စစ်အုပ်စုအတွက် ‌တိုက်တွန်းချက်၊ တရုတ်အစိုးရ၏ မျှော်လင့်ချက်နှင့် ထည့်စဉ်းစားရမည့် တော်လှန်‌ရေး၏ ဘုံနိုင်ငံ‌ရေးရပ်တည်ချက်များ

By MPM 23 အောက်တိုဘာ, 2026 👁 122

တချို့က တရုတ်ပြည်သူ့သမ္မတမြန်မာနိုင်ငံဟု သရော်ကြသည်။ တချို့ကတော့ မြန်မာနိုင်ငံသည် တရုတ်လက်ခုတ်ထဲကရေဟု သမုဒ်ကြသည်။ ယင်းတို့အားလုံးသည် မြန်မာနိုင်ငံအပေါ် တရုတ်အစိုးရ၏ လွှမ်းမိုးစွက်ဖက်ခြင်းကို သွယ်ကာဝှိက်ကာ ပြောဆိုခဲ့ကြခြင်းဖြစ်သည်။ သို့သော် တရုတ်အစိုးရကမူ မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း အလျင်းမရှိကြောင်း မကြာခဏ ထုတ်ဖော်ပြောဆိုလေ့ရှိပါသည်။

သို့နှင့်တိုင် မြန်မာပြည်အတွက် တရုတ်အစိုးရ၏ စည်း (၃) စည်းကို နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိက လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့ပြီး အဆိုပါစည်း (၃) စည်းအား ခိုင်မာစွာထိန်းသိမ်းထားရမည်ဟု သတိပေးခဲ့သည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင်လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်း (Deng Xijun) က မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူနည်းစုများအတွက် အဆင့်မြင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပုံစံများ ရှာဖွေကြဖို့ တိုက်တွန်းလာပြန်သည်။

ယခုတပတ် BNI-Myanmar Peace Monitor ၏ သတင်းသုံးသပ်ချက်တွင် စစ်အာဏာသိမ်းကာလ ငါးနှစ်ကျော် ခြောက်နှစ်အတွင်း ရောက်ရှိလာသည့် မြန်မာနိုင်ငံ၏ စစ်ရေးနိုင်ငံရေးအခင်းအကျင်း၊ အရွေ့အပြောင်းများအတွင်း ခပ်စိပ်စိပ်မြင်တွေ့လာရသည့် တရုတ်အစိုးရ၏ ခြေလှမ်းများ၊ ဦးတည်ရာပေးထားချက်များနှင့် ကြောင်းကျိုးဆက်စပ်မှုအခြေအနေများကို လက်လှမ်းမီသမျှ လေ့လာတင်ပြသွားပါမည်။

စစ်အုပ်စုအတွက် တရုတ်၏ ‌ပေးထားချက်

၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁၅ ရက်၊ နေပြည်တော်ရှိ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးခြင်း ၁၁ ကြိမ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားတွင် တရုတ်အစိုး ရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ်၏ မိန့်ခွန်းတွင် အာဏာသိမ်းစစ်အုပ်စုအပါအဝင် အခမ်းအနားတက်ရောက်လာသည့် အဖွဲ့အစည်းအလိုက် ကိုယ်စားပြုသူအားလုံးထံ တိုက်တွန်းချက်အချို့ကို သတင်းစကားပါးခဲ့သည်။

အာဏာသိမ်းစစ်အုပ်စုနှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား လက်တလောပြုလုပ်နေသည့် ဆွေးနွေးပွဲများကို တရုတ်နိုင်ငံအနေဖြင့် ဂုဏ်ပြုကြောင်းနှင့် နှစ်ဖက်စလုံးအနေဖြင့် သက်ဆိုင်ရာပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီချက်များကို အကောင်အထည်ဖော်ကြရန်၊ တိုင်းရင်းသားလူနည်းစုများအတွက် အဆင့်မြင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပုံစံများကို ရှာဖွေရန်နှင့် ဆွေးနွေးပွဲများမှတဆင့် သင့်တော်သောအဖြေများကို ရှာဖွေရန်မျှော်လင့်ကြောင်း မစ္စတာတိန့်ရှီကျွင်း (Deng Xijun) က ပြောဆိုခဲ့သည်။ ၁

ထူးခြားသည့် တိုက်ဆိုင်မှုအဖြစ် ရှုမြင်နိုင်မလား၊ စည်းဝါးတိုက်ထားခြင်းလား မသိနိုင်သော်လည်း မစ္စတာတိန့်၏ တိုက်တွန်းချက်များနှင့် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး (ငြိမ်း) မင်းအောင်လှိုင်၏ အဖွင့်မိန့်ခွန်းပါအကြောင်းအချက်အချို့သည် ချိတ်ဆက်နေသည်ဟု ဆိုရပါမည်။

‘ပြည်နယ်တခုဟာ လူမျိုးတမျိုးတည်းရဲ့ ပိုင်ဆိုင်မှုမဟုတ်ဘဲ အဲဒီဒေသမှာနေထိုင်ကြတဲ့ လူမျိုးအားလုံးရဲ့ ပိုင်ဆိုင်မှုဖြစ်တယ်ဆိုတဲ့သဘောထားကို အလေးထားဖို့လိုပါတယ်။ ဒေသတွင်းနေထိုင်သူအားလုံးကို ကိုယ်စားပြုနိုင်မယ့် ပြည်နယ်အမည်သတ်မှတ်‌ရေးနဲ့ပတ်သက်ပြီးလည်း အမျိုးသားစည်းလုံးညီညွတ်ရေးကို ရှေးရှုပြီး အားလုံးဝိုင်းဝန်းစဉ်းစားအဖြေရှာကြဖို့ တိုက်တွန်းလိုပါတယ်” ဟု အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောဆိုခဲ့သည်။ ၂ ယခုလိုလည်း ၎င်းက ဥပမာပေးထားသည်။

“ဥပမာအားဖြင့် အမည်နာမအားဖြင့် သတ်မှတ်ထားတဲ့ ရှမ်းပြည်နယ်မှာ ရှမ်းလူမျိုး (၃၅) ရာခိုင်နှုန်းသာရှိပြီး ကချင်ပြည်နယ်မှာလည်း ကချင်လူမျိုး (၃၉) ရခိုင်နှုန်းသာရှိတယ်လို့ ဖော်ပြထားပါတယ်”

ထို့ကြောင့် တရုတ်အထူးကိုယ်စားလှယ်၏ တိုက်တွန်းချက်အတိုင်း အဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပုံစံများနှင့်အတူ ပြည်နယ်အမည်သစ်များ ပေါ်ထွက်လာနိုင်ချေသည် စည်းဝါးကိုက်လျက်ရှိသည်ဟု ဆိုနိုင် ပါသည်။

‌ပေးထားချက်နှင့် ‌ကြောင်းကျိုးဆက်စပ်မှုများ

အာဏာသိမ်းစစ်အုပ်စု၏ မအောင်မြင်သေးသော စစ်အာဏာသိမ်းကာလအတွင်း လက်ရှိအချိန်ထိ ပြည်နယ်နှင့် တိုင်း (၁၀) ခုမှ မြို့ပေါင်း (၈၅) မြို့ကို တော်လှန်ရေးအင်အားစုများထံ လက်လွှတ်ဆုံးရှုံးထားရ ပြီး မြို့အများစုသည်လည်း တော်လှန်ရေးအင်အားစုများ၏ ဝိုင်းပတ်ပိတ်ဆို့ကာ စစ်ရေးအရ ဖိအားပေးခံနေရခြင်းသည် “အဆင့်မြင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပုံစံ” ဟူသော တိုက်တွန်းချက်၏ ကနဦးချဉ်းကပ်မှုဖြစ်နိုင်သည်ဟု ဆိုရပါမည်။

‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ထံ လွဲအပ်ပေးလိုက်ရသည့် ဟိုပန်နှင့် ပန်လုံ မြို့ (၂) မြို့မှအပ အခြားမည်သည့်မြို့ကိုမျှ လက်လွှတ်ဆုံးရှုံးသွားပြီဟု စစ်အုပ်စုအတွက် လက်သင့်မခံနိုင်သေးပေ။ သို့သော် မြို့နယ် (၁၇) ခုသာရှိသော ရခိုင်ပြည်နယ်အတွင်းမှ မြို့နယ် (၁၄) ခုအား အာရက္ခတပ်တော် (AA) ထံ လက်လွှတ်ဆုံးရှုံးလိုက်ရခြင်းသည် အာဏာသိမ်းစစ်အုပ်စုအတွက် ဖုံးမနိုင်ဖိမရဖြစ်ခဲ့ရပြီး တရုတ်အစိုးရ၏ ပေးထားချက်ကို ငြင်းပယ်နိုင်စွမ်းမရှိတော့သည်ဟု ပြသနေပါသည်။

ထို့ကြောင့် AA အပါအဝင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကိုးကန့်တပ်ဖွဲ့ (MNDAA)၊ တအာင်းတပ်ဖွဲ့ (TNLA) စသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း (ERO) များ သိမ်းပိုက်ထိန်း ချုပ်ထားသည့်မြို့များအား တရားဝင်လက်လွှတ်စေရန် ဦးတည်သော တိုက်တွန်းချက်အဖြစ် ရှုမြင်နိုင်သကဲ့သို့ စစ်အုပ်စုအာဏာတည်မြဲရေးအတွက် ထွက်ပေါက်ရှာခြင်းဟုလည်း ကောက်ယူနိုင်ပါသည်။

နောက်ထပ်ကြောင်းကျိုးဆက်စပ်မှုအဖြစ် တော်လှန်ရေးအင်အားစုများဘက်တွင် နောက်ဆုံးထွက်ပေါ်လာသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦး‌ဆောင်ကောင်စီ (SCEF) ၏ အတွန်းအလှုပ် များနှင့် ဆက်စပ်ကြည့်နိုင်ပါသည်။ ဆိုခဲ့ပါတိုက်တွန်းချက်အတိုင်း လက်တွေ့အကောင်အထည်ဖော်နိုင်ပါက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် နွေဦးတော်လှန်ရေးအင်အားစုများနှင့် ERO များစုဖွဲ့ထားသော SCEF ၏ အရွေ့ကို ဟန့်တားရပ်တန့်ပစ်နိုင်ခြေရှိသည်ဟု တရုတ်အစိုးရနှင့် အာဏာသိမ်းစစ်အုပ်စုတို့ တွက်ဆထားပုံရသည်။

ဖော်ပြပါတော်လှန်ရေးအင်အားစုများ၏ ဒေသအလိုက်၊ အဖွဲ့အစည်းအလိုက် သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့အခြေအနေကို လေ့လာကြည့်ပါက တရုတ်အစိုးရ၏ တိုက်တွန်းချက်သည် နိုင်ငံအတွင်းရှိ ပဋိ ပက္ခအတွင်း ပါဝင်ပတ်သက်နေကြသော အာဏာသိမ်းစစ်အုပ်စုအပါအဝင် ဇာတ်ကောင်များအကြား ပိုမိုရှုပ်ထွေးလာမည့်အရိပ်အယောင်များဆီ ဦးတည်နေသည်ဟု ရှုမြင်နိုင်ပါသည်။

NUG အပါအဝင် နွေဦးတော်လှန်ရေးအင်အားစုများနှင့် ERO များကို ကန့်ထုတ်လိုက်ခြင်းသည် ပဋိပက္ခဖြေရှင်းရေးကို ဦးတည်နေခြင်းမဟုတ်ဘဲ စစ်ရေး၊ နိုင်ငံရေးနှင့် နိုင်ငံတကာအရေးစသော ဘက်ပေါင်းစုံမှ ဖိအားများတနင့်တပိုးရင်ဆိုင်နေရသည့် အာဏာသိမ်းစစ်အုပ်စုအတွက် ဖိအားတစိတ်တပိုင်း လျော့ချရရေးသပ်သပ်သာဖြစ်နိုင်သည်ဟု ဆိုရပါမည်။

