စစ်အုပ်စု၏ ဒရုန်းတိုက်ခိုက်မှုများ ပို‌တွေ့ရလာ

By MPM 6 မတ်, 2026 👁

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်မှ ၂၅ ရက်နေ့အထိ နှစ်ပတ်တာအတွင်း ပြီးခဲ့သည့် နှစ်ပတ်တာနှင့် နှိုင်းယှဉ်ကြည့်ပါက မြန်မာနိုင်ငံတဝှမ်း တိုက်ပွဲဖြစ်စဉ်များ လျော့ကျသွားသော်လည်း အာဏာသိမ်းစစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်များ ဆက်လက်မြင်တွေ့နေရသကဲ့သို့ အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုနှုန်းလည်း သိသိသာသာ မြင့်တက်လာခဲ့သည်။ ထူးခြားမှုအဖြစ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်သည့်ဖြစ်စဉ် (၁၅) ခုအထိရှိခဲ့ပြီး ယခင်ရက်သတ္တပတ်များထက် ပိုမိုများပြားခဲ့ပါသည်။ ထိုအထဲ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ် (၁၃) ခုကို အာဏာသိမ်းစစ်အုပ်စုဘက်က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဖြစ်စဉ်များအတွင်း အရပ်သားပြည်သူ (၈) ဦး သေဆုံးခဲ့ပြီး (၁၅) ဦးအထိ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ကို တွေ့ရသည်။

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်၊ ညနေ (၆) နာရီဝန်းကျင်အချိန် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ဝမျှောင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းတစ်စင်း ပစ်လွှတ်ကာ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကျေးရွာအတွင်းရှိ (၂) နှစ်အရွယ် ကလေးငယ်နှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရပြီး အမျိုးသား (၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အတွင်းရှိ ရွာစဉ်ကျေးရွာကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်က အသေခံဒရုန်းများ အသုံးပြုကာ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကျေးရွာအတွင်းရှိ အသက် (၅၀) အရွယ် အမျိုးသားတစ်ဦးနှင့် သမီးဖြစ်သူ အသက် (၁၆) နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးခဲ့ရပြီး အသက် (၁၂) နှစ်အရွယ် ကလေး (၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ အဆိုပါ အသေခံဒရုန်းများကို အာဏာသိမ်းစစ်တပ်လက်အောက်ခံ ရွှေဘိုမြို့ရှိ အမှတ် (၈) စစ်အ​ခြေခံ​လေ့ကျင့်​ရေးတပ်မှ ပစ်လွှတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့၊ ကချင်ပြည်နယ် မြစ်ကြီးနားလေဆိပ်ဝန်းအတွင်းရှိ ခရီးသည်တင်လေယာဉ်တစ်စီး ဒရုန်းဖြင့်တိုက်ခိုက်ခံရမှုအား ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့၏ လက်ချက်ဟု အာဏာသိမ်းစစ်အုပ်စုက စွပ်စွဲကာ ထိုနေ့ ညပိုင်းအချိန်တွင် KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးတဝှိက်အား အာဏာသိမ်းစစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပါသည်။ တဆက်တည်းတွင်း KIA တပ်မဟာများလှုပ်ရှားရာ ဖားကန့်၊ ဝိုင်းမော်၊ မိုးမောက်၊ မိုးညှင်းနှင့် တနိုင်းမြို့နယ်များအတွင်း လေကြောင်းတိုက်မှတဆင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ကို တွေ့ရသည်။

မိမိတို့ BNI-Myanmar Peace Monitor ၏ မှတ်တမ်းအရတော့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ဖေ‌ဖော်ဝါရီလ ၂၅ ရက်အတွင်း မြန်မာနိုင်ငံတဝှမ်း ဒရုန်းအသုံးပြု ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း (၅၅) ခုအထိရှိခဲ့ပြီး ထိုဖြစ်စဉ်များ၏ ၇၂ ရာခိုင်နှုန်း (ဖြစ်စဉ် ၄၀ ခု) ကို အာဏာသိမ်းစစ်အုပ်စုမှ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါဖြစ်စဉ် (၄၀) ၏ ၆၅ ရာခိုင်နှုန်း (ဖြစ်စဉ် ၂၆ ခု) သည် အရပ်သားပြည်သူများနေထိုင်ရာ ရပ်ရွာများ၊ စစ်ဘေးရှောင်စခန်း၊ ဆေးရုံနှင့် စာသင်ကျောင်းများအတွင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ရာ အရပ်သားပြည်သူ (၁၁) ဦးသေဆုံးပြီး (၂၄) ဦးအထိ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ကို တွေ့ရသည်။

