
နိဒါန်း
အတုအယောင် ရွေးကောက်ပွဲ၊ တရားမဝင်ရွေးကောက်ပွဲ၊ နိုင်ငံရေးထောင်ချောက်၊ လုပ်ပွဲ စသော စစ်အုပ်စုကျင်းပမည့် ရွေးကောက်ပွဲအသစ်ကို ကန့်ကွက်ရှုတ်ချနေကြသည့်တိုင် အပိုင်း (၁) အဖြစ် ရွေးကောက်ပွဲကျင်းပမည့်ရက်ကိုပင် အာဏာသိမ်းစစ်အုပ်စုက ကြေညာခဲ့ပြီဖြစ်သည်။ မြို့နယ်ပေါင်း (၁၀၂) မြို့နယ်အတွင်း ကျင်းပမည့် စစ်အုပ်စု၏ ရွေးကောက်ပွဲအသစ် အပိုင်း (၁) သည် ပြည်သူများ ဆန္ဒမဲပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ ရွေးကောက်ခံအမတ်များရှိရုံ၊ ရွေးကောက်ပွဲကျင်းပသည့် မဲဆန္ဒနယ်အဖြစ် အမည်ခံသပ်သပ် ကြေညာရုံဖြင့်လည်း အထမြောက်သည်ဟု စစ်အုပ်စုက ခံယူထားပုံရသည်။
ထို့ကြောင့် ကန့်ကွက်ရှုတ်ချခြင်း၊ တရားမဝင်ကြောင်း၊ အသိအမှတ်မပြုကြောင်း ထုတ်ပြန်ကြေညာခြင်း၊ No Vote (မဲ မပေးရေး) လှုပ်ရှားမှုများနှင့် စစ်အုပ်စု၏ ရွေးကောက်ပွဲဖြစ်စဉ်အတွင်း ပူးပေါင်းပါဝင်ပတ်သက်သူများအား ဖိအားပေးခြင်းတို့သည်လည်း စစ်အုပ်စု၏ ရွေးကောက်ပွဲအသစ်အား ဟန့်တားရပ်တန့်နိုင်လိမ့်မည်မဟုတ်ဟု ဆိုရပါမည်။
ယခုတစ်ပတ် BNI-Myanmar Peace Monitor ၏ သတင်းသုံးသပ်ချက်တွင်း စစ်အုပ်စု၏ ရွေးကောက်ပွဲအသစ်အစီအစဉ်၊ ရွေးကောက်ပွဲဆန့်ကျင်ရေးလှုပ်ရှားမှုများနှင့် တော်လှန်ရေးအင်အားစုများ၏ ရွေးချယ်ရာတို့ကို လေ့လာတင်ပြသွားပါမည်။
စစ်အုပ်စု၏ ရွေးကောက်ပွဲအစီအစဉ်
စစ်အာဏာသိမ်းမှုနှင့်အတူ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမဲရလဒ်များကို ပယ်ဖျက်ခဲ့သည့် အာဏာသိမ်းစစ်အုပ်စုသည် ၎င်းတို့၏ ရွေးကောက်ပွဲအသစ် အပိုင်း (၁) အဖြစ် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ လ ၂၈ ရက်နေ့တွင် ကျင်းပမည်ဟု ၂၀၂၅ ခုနှစ် သြဂုတ်လ ၁၈ ရက်တွင် ကြေညာခဲ့သည်။ သြဂုတ်လ ၂၀ ရက်တွင်တော့ အဆိုပါအပိုင်း (၁) အတွင်း ပါဝင်သည့် မြို့နယ် (၁၀၂) မြို့နယ်ကို ထပ်မံကြေညာခဲ့ပါသည်။
