ထူးထူးခြားခြား ပဋိပက္ခဆိုင်ရာ အချက်အလက်များ

By MPM 26 ဇန်နဝါရီ, 2026 👁

၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်း၏ နှစ်ပတ်တာအတွင်း နိုင်ငံတဝှမ်းတိုက်ပွဲဖြစ်ပွားမှုသည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်း နှစ်ပတ်တာအတွင်း တိုက်ပွဲဖြစ်ပွားမှုများထက် ပိုမိုများပြားခဲ့သည်ကို တွေ့ရသည်။ တဆက်တည်းတွင်း တိုက်ပွဲဖြစ်စဉ်များအတွင်း စစ်ကောင်စီတပ်သား သေဆုံးမှုအရေအတွက် ပိုများလာခဲ့သလို အာဏာသိမ်းစစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများလည်း ပိုမိုမြင့်တက်လာခဲ့သည်။

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်နှင့် ပဲခူးတိုင်းအနောက်ခြမ်း ပန်းတောင်းမြို့နယ်အစပ်၊ ရိုးတောင်ကျော်လမ်းရှိ ပွိုင့် (၆၆၆) နှင့် တပ်မတော်ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ (ကပစ – ၁၆) အကြားတွင် ဖြစ်ပွားသော အာဏာသိမ်းစစ်တပ်နှင့် အာရက္ခတပ်တော် (AA) အကြား တိုက်ပွဲအတွင်း စစ်အုပ်စုဘက်မှ ဒုဗိုလ်မှူးကြီးအဆင့်အပါအဝင် တပ်သား (၂၅) ဦးခန့် သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်သား သေဆုံးမှုအများဆုံး တိုက်ပွဲဖြစ်ခဲ့သည်။

ပဲခူးတိုင်း ကျောက်တံခါးမြို့နယ်အတွင်းရှိ ပဲနွယ်ကုန်မြို့၊ ရန်ကုန် – မန္တလေး လမ်းဟောင်းအနီး ကြိမ်ခါးကုန်းကျေးရွာကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများကို အမျိုးသားညီညွတ်ရေးညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းများ၊ အထူး ကွန်မန်ဒိုတပ်ရင်းများက တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူးအဆင့်ရှိ စစ်ကြောင်းမှူးအပါအဝင် စစ်ကောင်စီတပ်သား (၂၀) ခန့် သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ အဆိုပါ ဇန်နဝါရီလ ၁၂ ရက်နေ့ တိုက်ခိုက်မှုအတွင်း စစ်အုပ်စုဘက်မှ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သလို လက်နက်ကြီးများ ပစ်ခတ်ခဲ့သဖြင့် ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့၊ နံနက် (၇) နာရီခန့်တွင်တော့ ပဲနွယ်ကုန်းမြို့၊ ရွှေဝါကျေးရွာအခြေစိုက် စစ်ကောင်စီတပ်၏ အမှတ် – ၃၀၇ ခြေမြန်တပ်ရင်း (ခမရ – ၃၀၇) မှ ပစ်ခတ်သော လက်နက်ကြီးများ ကျရောက်ပေါက်ကွဲသဖြင့် ကျောက်တံခါးမြို့နယ် ဘုရားကုန်ကျေးရွာအတွင်းရှိ အသက် (၇၈) နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် ဇနီးဖြစ်သူ အသက် (၇၀) အရွယ် ဇနီးဖြစ်သူတို့ သေဆုံးခဲ့ရပြီး အသက် (၁၆) အရွယ် မြေးဖြစ်သူလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ပြီးခဲ့သည့် နှစ်ပတ်တာထက် ပိုများလာခဲ့သည့် အာဏာသိမ်းစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကို လေ့လာကြည့်လျှင်တော့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများဖြစ်သည့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့သည် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုအခံရဆုံး ဒေသများဖြစ်ခဲ့သည်ကို တွေ့ရသည်။

စစ်ကိုင်းတိုင်း ခင်ဦး၊ ချောင်းဦး၊ ယင်းမာပင်၊ ဝက်လက်၊ ကန့်ဘလူ၊ ဘုတလင်၊ ကျွန်းလှ၊ ရေဦး၊ မော်လူး၊ အင်းတော်၊ ကသာ စသည့် မြို့နယ်များအတွင်း အာဏာသိမ်းစစ်အုပ်စုက လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါဖြစ်စဉ်များအတွင်း သေဆုံးသူအရပ်သားပြည်သူအရေအ တွက် (၂၁) ဦးအထိ ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူ (၅၆) ဦးအထိရှိကာ ကျေးရွာ၊ စာသင်ကျောင်းနှင့် ဘာသာရေးအဆောက်အအုံများသည် လေကြောင်းတိုက်ခိုက်မှုများ၏ အဓိကပစ်မှတ်များ ဖြစ်ခဲ့သည်။

ချုပ်၍ဆိုရမူ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ၏ ပထမနှစ်ပတ်တာအတွင်း နိုင်ငံတဝှမ်းတိုက်ပွဲဖြစ်စဉ်များအရ တော်လှန်ရေးအင်အားစုများ၏ တော်လှန်ထိုးစစ်လှုပ်ရှားမှုများ ပိုအားကောင်းလာခဲ့သည်ဟု ဆိုရပါမည်။ ဒေသအလိုက် လေ့လာကြည့်ပါက တနင်္သာရီ၊ ရခိုင်၊ ပဲခူးအရှေ့ခြမ်းနှင့် မကွေးတိုင်းစသည့် ဒေသများတွင် တိုက်ပွဲဖြစ်စဉ် (၅) ခုနှင့်အထက် ဖြစ်ပွားခဲ့ပြီး ချင်း၊ မွန်၊ ရှမ်းတောင်ပိုင်း၊ နေပြည်တော်၊ မန္တလေး၊ ကရင်၊ ကရင်နီ (ကယား)၊ ကချင်နှင့် ဧရာဝတီဒေသများတွင်လည်း စစ်အုပ်စုနှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်စဉ်များကို တွေ့ရပါသည်။

ထို့ကြောင့် သတင်းပတ်နှစ်ပတ်တာအတွင်း နေပြည်တော်အပါအဝင် တိုင်းနှင့် ပြည်နယ် (၁၄) ခုတွင် တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းကို ထောက်ရှုကြည့်ပါက တော်လှန်ရေးအင်အားစုများ၏ တော်လှန်ထိုးစစ်လှုပ်ရှားမှုများသည် နယ်မြေဒေသအားဖြင့် ကျယ်ပြန့်လာခဲ့သည်ဟု ဆိုနိုင်ပါသည်။