
၂၀၂၆ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် ကျင်းပသော အမေရိကန်ပြည်ထောင်စု၊ နယူးရောက်မြို့ရှိ ကုလသမဂ္ဂအထွေထွေညီလာခံ၏ အလွတ်သဘောအစည်းအဝေးတွင် မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ဂျူလီဘစ်ရှော့ပ် (Julie Bishop) က သူမတွေ့ရှိခဲ့ရသည့် အခြေအနေများကို တင်ပြခဲ့ရာ ၂၀၂၅ ခုနှစ်သည် စစ်အာဏာသိမ်းကာလတလျှောက် အာဏာသိမ်းစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ကလေးငယ်များသေဆုံးမှု အများဆုံးနှစ်ဖြစ်ခဲ့သည်ဟု ဆိုပါသည်။
ထို့အပြင် ကမ္ဘာလုံးဆိုင်ရာ ဆိုက်ဘာရာဇဝတ်မှုလုပ်ငန်းများ၏ ဗဟိုချက်မဖြစ်နေသည့် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် စားနပ်ရိက္ခာအကျပ်အတည်းအဆိုးရွားဆုံး (၆) နိုင်ငံထဲက တစ်နိုင်ငံဖြစ်လာပြီး နိုင်ငံတဝှမ်း စစ်ရေးပဋိပက္ခဖြစ်စဉ်များကြောင့် ပြည်တွင်းနေ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသူပေါင်း ၃ ဒသမ ၇ သန်းကျော်အထိရှိနေကြောင်း အထူးသံတမန်က တင်ပြခဲ့သည်။
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် ၎င်းတို့ ကမကထပြုကျင်းပသည့် ရွေးကောက်ပွဲကို “လွတ်လပ်ပြီး တရားမျှသည့် ရွေးကောက်ပွဲ” အဖြစ် ညွှန်းဆိုဝါဒဖြန့်နေသော်လည်း မြေပြင်အခြေအနေအရ လုံခြုံရေး တင်းကျပ်မှုများ၊ မဲပေးသူနည်းပါးမှု၊ အဓိကနိုင်ငံရေးပါတီများ ပါဝင်ခွင့်မရခြင်းနှင့် စစ်ရေးပဋိပက္ခများ ကျယ်ပြန့်စွာ အရှိန်မြင့်ဖြစ်ပွားနေခြင်းအပြင် အာဏာသိမ်းစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများလည်း ဆက်ဖြစ်နေတာကြောင့် ကုလသမဂ္ဂအနေဖြင့် စစ်အုပ်စု၏ ရွေးကောက်ပွဲကို ထောက်ခံခြင်းမျိုး၊ စောင့်ကြည့်လေ့လာခြင်းမျိုး မပြုလုပ်ခဲ့ကြောင်း မစ္စဂျူလီဘစ်ရှော့ပ်က ဆိုပါသည်။
စစ်အုပ်စု၏ ရွေးကောက်ပွဲကာလတလျှောက် နိုင်ငံတဝှမ်း စစ်ရေးပဋိပက္ခဖြစ်စဉ်များနှင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေခဲ့ပြီး အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုများရှိခဲ့သလို ကျေးလက်နေပြည်သူများသည် အာဏာသိမ်းစစ်တပ်အပါအဝင် ဒေသတွင်း လက်နက်ကိုင်အစုအဖွဲ့များ၏ အတင်းအဓမ္မ လုပ်အားပေးခိုင်းခြင်း၊ အတင်းအကျပ် စစ်သားစုဆောင်းခံရခြင်းအပြင် စစ် ဆေးရေးဂိတ်များရှိ လက်နက်ကိုင်များ၏ ငွေကြေးတောင်းခံမှုကြောင့် ခရီးသွားလာခွင့်နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ပို့ဆောင်ခွင့်တို့ကို ကြီးမားစွာ ကန့်သတ်ခံနေရကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးသံတမန် မစ္စဂျူလီဗစ်ရှော့က တင်ပြခဲ့ပါသည်။ ၁

ထူးခြားတိုက်ဆိုင်စွာဖြင့် အာဏာသိမ်းစစ်အုပ်စု၏ အဓမ္မဖမ်းဆီးခံ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့တွင် တင်ပြခဲ့သော ကုလအထူးသံတမန်၏ တင်ပြချက်များသည် အာဏာသိမ်းစစ်အုပ်စု၏ ဟန်ပြမျက်နှာဖုံးကို ခွာချခဲ့သလို ဖြစ်ခဲ့ရသည်။
၂၀၂၆ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ထုတ်၊ အာဏာသိမ်းစစ်တပ်လက်အောက်ခံ ရတနာပုံသတင်းစာတွင်တော့ “An Open Letter to the United Nations Secretary – General (1)” ဟု ခေါင်းစဉ်တပ်ကာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် မစ္စဂျူလီဘိရှော့ (Ms. Julie Bishop) အား ပုဂ္ဂိုလ်ရေးဆိုင်ရာ စွပ်စွဲပုတ်ခတ်ကာ ဝါဒဖြန့်ထားသည်ကို တွေ့ရသည်။ “ကောင်း ကျိုးမပေးသည့် သံတမန်”၊ “လူမှုရေးဆိုင်ရာ အားနည်းချက်ရှိသူ”၊ “အနိုင်ကျင့်စရိုက်ရှိသူ” စသဖြင့် သုံးနှုန်းကာ ဝါဒဖြန့်ရေးသားဖြန့်ဝေခဲ့ပါသည်။
၁။ “Records are being set for all the wrong reasons,” Julie Bishop, Special Envoy of the Secretary-General on Myanmar, briefed an informal meeting of the UN General Assembly on the deteriorating situation in the country. UNIFEED ၊ ၁၉ ဇွန် ၂၀၂၆