ကချင်ပြည်နယ်တွင် (၆) မြို့နယ်၊ ကရင်နီ (ကယား) ပြည်နယ်တွင် (၂) မြို့နယ်၊ ကရင်ပြည်နယ်တွင် (၃) မြို့နယ်၊ ချင်းပြည်နယ်တွင် (၂) မြို့နယ်၊ စစ်ကိုင်းတိုင်းတွင် (၁၂) မြို့နယ်၊ တနင်္သာရီတိုင်းတွင် (၄) မြို့နယ်၊ ပဲခူးတိုင်းတွင် (၈) မြို့နယ်၊ မကွေးတိုင်းတွင် (၉) မြို့နယ်၊ မန္တလေးတိုင်းတွင် (၈) မြို့နယ်၊ မွန်ပြည်နယ်တွင် (၅) မြို့နယ်၊ ရခိုင်ပြည်နယ်တွင် (၃) မြို့နယ်၊ ရန်ကုန်တိုင်းတွင် (၁၂) မြို့နယ်၊ ရှမ်းပြည်နယ်တွင် (၁၂) မြို့နယ်၊ ဧရာဝတီတိုင်းတွင် (၈) မြို့နယ်နှင့် နေပြည်တော်ကောင်စီနယ်မြေတွင် (၈) မြို့နယ် စသဖြင့် စစ်အုပ်စု၏ ရွေးကောက်ပွဲအသစ် အပိုင်း (၁) ပါဝင်နေပါသည်။

စစ်အုပ်စုက ပြောင်းလဲဖွဲ့စည်းထားသည့် ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်များအရတော့ ပြည်သူ့လွှတ်တော်အတွက် မဲဆန္ဒနယ် (၃၃၀) ခု၊ အမျိုးသားလွှတ်တော်အတွက် မဲဆန္ဒနယ် (၈၄) ခုနှင့် တိုင်း-ပြည်နယ် လွှတ်တော်အတွက် မဲဆန္ဒနယ် (၃၁၅) ခုတို့ကို မဲအများဆုံးရသူ အနိုင်ယူစနစ်ဖြင့်ကျင့်သုံးပြီး အမျိုးသားလွှတ်တော်အတွက် မဲဆန္ဒနယ် (၂၆) ခုနှင့် တိုင်း-ပြည်နယ် လွှတ်တော်အတွက် မဲ ဆန္ဒနယ် (၄၂) ခုအတွက် အချိုးကျကိုယ်စားပြုစနစ်ကို အသုံးပြုသွားမည်ဟု ဆိုပါသည်။
အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးမည့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၂၆) ခုမှ လွှတ်တော်ကိုယ်စားလှယ် (၈၄) ဦး၊ အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးမည့် တိုင်း-ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (၄၂) မှ လွှတ်တော်ကိုယ်စားလှယ် (၃၂၂) ဦး ရွေးချယ်သွားမည်ဖြစ်ပြီး မဲအများဆုံးရသူ အနိုင်ယူစနစ်ဖြင့် ကျင့်သုံးမှုတွင်တော့ သက်ဆိုင်ရာလွှတ်တော်အလိုက် မဲဆန္ဒနယ်တခုလျှင် ကိုယ်စားလှယ်တစ်ဦးစီသာ ထွက်ပေါ်လာမည်ဖြစ်သည်။
ဒီဇင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲအပိုင်း (၁) တွင်မူ မြို့နယ် (၁၀၂) မြို့နယ်ကိုသာ ကြေညာထားပြီး မဲဆန္ဒနယ်အလိုက် အသုံးပြုမည့် ရွေးကောက်ပွဲစနစ်များကို ရှင်းလင်းစွာထုတ်ပြန်ထားခြင်း မရှိသေးသကဲ့သို့ ရွေးကောက်ပွဲအပိုင်း(၁) အလွန် လွှတ်တော်ခေါ်ယူရေးနှင့် အစိုးရအဖွဲ့အလွှဲအပြောင်းကိစ္စအပါအဝင် ဘာတခုမျှ တိကျသေချာစွာ ချပြထားနိုင်ခြင်းမရှိသေးသည်ကို တွေ့ရသည်။ သေဒဏ်အထိ အပြစ်ပေးနိုင်သော ရွေးကောက်ပွဲကာကွယ်စောင့်ရေးဥပဒေကို ပြဌာန်းကာ ပြည်သူလူထုအား ခြိမ်းခြောက်ထားခြင်းကို ထောက်ရှုကြည့်ပါက အာဏာသိမ်းစစ်အုပ်စု ကမကထပြုသည့် ရွေးကောက်ပွဲအသစ် ဖြစ်မြောက်ရေးသည် အလောင်းအစားဆန်သော စွန့်စားမှုသာ ဖြစ်ပါသည်။
မိမိတို့ BNI-Myanmar Peace Monitor ၏ မှတ်တမ်းအရ စစ်အုပ်စုကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း (၁) အတွင်းပါဝင်သော မြို့နယ်ပေါင်း (၁၀၂) မြို့နယ်၏ ၇၀ ရာခိုင်နှုန်းကျော်တွင် စစ်ရေးပဋိပက္ခ တိုက်ပွဲဖြစ်စဉ်များကို တွေ့ရှိပါသည်။ မြို့နယ် (၃၀) တွင်သာ စစ်ရေးပဋိပက္ခဖြစ်စဉ်များ ကင်းစင်သည်ဟု ဆိုနိုင်ခြင်းကြောင့် စစ်အုပ်စု၏ ရွေးကောက်ပွဲအပိုင်း (၁) ကျင်းပရေးခြင်းသည် ပြည်သူလူထုအပါအဝင် ရွေးကောက်ပွဲဖြစ်စဉ်များအတွင်း ပါဝင်ပတ်သက်သူများအတွက် လုံခြုံရေးအရ အလွန်အန္တရာယ်များသည်ဟု ဆိုရပါမည်။

မြို့နယ်အလိုက် စစ်ရေးပဋိပက္ခဖြစ်စဉ်များကို လေ့လာကြည့်လျှင်လည်း မြဝတီ၊ ကလေး၊ နောင်ချို၊ မူဆယ်၊ လွိုင်ကော်၊ မုံရွာ၊ ထားဝယ်၊ ဟုမ္မလင်း၊ ကျိုက်ထို၊ တမူး၊ ဟားခါး၊ တီးတိန်၊ ကျောက်ဖြူ စသည့် မြို့နယ်များသည် စစ်ရေးပဋိပက္ခတိုက်ပွဲဖြစ်စဉ်ပေါင်း ၅၀ မှ ၁၇၀ ကျော်အထိ တွေ့ရှိရသည့် မြို့နယ်များဖြစ်ပြီး မြို့ပေါ်ရပ်ကွက်များတွင်သာ ရွေးကောက်ပွဲကျင်းပနိုင်ရေး ဖြစ်နိုင်ချေရှိပါသည်။ ထို့ကြောင့် စစ်အုပ်စုကျင်းပမည့် ရွေးကောက်ပွဲအစီအစဉ်တွင် ပြည်သူများ လွတ်လပ်စွာ၊ လုံခြုံစွာ မဲပေးနိုင်ရေးသည် ဦးစားပေးအဖြစ်ရှိမနေဘဲ အမည်ခံရွေးကောက်ပွဲတစ်ရပ် ကျင်းပနိုင်ရေးသည်သာ ပဌာနဖြစ်နေကြောင်း ရှုမြင်ရပါသည်။
ရွေးကောက်ပွဲဆန့်ကျင်ရေးလှုပ်ရှားမှုများနှင့် ပြည်သူ့အကြပ်အတည်း
စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးသို့ ဦးတည်လျှောက်လှမ်းနေကြသည့် တော်လှန်ရေးအင်အားစုများကတော့ အာဏာသိမ်းစစ်အုပ်စုကျင်းပမည့် ရွေးကောက်ပွဲအသစ်အား ဆန့်ကျင်ရှုတ်ချပြီး လုံးဝ အသိအမှတ်မပြုကြောင်း သန္ဓိဌာန်ချထားကြကာ ပြည်သူလူထုအနေဖြင့် မပူးပေါင်းကြဖို့ ဆော်သြတိုက်တွန်းခြင်း၊ လှုံ့ဆော်စည်းရုံးခြင်းများ လုပ်ဆောင်လျက်ရှိပါသည်။ မြို့ပြဒေသအလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF-LDF) များနှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ (ERO) များကလည်း စစ်အုပ်စု၏ ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် ပါဝင်ပတ်သက်သူများအား ထိရောက်စွာ အရေးယူမည့်အကြောင်း ထုတ်ပြန်သတိပေးထားကြပါသည်။
သို့သော် စစ်အုပ်စုကျင်းပမည့် ရွေးကောက်ပွဲအသစ်အား ဟန့်တားနိုင်မည့် အစီအမံများကိုမူ တော်လှန်ရေးအင်အားစုများဘက်တွင် ရှင်းလင်းစွာ မတွေ့မြင်ရသေးပေ။ ဆန့်ကျင်ကြောင်း၊ ရှုတ်ချကြောင်း၊ အသိအမှတ်မပြုကြောင်း၊ တရားမဝင်ကြောင်း ဆော်သြနေကြခြင်းသည် အမှန်တကယ် အလုပ်မဖြစ်ကြောင်းကို စစ်အုပ်စုပြဌာန်းသည့် စစ်မှုထမ်းဥပဒေက သက်သေပြနေပါသည်။ သောင်းနှင့်ချီသော လူငယ်လူရွယ်များသည် စစ်အုပ်စုထံတွင် စစ်မှုထမ်းနေကြရပြီဖြစ်သည်။ မြို့ပြကျေးလက်ဒေသအလိုက် သိန်းသောင်းချီသော အိမ်ထောင်စုများသည် အာဏာသိမ်းစစ်အုပ်စုထံ စစ်မှုမထမ်းလို၍ လစဉ် ဆက်ကြေးပေးနေကြရပါသည်။
ထို့ကြောင့် အာဏာသိမ်းစစ်အုပ်စု၏ ရွေးကောက်ပွဲအသစ်အပိုင်း (၁) ကျင်းပမည့် မြို့နယ်များအတွင်းရှိ ပြည်သူလူထုအတွက် မဖြစ်မနေဆန္ဒမဲပေးရမည့်အရေး ကြုံလာနိုင်ပါသည်။ စစ်မှုထမ်းဥပဒေကဲ့သို့ပင် ရှောင်လွှဲနိုင်ရန် အလွန်ခက်ခဲနိုင်ပါသည်။ ပြည်သူလူထုအနေဖြင့် အာဏာသိမ်းစစ်အုပ်စု၏ ရွေးကောက်ပွဲအသစ်အား တစုံတရာ ထောက်ခံအားပေးခြင်းမရှိသည့်တိုင် ဆန္ဒမဲမပေးဘဲ ဆန့်ကျင်ကြဖို့ဟူသည်က စိန်ခေါ်မှုများစွာရှိနေသည်။ စစ်အုပ်စု၏ ရွေးကောက်ပွဲအသစ်အား ဆန့်ကျင်ရေးလှုပ်ရှားမှုများအတွင်း ပြည်သူလူထု၏ ပူးပေါင်းပါဝင်လှုပ်ရှားနိုင်ရေး ဖိအားပေးမှုများသည် ပြည်သူလူထုအတွက် အကြပ်အတည်းတခု ထပ်မဖြစ်စေရေးအတွက် သတိပြုရပါလိမ့်မည်။
တော်လှန်ရေး လမ်းဆုံလမ်းခွ
