ငွေကြေး၊ လက်နက်၊ တရားဝင်မှုကို ဖြတ်တောက်ခြင်းအားဖြင့် စစ်ကောင်စီကို ဆန့်ကျင်ကြရမည်ဖြစ်…

By MPM 11 ဇူလိုင်, 2025 👁

ဇွန်လ ၁၉ ရက်၊ ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့်မွေးနေ့ကို မြန်မာနိုင်ငံအခြေစိုက် ဥရောပသမဂ္ဂ၊ ဆွီဒင်၊ အမေရိကန်၊ ယူကေ၊ အီတလီ၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ အစရှိသည့် သံရုံးများက ဂုဏ်ပြုသောအားဖြင့် ပရိုဖိုင်းပုံပြောင်းလဲခြင်း၊ ဒေါ်အောင်ဆန်းစုကြည်ပုံတင်ထားခြင်းဖြင့် ဆုတောင်းပေးထားကြသည်။ ထို့အပြင် ဒေါ်အောင်ဆန်း စုကြည်နှင့်အတူ အခြားသောမတရားဖမ်းဆီး ထိန်းသိမ်းထားသူများကို လွှတ်ပေးရန်တောင်းဆိုကြောင်း အမေရိကန်သံရုံးက ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ၏ ဆိုးရွားနေသည့်အကျပ်အတည်းကို စိုးရိမ်မိကြောင်း QUAT အဖွဲ့ဝင်များဖြစ်သည့် အမေရိကန်၊ အိန္ဒိယ၊ ဂျပန်နှင့် သြစတြေးလျနိုင်ငံတို့ကလည်း ဇူလိုင်လ ၁ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တွင် တွေ့ဆုံဆွေးနွေးပြီးနောက် စုပေါင်းကြေညာချက် ထုတ်ပြန်ခဲ့သည်။ မြန်မာ့အကျပ်အတည်းကြောင့် ဒေသတွင်း ရိုက်ခတ်မှုနှင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ ပြန့်နှံ့မှုကို စိုးရိမ်ကြောင်းနှင့် မြန်မာ့အကျပ်အတည်း ဖြေရှင်းရန် အာဆီယံဘုံသဘောတူညီချက် ၅ ရပ် အထမြောက်ရေးကို ပြည်ပြည့်ဝ၀ ဖော်ဆောင်ရန် တိုက်တွန်းပြီး အာဆီယံ၏ အားထုတ်မှုတွေကိုလည်း အပြည့်အဝထောက်ခံကြောင်း ထုတ်ပြန်ထားသည်။

ကိုးရီယား Sungkonghoe တက္ကသိုလ်မှ အာရှ NGO များဆိုင်ရာ အရင်းအမြစ်စင်တာ ဒါရိုက်တာ ပတ်အွန်းဟွန်နှင့် နယ်စည်းမခြား ဒီမိုကရေစီကျောင်း၏ လက်ထောက်ခေါင်းဆောင် ဂျွန်ရေးရင်တို့သည် ဇွန် ၁၃ ရက်တွင် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ကို ရောက်ရှိလာခဲ့ကြပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံကာ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် PDF တပ်ဖွဲ့ဝင်များကို ဆေးဝါးကုသရန် ငွေကြေးပံ့ပိုးပေးခဲ့သည်။ ထို့အပြင် တောင်ကိုရီးယား၏ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကကျသည့်ပြဿနာတွေအကြောင်း ပညာပေးဗီဒီယိုကိုလည်း မျှဝေခဲ့သည်။

အိန္ဒိယနိုင်ငံ မီဇိုရမ်မြို့တော် အိုက်ဇောလ်အနီးရှိ ဆိုက်ရမ်/စီမွှေးရွာမှတဆင့် လောင်တလိုင်ခရိုင် မြန်မာနယ်စပ်အထိ ရထားလမ်းဖောက်လုပ်ရန်အတွက် ပဏာမစစ်တမ်းကောက်ယူမှု ပြီးဆုံးပြီဖြစ်သော်လည်း မြေပုံကို နောက်ဆုံးအတည်ပြုချက်မရသေးကြောင်း မီဇိုရမ်အထက်လွှတ်တော်အမတ် အထက်က ပြောခဲ့သည်။ ထိုရထားလမ်းသည် ၂၂၃ ကီလိုမီတာရှည်လျားပြီး မြန်မာနိုင်ငံ၊ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်စပ်နှင့် တကီလိုမီတာခန့်ရှိသော ဇိုရင်းပွီး အာသံရိုင်ဖယ်တပ်စွဲရာနေရာအထိ ရထားလမ်းဖောက်လုပ်ရန် စီစဥ်နေခြင်းဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံရှိ အိန္ဒိယသံရုံးသည် ရန်ကုန်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးချုပ်ရှေ့တွင် ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ နှစ်ပြည့်မွေးနေ့ဂုဏ်ပြုသည့်အနေဖြင့် မွေးနေ့လက်ဆောင် ပန်းခြင်း ပေးပို့ခဲ့သည်။

ရုရှားနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးနှင့် စစ်ကောင်စီလက်အောက်ခံ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဒေါက်တာကံဇော်တို့အကြား ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်ကို ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့တွင် ကျင်းပသည့် (၂၈) ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ် တက်ရောက်ခဲ့စဉ်အတွင်း လက်မှတ်ရေးထိုးခဲ့သည်။ ထိုသဘောတူစာချုပ်သည် နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံသူများအတွက် အခြေအနေကောင်းများကို ဖန်တီးပေးနိုင်ပြီး အပြန်အလှန်ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ မြှင့်တင်နိုင်မည်ဖြစ်ကာ ဥပဒေအရလည်း အကာအကွယ်ပေးသွားနိုင်မည်ဟု စစ်ကောင်စီကဆိုသည်။

