည်။ သို့သော် အာဆီယံအဖွဲ့ကြီး၏ စိုးရိမ်ချက်များကိုတော့ ဖြေရှင်းပေးရလိမ့်မည်ဟု မြန်မာစစ်ခေါင်းဆောင်အား မစ္စတာဆီဟာဆက်က ပြောဆိုခဲ့သည်။
အခြားတဖက်တွင်တော့ အိမ်နီးချင်းတရုတ်အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ (Wang Yi) သည် မြန်မာအပါအဝင် ထိုင်း၊ ကမ္ဘောဒီးယားနိုင်ငံတို့အား ဧပြီလ ၂၂ ရက်မှ ၂၆ ရက်အထိ (၅) ရက်ကြာခရီးကို စတင်ခဲ့သည်။ မစ္စတာဝမ်ရိသည် ကမ္ဘောဒီးယား၊ ထိုင်းနိုင်ငံတို့မှတဆင့် ဧပြီလ ၂၅ ရက်နေ့တွင် မြန်မာနိုင်ငံသို့ လာရောက်ကာ နေပြည်တော်ရှိ အာဏာသိမ်းစစ်ခေါင်းဆောင်အား တွေ့ဆုံမည်ဟု သိရသည်။ တရုတ်အစိုးရသည် အာဏာသိမ်းစစ်ခေါင်းဆောင်၏ သမ္မတဖြစ်လာမှုကို ရုရှား၊ ဘယ်လာရုနိုင်ငံများနှင့်အတူ အသိအမှတ်ပြုထားသည့် အိမ်နီးချင်းအစိုးရတစ်ရပ်ဖြစ်သည်။
၁။ သမ္မတဦးဝင်းမြင့်ကို စစ်အုပ်စု လုံခြုံရေးတင်းကျပ်၊ သွားရောက်တွေ့ဆုံသူ ဒေါက်တာမျိုးညွန့်ကို ခေါ်ယူစစ်ဆေး၊ မဇ္ဈိမ၊ ၂၁ ဧပြီ ၂၀၂၆