စစ်အုပ်စုအတွက် ရွေးကောက်ပွဲအသစ် မဖြစ်မနေကျင်းနိုင်ရေးလုပ်ငန်းစဉ်ကို ဒင်္ဂါးပြား၏ ခေါင်းအဖြစ် သတ်မှတ်ကြည့်ပါက တော်လှန်ရေးအင်အားစုများ၏ လမ်းဆုံလမ်းခွသည် ဒင်္ဂါးပြား၏ ပန်းဖြစ်သည်ဟု မှတ်ယူနိုင်ပါသည်။ ထို့အတူ ရွေးကောက်ပွဲအသစ်ကျင်းပနိုင်ရေး အရှိန်မြှင့်လုပ်ဆောင်နေရခြင်းသည် မအောင်မြင်သော စစ်အာဏာသိမ်းမှုအား လက်စသတ်ရန် ကြိုးပမ်းမှုအဖြစ် ရှုမြင်နိုင်သလို တော်လှန်ရေးအင်အားစုများ၏ စစ်ရေး၊ နိုင်ငံရေးအရွေ့အပြောင်းများသည်လည်း တော်လှန်ရေးအင်အားစုများအားလုံး စုစည်းညီညွတ်စွာ ရွေးချယ်လျှောက်လှမ်းရမည့် လမ်းဆုံလမ်းခွကို ပြဆိုနေသည်ဟု ဆိုရပါမည်။
အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဘုံနိုင်ငံရေးဦးတည်ချက်များနှင့် တည်ဆောက်မှုပုံစံများကို ရွေးချယ်ကြရမည်ဖြစ်သလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် အလုပ်မဖြစ်သော အစုအဖွဲ့များအားလုံးကို ပီပြင်ထင်ရှားစွာ ပြုပြင်ပြောင်းလဲနိုင်ရေး ရွေးချယ်ကြရမည်ဖြစ်သည်။ ထို့အပြင် NUG နှင့်တကွ တော်လှန်ရေးအင်အားစုများ စွဲကိုင်ထားသော ဘုံနိုင်ငံရေးရပ်တည်ချက်သဘောထားများအပါအဝင် ပြည်နယ်အားကောင်းရေးမှသည် ပြည်ထောင်စုအားကောင်ရေး (Bottom-up Federalism) ချဉ်းကပ်မှုအတွင်း မပါဝင်သေးသည့် ERO များနှင့် အခြားသော တော်လှန်ရေးအင်အားစုများ ပူးပေါင်းပါဝင်လာစေရေးအတွက်အလည်း အရှိန်အဟုန်မြှင့် လုပ်ဆောင်ကြရပေလိမ့်မည်။
လေးနှစ်ကျော်ကြာမြင့်လာပြီဖြစ်သော နွေဦးတော်လှန်ရေး၏ လမ်းဆုံလမ်းခွတွင် စစ်ရေးအောင်မြင်မှုများ၊ ကျယ်ပြန့်သော စိုးမိုးထိန်းချုပ်နယ်မြေများနှင့် လှမ်းမြင်နေရပြီဖြစ်သော ဖက်ဒရယ်အမြူတေလေးများသည် ဟိုးတဝါးအဆင့်မှသည် ပိုမိုပီပြင်ထင်ရှားလာကြပြီဖြစ်သည်။ ကချင်၊ ကရင်၊ ကရင်နီ (ကယား)၊ ချင်း၊ ရခိုင်နှင့် မွန်၊ ဗမာ၊ ရှမ်း စသော တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် အင်အားစုအားလုံး၏ ပူးပေါင်းပါဝင်မှုနှင့် စုစည်းညီညွတ်မှုတို့ အထူးလိုအပ်ပါသည်။
သုံးသပ်တင်ပြချက်