မလေးရှားနိုင်ငံမြို့တော် ကွာလာလာမ်ပူတွင် ကျင်းပသည့် ၃၈ ကြိမ်မြောက် အာရှ-ပစိဖိတ် အစည်းအဝေးတွင် မလေးရှားဝန်ကြီးချုပ်က မြန်မာ့ပြည်တွင်းပဋိပက္ခသည် အရှေ့တောင်အာရှ၏ အပြင်းထန်ဆုံးနှင့် မဖြေရှင်းနိုင်သေးသည့် စိန်ခေါ်မှုတစ်ခုဖြစ်ပြီး အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရာတွင် ထုတ်ပြန်ချက်များထက် ကျော်လွန်ပြီး လုပ်ဆောင်ချက်တွေကို အသွင်ပြောင်းသင့်ကြောင်းနှင့် ထိုစိန်ခေါ်မှုတွေကို ရင်ဆိုင်ရန်အတွက် အာဆီယံအနေဖြင့် အကြမ်းဖက်မှုများ တိုးမြင့်မလာစေရန်နှင့် မြန်မာနိုင်ငံက ဦးဆောင်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ရာတွင် မိတ်ဖက်အားလုံး ပူးပေါင်းဆောင်ရွက်ရန် အာဆီယံအဖွဲ့ဝင်များကို တိုက်တွန်းထားပါသည်။

ကမ္ဘာ့ကုလသမဂ္ဂအနေဖြင့် မြန်မာအာဏာသိမ်းစစ်ကောင်စီက ပြုလုပ်မည့်ရွေးကောက်ပွဲကို အသိမှတ်ပြုလက်ခံမည်မဟုတ်ကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် တွမ်အင်ဒရူးက ဇွန်လ ၂၅ ရက်တွင် ပြုလုပ်သည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ ၅၉ ကြိမ်မြောက် အစည်းအဝေးတွင် ပြောကြားခဲ့သည်။ ငွေကြေး၊ လက်နက်၊ တရားဝင်မှုကို ဖြတ်တောက်ခြင်းအားဖြင့် စစ်ကောင်စီကို ဆန့်ကျင်ကြရမည်ဖြစ်ပြီး စစ်ကောင်စီရွေးကောက်ပွဲကို အသိမှတ်မပြုခြင်းဖြင့် တရားဝင်မှုကိုလုပ်ဆောင်ရန် တာဝန်ရှိကြောင်းနှင့် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အဆိုပါရွေးကောက်ပွဲကို ဟန်ပြရွေးကောက်ပွဲအဖြစ်၊ လိမ်လည်မှုအဖြစ် ရှုံ့ချသင့်ကြောင်း တိုက်တွန်းထားပါသည်။

၁။ ဥရောပသမဂ္ဂနှင့် ဆွီဒင်၊ ပြင်သစ်၊ ကနေဒါသံရုံးများ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အတွက် ဆုတောင်း၊ ဧရာဝတီ၊ ဇွန် ၁၉၊ ၂၀၂၅။
၂။ မြန်မာအခြေအနေ ဆိုးရွားမှုနဲ့ ဒေသတွင်းရိုက်ခတ်မှုကို စိုးရိမ်မိပါတယ် – Quad နိုင်ငံခြားရေးဝန်ကြီးများ၊ ဘီဘီစီ၊ ဇူလိုင် ၂ ၂၀၂၅။
၃။ ဒဏ်ရာရ PDF များကို ကိုရီးယား အရပ်ဘက်အဖွဲ့အစည်းများ သွားရောက်ကူညီ၊ ဒီဗွီဘီ၊ ဇွန်လ ၁၉ ရက် ၂၀၂၅။
၄။ အိန္ဒိယ-မြန်မာနယ်စပ်ရထားလမ်းစီမံကိန်း ပဏမစစ်တမ်းကောက်ယူမှုပြီးစီးဟုဆို မဇ္ဈိမ၊ ဇွန် ၂၅ ရက် ၂၀၂၅။
၅။ အိန္ဒိယသံရုံးမှ ရန်ကုန် NLD ရုံးချုပ်ရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့လက်ဆောင် ပန်းခြင်းပေးပို့၊ မဇ္ဈိမ ဇွန် ၂၀ ရက် ၂၀၂၅။
၆။ မြန်မာ့အရေး ပိုမိုခိုင်ခိုင်မာမာလုပ်ဆောင်ရန် အာဆီယံအဖွဲ့ဝင်များကို မလေးရှားဝန်ကြီးချုပ် တိုက်တွန်း၊ ဒီဗွီဗီ၊ ဇွန် ၂၀ ရက် ၂၀၂၅။
၇။ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် အကာကွယ်ပေးရေး စစ်ကောင်စီနှင့် ရုရှား သဘောတူစာချုပ် ချုပ်ဆို၊ မဇ္ဈိမ ဇူလိုင် ၁ ရက် ၂၀၂၅။
၈။ စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲကို ကုလသမဂ္ဂ လက်မခံ၊ ဧရာဝတီ၊ ဇူလိုင် ၁ ရက် ၂၀၂၅။