
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ (ERO)များနှင့် အခြားတော်လှန်ရေးအင်အားစုများ ပူးပေါင်းပြီး အစုအဖွဲ့အသစ်အဖြစ် ဖက်ဒရယ်ဦးဆောင် ကောင်စီ(FSC)ကို ဖွဲ့စည်းရန် သက်ဆိုင်ရာတော်လှန်ရေးအင်အားစုများအသီးသီးနှင့် ဆွေးနွေးညှိနှိုင်းတိုင် ပင်နေကြောင်း သိရသည်။ ဇန်နဝါရီလ ၂၅ ရက်နေ့၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နှင့် NUG အကြား တွေ့ဆုံမှုတွင်လည်း တော်လှန်ရေးအင်အားစုများအကြား သဘောထားကွဲလွဲမှုများကို ညှိ နှိုင်းဖြေရှင်းနိုင်ရေးဆွေးနွေးခဲ့သလို FSC နှင့် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များလည်း ပါဝင်ခဲ့သည်ဟု ဆိုပါသည်။

အာဏာသိမ်းစစ်အုပ်စုက ကျင်းပသည့်အပိုင်းလိုက် ရွေးကောက်ပွဲ (၃) ခုစလုံး ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ စစ်တပ်ကျောထောက်နောက်ခံပြုထားသည့် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ စစ်ယူနီဖောင်းချွတ် အမတ်လောင်းများသာ အများဆုံးအနိုင်ရှိခဲ့သည်။ အခြားတဖက် တွင်တော့ ရွေးကောက်ပွဲဆန့်ကျင်သည်ဟုဆိုကာ အရပ်သားပြည်သူ (၄၀၀) ကျော်ကို ဖမ်းဆီးအရေးယူထားသည်။
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးက မူ ၎င်းတို့ကျင်းပသည့် ရွေးကောက်ပွဲကို နိုင်ငံတကာမှ အသိအမှတ်မပြုခြင်းအပေါ် နားမလည်နိုင်ဟု ဆိုပါသည်။

၂၀၂၆ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဌတာဝန်ယူထားသည့် ဖိလစ်ပိုင်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စမာရီယာ ထရက်ဆာ ပရဲညိုလာဇာရိုဟာသည် နေပြည်တော်ရှိ အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် သွားရောက်တွေ့ဆုံခဲ့သလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တိုင်းရင်းသားလက်နက် ကိုင်တော်လှန်ရေးအဖွဲ့ (ERO) ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ အထူးသဖြင့် အာဆီယံ၏ ဘုံသဘောတူညီ ချက် (၅) ချက် (5PC) ကို အကောင်အထည်ဖော်ဖို့အတွက် အမြင်ချင်းဖလှယ်ခြင်း၊ ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့သည်ဟု ဆိုပါသည်။

၂၀၂၅ ခုနှစ်အတွက် အာဆီယံအလှည့်ကျဥက္ကဌ တာဝန်ယူခဲ့သော မလေးရှားနိုင်ငံ၏ နိုင်ငံခြားရေးဝန် ကြီး မိုဟာမက် ဟာဆန်ကတော့ မြန်မာအာဏာသိမ်း စစ်တပ်ဦး ဆောင်ကျင်းပသည့် ရွေးကောက်ပွဲအပေါ် အာဆီယံ၏ ချဉ်းကပ်ဆုံးဖြတ်ခဲ့ပုံများကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့က မလေးရှားနိုင်ငံ လွှတ်တော် အမတ်များနှင့် တွေ့ဆုံစဉ်ရှင်းလင်းခဲ့ပါသည်။
အာဆီယံအနေဖြင့် အဆိုပါရွေးကောက်ပွဲများ၏ စစ်မှန်မှုကို အသိအမှတ်ပြု ထောက်ခံမည်မဟုတ်သလို ရွေးကောက်ပွဲစောင့်ကြည့်ရေး ကိုယ်စားလှယ်အဖွဲ့ စေ လွှတ်ပေးရေး စစ်အုပ်စု၏တောင်းဆိုမှုကိုလည်း ငြင်း ဆန်ပယ်ချခဲ့သည်ဟု ဆိုပါသည်။