စစ်အုပ်စုသည် ရွေးကောက်ပွဲအသစ်တစ်ရပ် မဖြစ်မနေကျင်းပပြီး ၎င်းတို့၏ မအောင်မြင်သော စစ်အာဏာသိမ်းမှုကို အဆုံးသတ်ရန် ကြိုးပမ်းနေသည်။ ထိုအတွက် နယ်မြေတည်ငြိမ်ခြင်း၊ လုံခြုံခြင်း-မလုံခြုံခြင်းနှင့် ပြည်သူလူထု၏ ဆန္ဒမဲပေးခြင်း-မပေးခြင်းတို့ကို စစ်အုပ်စုအနေဖြင့် ထည့်သွင်းစဉ်းစားလိမ့်မည်မဟုတ်ပေ။ တရုတ်၊ ရုရှားကဲ့သို့သော အစိုးရများ၏ ထောက်ခံအားပေးမှုနှင့် ရွေးကောက်ပွဲအတွင်း ဝင်ပြိုင်ကြမည့် နိုင်ငံပါတီအချို့ရှိလျှင်ပင် ရွေးကောက်ပွဲအထမြောက်သည်ဟု စစ်အုပ်စုက ယုံကြည်ထားပါသည်။ ထို့ကြောင့် စစ်အုပ်စု၏ ရွေးကောက်ပွဲအသစ်ကျင်းပရေးကို ဟန့်တားရပ်တန့်နိုင်ရေးသည် အလွန်ခက်ခဲပါသည်။
တော်လှန်ရေးအင်အားစုများအနေဖြင့် စစ်အုပ်စုကျင်းပမည့် ရွေးကောက်ပွဲအသစ် ဆန့်ကျင်ရေးလှုပ်ရှားမှုများအား အရှိန်မြှင့်လုပ်ဆောင်နေခြင်းသည် ပြည်သူလူထုအကြား နိုင်ငံရေးအသိ၊ နိုင်ငံရေးသတိကို လှုပ်နှိုးရာရောက်ပါသည်။ သို့သော် ဆန္ဒမဲမပေးဖို့၊ မပူးပေါင်းဖို့ဟူသော အတင်းအကြပ်ဖိအားပေးမှုများကိုမူ ပြည်သူလူထုအတွက် ထပ်ဆင့်အကြပ်အတည်းမဖြစ်စေရေး သတိထားချဉ်းကပ်သင့်ပါသည်။
စစ်ရေးအောင်မြင်မှုများနှင့်အတူ ဘုံနိုင်ငံရေးရည်တည်ချက်များ၊ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးဆိုင်ရာ ချဉ်းကပ်မှုများ ပီပြင်ထင်ရှားလာသည့် နွေဦးတော်လှန်ရေးသည် လမ်းဆုံလမ်းခွသို့ ရောက်ရှိနေပါပြီ။ သို့သော် အာဏာသိမ်းစစ်အုပ်စုအား ဆန့်ကျင်တော်လှန်နေကြသည့် တော်လှန်ရေးအင်အားစုအားလုံး ပေါင်းစည်းမှု၊ ညီညွတ်မှုနှင့် ဘုံနိုင်ငံရေးသဘောတူညီချက်များ ရရှိရေးအတွက်မူ အင်အားစုတစုချင်းစီ၏ ရွေးချယ်မှုအပေါ်တွင် မူတည်နေပါသည်။ အနှီညီညွတ်မှုနှင့် ဘုံနိုင်ငံရေးသဘောတူညီမှုများ မရရှိကြသေးခြင်းသည်ပင် အင်အားစုများအတွင်း သပ်လျှိုသွေးခွဲခြင်း၊ မက်လုံးပေးစည်းရုံးခြင်းနှင့် စစ်ရေးအရ ဖိအားပေးခြင်းတို့သည် လွယ်လင့်တကူ ဝင်ရောက်လာနိုင်ကြောင်းကို သတိပြုရမည်။
ယင်းတော်လှန်ရေးအင်အားစုများ၏ စုစည်းညီညွတ်မှုသည်ပင် အာဏာသိမ်းစစ်အုပ်စုကျင်းပမည့် ရွေးကောက်ပွဲအသစ်အား ဟန့်တားရပ်တန့်ပစ်နိုင်သည့် ခွန်အားတစ်ရပ်ဖြစ်လာနိုင်ကြောင်း တင်ပြအပ်ပါသည်။