တရုတ်အစိုးရ၏ ‌မျှော်လင့်ချက်

တရုတ်နိုင်ငံသည် နှစ်နိုင်ငံခေါင်းဆောင်များ၏ အရေးကြီးသောသဘောတူညီချက်များကို အကောင်အထည်ဖော်ရန်၊ လုံခြုံရေးနှင့် ဘေးကင်းရေးကို အာမခံချက်ပေးရင်း စီးပွားရေးစင်္ကြံအောက်ရှိ အဓိကစီမံ ကိန်းများကို တိုးမြှင့်ဆောင်ရွက်ရန်၊ အရည်အသွေးမြင့်ရပ်ဝန်းနှင့် လမ်းကြောင်းပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်၊ တရုတ်-မြန်မာ အနာဂတ်အသိုက်အဝန်းတည်ဆောက်ရေးကြိုးပမ်းမှုများကို  နက်ရှိုင်းစေရန်အတွက် ပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိကြောင်း မစ္စတာတိန့်ရှီကျွင်း (Deng Xijun) က ပြောဆိုထားပါသည်။

ထူးခြားချက်အဖြစ် ၎င်းတို့အနေဖြင့် တရားမျှတသော ရပ်တည်ချက်ကို ဆက်လက်ထိန်းသိမ်းကာ မြန်မာနိုင်ငံရှိသက်ဆိုင်ရာအဖွဲ့အစည်းများ၏ ဆန္ဒများ၊ မျှော်လင့်ချက်များနှင့်အညီ မြန်မာ့ငြိမ်းချမ်းရေးလုပ် ငန်းစဉ်အတွက် လိုအပ်သောကူညီထောက်ပံ့မှုများကို ပေးအပ်သွားမည်ဟုလည်း ၎င်းက ဆိုပါသည်။

ထို့ကြောင့် အာဏာသိမ်းစစ်အုပ်စုကိုသာ ဗဟိုပြုချဉ်းကပ်ထားသော တရုတ်အစိုးရ၏ တိုက်တွန်းချက်သည် မြန်မာနိုင်ငံအတွင်းမှ ၎င်းတို့၏ စီးပွားရေးနှင့် မဟာဗျူဟာမြောက် စီမံကိန်းလုပ်ငန်းများအကျိုးကို ရှေးရှုကာ နယ်မြေထိန်းချုပ်မှုကျယ်ပြန့်လာနေသော ERO များနှင့် စစ်အုပ်စုအကြား ချိန်ညှိဆက်ဆံနိုင်မည့် ချဉ်းကပ်မှုမျိုးဆီ ဦးတည်နေသည်ဟု ရှုမြင်ရပါသည်။ သို့သော် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် အာဏာသိမ်းစစ်အုပ်စုအား ဆန့်ကျင်တော်လှန်နေကြသော နွေဦးတော်လှန်ရေးအင်အားစုများအား ဖြေရှင်းရေးအတွက်မူ တရုတ်အစိုးရအနေဖြင့် အာဏာသိမ်းစစ်အုပ်စုအား အပြည့်အဝ ပုံအပ်ထားသလားဟူသည်က မေးခွန်းထုတ်စရာ ဖြစ်နေပါသည်။