အာဏာသိမ်းစစ်တပ်၏ ဒရုန်းဖြင့် တိုက်ခိုက်မှုများ အဓိကပစ်မှတ်အဖြစ် လက်နက်မဲ့အရပ်သားပြည်သူများကို တွေ့ရှိရပြီး အာရက္ခတပ်တော် (AA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် မြို့ပြဒေသအလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDF/LDF) သည် ဒုတိယဦးစားပေးပစ်မှတ်ဖြစ်ကြောင်း တွေ့ရှိရပါသည်။ တခါတရံတွင် ၎င်းတို့၏ လက်အောက် နယ်ခြားစောင့်တပ် (BGF) နှင့် ထိတွေ့ဆက်ဆံမှုများရှိသော ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) တို့သည်ပင် စစ်အုပ်စု၏ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကို မှားယွင်းစွာခံကြရပါသည်။

နယ်မြေဒေသအလိုက် အာဏာသိမ်းစစ်တပ်၏ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကို လေ့လာကြည့်ပါက ပဲခူးတိုင်းသည် စစ်အုပ်စု၏ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အများဆုံးခံရသည့် ဒေသဖြစ်ခဲ့ပြီး တနင်္သာရီ၊ ကရင်နှင့် ကယားဒေသတို့သည် စစ်အုပ်စု၏ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ဒုတိယအများဆုံးခံရသည့် ဒေသများဖြစ်ခဲ့သည်။

တဆက်တည်းတွင် စစ်ကိုင်း၊ ရခိုင်၊ မကွေး၊ ကချင်၊ ရှမ်း (တောင်)၊ မွန်၊ မန္တလေးနှင့် ချင်းဒေသများတွင်လည်း အာဏာသိမ်းစစ်အုပ်စု၏ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်များကို တွေ့ရှိရပါသည်။

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်အထိ တွေ့ရှိရသည့် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်များထဲတွင် စစ်အုပ်စုဘက်မှ လုပ်ဆောင်သည့် ဖြစ်စဉ် (၄၀) ခု၊ PDF ဘက်မှ လုပ်ဆောင်သည့် ဖြစ်စဉ် (၁၂) ခု၊ စစ်အုပ်စုလက်အောက်ခံ ပအို့ဝ်ပြည်သူ့စစ်အဖွဲ့ (PNO) ဘက်မှ လုပ်ဆောင်သည့် ဖြစ်စဉ် (၁) ခုနှင့် လုပ်ဆောင်သူ ခွဲခြားမရသေးသည့် ဖြစ်စဉ် (၂) ခုပါဝင်ပြီး အာဏာသိမ်းစစ်တပ်၏ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်များသည် အများဆုံးဖြစ်နေပါသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော အာဏာသိမ်းစစ်အုပ်စုသည် ၎င်းတို့၏ မအောင်မြင်သော စစ်အာဏာသိမ်းကာလအတွင်း စစ်အာဏာသိမ်းမှုအား ဆန့်ကျင်နေကြသည့် တော်လှန်ရေးအင်အားစုများနှင့် အရပ်သားပြည်သူများအပေါ် လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်မှုများ၊ ပါရာမော်တာ၊ ဂျိုင်ရိုကော်ပတာတို့ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများအပြင် အသေခံဒရုန်းများပါ အသုံးပြုတိုက်ခိုက်လာခြင်းကို အရှိန်မြှင့်လုပ်ဆောင်လာသည်ကို တွေ့ရသည်။

မြန်မာပြည်သူလူထုအတွက် စစ်အုပ်စု၏ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများသည် သတိထားစောင့်ကြည့်ရမည့် အခြေအနေသို့ ရောက်ရှိလာပြီဖြစ်ကြောင်း တင်ပြအပ်ပါသည်။

၁။ ကျောက်ဖြူ၌ စစ်တပ်ပစ်ခတ်မှုကြောင့် ကလေးအပါအဝင် ၃ ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ၊ DVB၊ ၁၆ ဖေဖော်ဝါရီ ၂၀၂၆
၂။ သတင်းခင်ဦးနဲ့ မြောင်မှာ စစ်တပ်လေကြောင်းတိုက်ခိုက်လို့ သားအဖ ၂ဦးသေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရ၊ လူထုနွေဦး ၂၁ ဖေဖော်ဝါရီ ၂၀၂၆
၃။ လိုင်ဇာနှင့် KIA နယ်မြေများ ဆက်တိုက် ဗုံးကြဲခံရ၊ ဧရာဝတီ၊ ၂၃ ဖေဖော်ဝါရီ ၂၀၂၆