နှစ်ပတ်အတွင်း သတင်းမြင်ကွင်း

By MPM 9 ဧပြီ, 2026 👁 1

စောင့်ကြည့်ရမည့် စုပေါင်းခေါင်းဆောင်မှု သို့မဟုတ် SCEF

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ (ERO) (၄) ဖွဲ့တို့ ပူးပေါင်းကာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်ရေး ဦးဆောင်ကောင်စီ (SCEF) ကို ဖွဲ့စည်းနိုင်ခဲ့ပြီဖြစ်သည်။ ERO (၄) ဖွဲ့အဖြစ် ကချင်လွတ်လပ်ရေးတပ်မတော် (KIO)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့ ပါဝင်ကြောင်း မတ်လ ၃၀ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မူလကတည်းက ရရှိထားပြီးဖြစ်သည့် ဘုံနိုင်ငံရေးသဘောတူညီချက်များအတိုင်း နိုင်ငံရေးဦးတည်ချက် (၆) ရပ်ကို ချမှတ်ကာ ပြည်နယ်/ ဖက်ဒရယ်ယူနစ်/ ERO ကိုယ်စားပြုမဏ္ဍိုင်၊ ပြည်သူ့ကိုယ်စားပြုမဏ္ဍိုင်နှင့် အမျိုးသမီးကိုယ်စားပြုမဏ္ဍိုင်တို့ကို အခြေခံဖွဲ့စည်းထားသည့် SCEF အနေဖြင့် လုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် အချုပ်အခြာအာဏာကို ပြည်နယ်/ ဖက်ဒရယ်ယူနစ်များအတွင်း နေထိုင်ကြသော ပြည်သူလူထုက ပိုင်ဆိုင်ကြပြီး ဖက်ဒရယ်နှင့် ပြည်နယ်/ ဖက်ဒရယ်ယူနစ်များအကြား “မျှဝေသုံးစွဲသော အချုပ်အခြာအာဏာ (Shared Sovereignty)” မူကို ကိုင်စွဲသွားမည်ဟု ဆိုပါသည်။ နိုင်ငံရေးဆုံးဖြတ်ချက်များ ချမှတ်ရာတွင်လည်း ERO များ၊ ဒီမိုကရေစီတော်လှန်ရေးအင်အားစုများ၊ အမျိုးသမီးအစုအဖွဲ့များနှင့် ပြည်သူ့ကိုယ်စားလှယ်များ၏ သဘောထားအမြင်များ ထင်ဟပ်သည့် “စုပေါင်းခေါင်းဆောင်မှု (Collective Leadership)” ဖြင့် ဖော်ဆောင်သွားမည်ဟု ဆိုပါသည်။

ထို့အပြင် SCEF ကောင်စီဝင်အဖွဲ့အစည်းများအနေဖြင့် မတူကွဲပြားမှုများအပေါ် အပြန်အလှန်လေးစားမှု၊ အသိအမှတ်ပြုမှုတို့ကို အခြေခံ၍ မူဝါဒတရပ်တည်း၊ မဟာဗျူဟာတရပ်တည်း (One policy, One strategy) မူဝါဒကို ကျင့်သုံးကာ စစ်ရေး၊ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးကဏ္ဍများကို ဟန်ချက်ညီ ပူးတွဲလုပ်ဆောင်သွားမည်ဟု ဆိုပါသည်။ လက်ရှိ တော်လှန်ရေးကို တဆင့်တက်၍ အသွင်ကူးပြောင်းမှုကာလ အစီအမံများကို အတည်ပြုကာ အသွင်ကူးပြောင်းရေးအစိုးရတရပ် ဖွဲ့စည်းနိုင်ရန်၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းစဉ်များကို လက်တွေ့အကောင်အထည်ဖော်နိုင်စေရန်အတွက် စစ်ရေး၊ နိုင်ငံရေး၊ ဖက်ဒရယ်ရေးနှင့် အင်စတီကျူးရှင်းဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းလမ်းညွှန်ဖော်ဆောင်နိုင်ရန် SCEF က ရည်မှန်းထားသည်ကို တွေ့ရသည်။

SCEF သည် စောင့်ကြည့်ရမည့် စုပေါင်းခေါင်းဆောင်မှု အစုအဖွဲ့အသစ်တစ်ရပ်ဟု ဆိုရမည်ဖြစ်သည်။

စစ်အုပ်စု၏ အတုအယောင် အပြောင်းအလဲ

အာဏာသိမ်းစစ်အုပ်စုသည် ၎င်းတို့၏ အတုအယောင် ရွေးကောက်ပွဲကို အကြောင်းပြုပြီး ကြိုတင်တွက်ဆထားသည့်အတိုင်းပင် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) မင်းအောင်လှိုင်ကို သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ပြီး စစ်အာဏာသိမ်းကာလအတွင်း နိုင်ငံတော်ဝန်ကြီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီး (ငြိမ်း) ညိုစောကို ဒုသမ္မတ (၁) အဖြစ် ပြန်လည်နေရာချလာခဲ့သည်။

အတုအယောင်ရွေးကောက်ပွဲအလွန် အာဏာသိမ်းစစ်အုပ်စု၏ အုပ်ချုပ်ရေးယန္တရားကို လေ့လာကြည့်ပါက အုပ်ချုပ်ရေးကဏ္ဍတွင် အာဏာသိမ်းစစ်ခေါင်းဆောင်ကိုယ်တိုင် ဦးဆောင်ပြီး လွှတ်တော်ကဏ္ဍတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌဖြစ်သူ ရဲချုပ်ဟောင်း၊ အငြိမ်းစားဗိုလ်မှူးချုပ်ခင်ရီနှင့် စစ်အာဏာသိမ်းအတွင်း စစ်ခေါင်းဆောင် အလွန်အားထားရသည့် ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးတို့ကို ဦးဆောင်စေခဲ့သည်။ အာဏာသိမ်းစစ်ခေါင်းဆောင်သည် ဝန်ကြီးဌာန (၃၁) ခုပါ ၎င်း၏ အစိုးရအဖွဲ့ကို ပြည်ထောင်စုလွှတ်တော်သို့ အဆိုပြုထားပြီး ရွေးကောက်ပွဲကော်မရှင်ရုံး၊ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး၊ တရားသူကြီးချုပ်နှင့် ရှေ့နေချုပ်တို့ကို မပြောင်းမလဲ ဆက်လက်ခန့်အပ်ထားပါသည်။

အာဏာသိမ်းစစ်ခေါင်းဆောင်အနေဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ်မှ အနားယူခဲ့ရသော်လည်း ၎င်းကိုယ်တိုင်စိတ်ကြိုက် ရွေးချယ်ခန့်အပ်ထားသည့် တပ်ချုပ်အသစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ဒုတပ်ချုပ်အသစ် ဗိုလ်ချုပ်ကြီးကျော်စွာလင်းတို့ကိုလည်း  ဆက်လက်ထိန်းချုပ်ထားနိုင်မည့်အစီအမံများကို ပြင်ဆင်ထားသည်ကိုလည်း တွေ့ရသည်။

ထို့ကြောင့် အာဏာသိမ်းစစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲအလွန် အပြောင်းအလဲသည် လူပုဂ္ဂိုလ်ရေးရာပြောင်းလဲမှုမျိုး သိသာစွာမမြင်တွေ့ရဟု ဆိုရမည်ဖြစ်သည်။