ယင်းသို့သော ERO များနှင့် နွေဦးတော်လှန်ရေးအင်အားစုများအား ခွဲကန့်ထားခြင်း၊ သပ်လျိုရန် ကြိုးပမ်းနေခြင်းသည် မြန်မာနိုင်ငံအတွင်း ပဋိပက္ခဖြစ်စဉ်များကို အမှန်တကယ်ဖြေရှင်းရာမရောက်ဘဲ ပိုမိုရှုပ်ထွေးသည့် အကွဲအပြဲများနှင့် ပဋိပက္ခအရှိန်ပြင်းထန်ကျယ်ပြန့်စေရန်ပင် ဦးတည်သွားနိုင်ကြောင်း သတိပြုရပါမည်။ အထူးသဖြင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ သတိပေးခဲ့သော စည်း (၃) စည်း ၃ အနက် ပထမစည်းဖြစ်သည့် “မြန်မာနိုင်ငံအတွင်း ပြည်တွင်းမတည်မငြိမ်ဖြစ်မှုနှင့် ပြည်တွင်းစစ်ဖြစ်ပွား‌၍မရခြင်း” ဟူသောစည်းကို တားဆီးနိုင်ဖွယ်မရှိကြောင်း ရှုမြင်ရပါသည်။

သုံးသပ်တင်ပြချက်

မြန်မာနိုင်ငံအား အာဆီယံမိသားစု၏ လမ်းကြောင်းမှ ကင်းကွာသွား၍ မရခြင်း၊ ပြင်ပအင်အားစုများ ထင်သလိုစိမ့်ဝင်၍ ဝင်ရောက်စွက်ဖက်မှုကို ခွင့်မပြုခြင်းဟူသော တရုတ်အစိုးရ၏ ကျန်စည်း (၂) စည်းအား အကောင်အထည်ဖော်နိုင်ရန်အတွက် တရုတ်အစိုးရအနေဖြင့် မြန်မာစစ်အုပ်စုကို တွန်းတင်လျက်ရှိသည်။ အာဏာသိမ်းစစ်အုပ်စုအဖြစ်မှ ရွေးကောက်ခံအစိုးရတရပ်အသွင် ပြောင်းလဲနိုင်ရေးအတွက် အတုအယောင် ရွေးကောက်ပွဲတရပ်ကို ထောက်ကူပံ့ပိုးပေးခြင်း၊ အာဏာသိမ်းစစ်ခေါင်းဆောင်အဖြစ်မှ အသွင်ပြောင်းသမ္မတဖြစ်လာသော ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) မင်းအောင်လှိုင်အား တရုတ်သမ္မတအနေဖြင့် ထိတွေ့ဆက်ဆံပြခြင်း၊ ၁၀၂၇ စစ်ဆင်ရေး၏ ပထမလှိုင်း-ဒုတိယလှိုင်းများအတွင်း အာဏာသိမ်းစစ်အုပ်စု၏ အထိနာပြိုလဲလာခြင်းအား ကြားဝင်စေ့စပ်ကာ အဖက်ဆယ်ပေးခြင်း စသော စစ်အုပ်စုဗဟိုပြုချဉ်းကပ်သည့် ကြိုးပမ်းဆောင်ရွက်ချက်များသည် မြန်မာနိုင်ငံအတွင်းရှိ စစ်ရေးပဋိပက္ခဖြစ်စဉ်များကို လျော့ကျရပ်တန့်သွားစေခြင်းငှာ မစွမ်းဆောင်နိုင်ကြောင်း တရုတ်အစိုးရအနေဖြင့် သတိပြုသင့်ပါသည်။

ထို့အတူ တရုတ်အစိုးရ၏ တိုက်တွန်းချက်များကို အာဏာသိမ်းစစ်အုပ်စုအနေဖြင့် အမှန်တကယ် လိုက်နာပြောင်းလဲလိုသော စိတ်ဆန္ဒမျိုးရှိမရှိဟူသည်က ပြန်လည်ဆန်းစစ်သင့်သော အကြောင်းအချက်တခု ဖြစ်နေသည်။ အကြောင်းမူ ဂျပန်နှင့် အမေရိကန် စသော ဆန့်ကျင်ဘက်အစိုးရများဆီ ဦးတည်နေသည့် စစ်အုပ်စု၏ ခြေလှမ်းများက သက်သေပြနေပါသည်။ ဆယ်စုနှစ်ပေါင်းများစွာ နိုင်ငံ့အာဏာကို အုပ်စီးပြီး ကိုယ်ကျိုးစီးပွားကိုသာ ဦးစားပေးသော အာဏာသိမ်းစစ်အုပ်စု၏ အပြုအမူများ၊ လုပ်ဆောင်ချက်များသည် ၎င်းတို့အာဏာတည်မြဲရေးကိုသာ အစဉ်တစိုက် ဦးတည်လုပ်ဆောင်သည်ကို မမေ့လျော့အပ်ပေ။

