၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်မှ ဖေဖော်ဝါရီလ ၁၁ ရက်နေ့အထိ နှစ်ပတ်တာအတွင်း မြန်မာနိုင်ငံတဝှမ်းလုံးတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး အာဏာသိမ်းစစ်အုပ်စုဘက်မှ သေဆုံးမှုအရေအတွက် များပြားကာ လေကြောင်းတိုက်ခိုက်မှုအရေအတွက်သည် လည်း ပြီးခဲ့သည့်နှစ်ပတ်တာထက် ပိုမိုမြင့်တက်လာခဲ့သည်ကို တွေ့ရသည်။ စစ်ကိုင်းတိုင်းသည် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှု အခံရဆုံးဒေသဖြစ်ခဲ့ပြီး ချင်း၊ မကွေး၊ ကချင်နှင့် ကရင်ဒေသများအတွင်း တွေ့ရှိရသည့် လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်များသည် ယခင်နှစ်ပတ်တာထက် ပိုများခဲ့ပါသည်။

စစ်ကိုင်းတိုင်း တန့်ဆည်မြို့ မြောက်ဘက်ရှိ သစ္စေးကုန်း (တောင်ရွာ) ရှိ မင်္ဂလာဘုန်းကြီးကျောင်း ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက်ပိုင်းတွင် အာဏာသိမ်းစစ်တပ်က လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်ရာ အသက် (၁၂) နှစ်အရွယ် ကိုရင်တစ်ပါး၊ အသက် (၄၀) အရွယ် အမျိုးသမီးနှစ်ဦးနှင့် အသက် (၅၀) အရွယ် အမျိုးသားနှစ်ဦး စုစုပေါင်း (၅) ဦးသေဆုံးခဲ့ပြီး ကိုရင်နှစ်ပါးအပါအဝင် အရပ်သားပြည်သူ (၁၄) ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ သစ္စေးကုန်းရွာအုပ်ချုပ်ရေးမှူး၏ အဆိုအရ အာဏာသိမ်းစစ်တပ်သည် လေယာဉ်ပေါ်မှ ဗုံးကြဲတိုက်ခိုက်ခြင်းအပြင် စက်သေနတ်၊ ဒုန်းကျည် (Rocket) များဖြင့်လည်း ပစ်ခတ်သွားခဲ့ကြောင်း သိရသည်။ ၁

အဆိုပါဖေဖော်ဝါရီလ (၅) ရက်နေ့တွင်ပင် မကွေးတိုင်း ဆောမြို့နယ်ရှိ မိအယ်ကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အသက် (၁၀) နှစ်အရွယ်မှ အသက် (၇၀) ဝန်းကျင်အရွယ်အထိပါဝင်သော ဒေသခံအမျိုးသမီး (၅) ဦးသေဆုံးခဲ့ပြီး အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ တိုက်ပွဲဖြစ်စဉ်မရှိဘဲ ပစ်ခတ်သွားသည့် အဆိုပါ လေကြောင်းတိုက်ခိုက်မှုမတိုင်မီ စစ်အုပ်စုလက်အောက်ခံ ကျောက်ထုအမြောက်တပ်မှ ဒရုန်းတစ်စီး ပျံသန်းခဲ့သေးသည်ဟု ဆိုပါသည်။ ၂
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့၊ မွန်းလွဲပိုင်းအချိန်ကလည်း ချင်းပြည်နယ် ထန်တလန်မြို့နယ် တလန်ခွာ (Tlang Khua) ရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် သက်ကြီးရွယ်အိုအမျိုးသားတစ်ဦးအပါအဝင် အရပ်သားပြည်သူ (၆) ဦးသေဆုံးခဲ့ပြီး ကလေးငယ်များအပါအဝင် အရပ်သားပြည်သူ (၇) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ ၃ အဆိုပါ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင်ပင် မကွေးတိုင်း ပေါက်မြို့နယ် တောင်ဘက်ခြမ်းရှိ ချက်ကန်ကျေးရွာကို စစ်အုပ်စုက ဂျက်ဖိုက်တာ (၃) စီးဖြင့် (၁၀) ကြိမ်ထက်မနည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ (၅) ဦးသေဆုံးပြီး (၁၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ၄
မိမိတို့ BNI-Myanmar Peace Monitor ၏ မှတ်တမ်းအရတော့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်မှ ဖေဖော်ဝါရီလ ၁၁ ရက်အထိ နှစ်ပတ်တာအတွင်း မြန်မာနိုင်ငံတဝှမ်း အာဏာသိမ်းစစ်တပ်၏ လေယာဉ်အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း (၄၃) ခု၊ ဒရုန်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ် (၁၀) ခုနှင့် ပါရာမိုတာ (Paramotor)၊ ဂျိုင်ရိုကော်မတာ (Gyrocopter) အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ် (၁၀) ခု စုစုပေါင်း လေကြောင်းကိုအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း (၆၇) ခုအထိ တွေ့ရှိခဲ့ရပါသည်။ အဆိုပါဖြစ်စဉ်များအတွင်း ကလေးသူငယ်၊ ကိုရင်၊ ကျောင်းသူ/ကျောင်းသား၊ အမျိုးသမီး၊ အမျိုးသား စုစုပေါင်း (၄၅) ဦးအထိ သေဆုံးခဲ့ရပြီး အရပ်သားပြည်သူ (၁၀၂) ဦးအထိ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ကို တွေ့ရသည်။

နေ့စဉ်နှင့်အမျှ မြန်မာပြည်သူလူထု၏ ရှင်သန်ရပ်တည်ရေးနှင့် လုံခြုံရေးကို အကြီးမားဆုံးခြိမ်းခြောက်နေသည့် အာဏာသိမ်းစစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများကို ဟန့်တားနိုင်ရေးအတွက် မြန်မာနိုင်ငံအတွင်းရှိ ပြည်သူလူထုအပါအဝင် တော်လှန်ရေးအင်အားစုများအတွက် စွမ်းဆောင်နိုင်ခြင်း မရှိသေးပါ။ စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများကို ရပ်တန့်ဟန့်တားနိုင်ရေးအတွက် အာဆီယံအပါအဝင် နိုင်ငံတကာအစိုးရများအနေဖြင့် လက်တွေ့ကျသည့်နည်းလမ်းများ ရှာဖွေသင့်ပြီဖြစ်ကြောင်း တင်ပြအပ်ပါသည်။
၁။ တန့်ဆည် ဘုန်းကြီးကျောင်း ဗုံးကြဲပစ်ခတ်ခံရပြီး ကိုရင်ငယ် အပါအဝင် ၅ ဦး သေဆုံး၊ မြန်မာနောင်း၊ ၅ ဖေဖော်ဝါရီ ၂၀၂၆
၂။ ဆောမြို့နယ်မှာ စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၅ ဦး သေဆုံး၊ သံလွင်တိုင်းမ်၊ ၆ ဖေဖော်ဝါရီ ၂၀၂၆
၃။ ပေါက်မြို့နယ်တွင် စစ်တပ် ဗုံးကြဲမှုကြောင့် ပြည်သူ ၅ ဦးထက်မနည်း သေဆုံး၊ DVB ၊ ၁၀ ဖေဖော်ဝါရီ ၂၀၂၆
၄။ ပေါက်မြို့နယ်တွင် စစ်တပ် ဗုံးကြဲမှုကြောင့် ပြည်သူ ၅ ဦးထက်မနည်း သေဆုံး၊ DVB ၊ ၁၀ ဖေဖော်ဝါရီ ၂၀၂၆