ရေရှည်တည်တံ့သော ငြိမ်းချမ်းမှု၊ တည်ငြိမ်မှုနှင့် ပဋိပက္ခချုပ်ငြိမ်းမှုဆီ ဦးတည်သော မြန်မာနိုင်ငံကို မြင်တွေ့လိုပါက အာဏာသိမ်းစစ်အုပ်စုအား ဗဟိုပြုချဉ်းကပ်သော နည်းလမ်းများနှင့် စဉ်းစားချက်များကို ပြန်လည်သုံးသပ်သင့်ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် ERO များနှင့် အခြားသော တော်လှန်ရေးအင်အားစုများ၏ ပေါင်းစည်းဖြစ်တည်မှုများအား အသိအမှတ်ပြုကာ ထိတွေ့ဆက်ဆံခြင်းဖြင့် မြန်မာနိုင်ငံအတွင်းရှိ တရုတ်အစိုးရ၏ စီးပွားရေးနှင့် မဟာဗျူဟာမြောက်စီမံကိန်းလုပ်ငန်းများ လုံခြုံစိတ်ချ ရေး၊ ကာကွယ်စောင့်ရှောက်ရေးနှင့် အလုပ်ဖြစ်နိုင်ရေးကို နည်းလမ်းရှာသင့်ကြောင်း ရှုမြင်ရပါသည်။

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး ဦးတည် သော ERO များအပါအဝင် တော်လှန်ရေးအင်အားစုများ၏ ဘုံနိုင်ငံရေးရပ်တည်ချက်များသည် တရုတ်အစိုး အရအတွက် ထည့်သွင်းစဉ်းစားသင့်သော အကြောင်းအချက်များ ဖြစ်လာနေသည်ကို တရုတ်အစိုးရအနေဖြင့် သတိပြုရမည်ဖြစ်သည်။ ပြည်သူလူထုကို ဦးတည်သော လေကြောင်းတိုက်ခိုက်မှုများကိုပင် ငြိမ်းချမ်းရေးအတွက် တိုက်ခိုက်ခြင်းဟု ခံယူထားသော စစ်အုပ်စု၏ စိတ်သဏ္ဍန်သည် အလွန်စိုးရိမ်ဖွယ်ရာဖြစ်နေပြီး တရုတ်စီးပွားရေးလုပ်ငန်းများ၊ ဇုန်များအနီး လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်များကလည်း ချန်လပ်မထားသင့်သော အကြောင်းအချက်များအဖြစ် သက်သေပြနေကြောင်း တင်ပြအပ်ပါသည်။

၁။ တိုင်းရင်းသားများအတွက် အဆင့်မြင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပုံစံများရှာဖွေရန် တရုတ်တိုက်တွန်းမှု စစ်အုပ်စု လက်ခံရတော့မည်ဟု CDM ဗိုလ်ကြီးဇင်ယော်သုံးသပ်၊ နိရဉ္စရာ၊ ၁၇ အောက်တိုဘာ ၂၀၂၆
၂။ ပြည်နယ်အမည်တွေ ပြောင်းလဲသတ်မှတ်ဖို့ အာဏာသိမ်းစစ်ခေါင်းဆောင် ပြောဆို၊ BNI-MPM ၊ ၁၇ အောက်တိုဘာ ၂၀၂၆
၃။ No party should interfere in Myanmar’s internal affairs, warns China၊ Anadolu Agency ၊ ၁၈ သြဂုတ် ၂၀၂၄