အတုအယောင်အစိုးရ၊ ပဋိပက္ခအတွင်း ဇာတ်‌ကောင်များနှင့် ‌တွေ့ဆုံ‌ဆွေးနွေးရေးလာရာနှင့် လားရာ…

By MPM 10 ဇူလိုင်, 2026 👁 201

အာဏာသိမ်းစစ်အုပ်စု၏ အတုအယောင်ပြည်ထောင်စုလွှတ်တော်မှ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်သည့်နေ့၊ ၂၀၂၆ ခုနှစ် ဧပြီလ ၃ ရက်မှ စတင်ရေတွက်ပါက ဇွန်လ ၃၀ ရက်နေ့သည် စစ်ခေါင်းဆောင် သမ္မတဖြစ်ခြင်း “၈၉” ရက်မြောက်နေ့ဖြစ်သည်။ ၂၀၂၆ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင်ဖွဲ့စည်းသော အာဏာသိမ်းစစ်ခေါင်းဆောင် ဦးဆောင်သည့် အတုအယောင်အစိုးရ၏ သက်တမ်းကို ရေတွက်လျှင်မူ “၈၂” ရက်တာ သက်တမ်းရှိခဲ့ပြီဟု ဆိုရပါမည်။

ယခုတစ်ပတ် BNI-Myanmar Peace Monitor ၏ အပတ်စဉ်သုံးသပ်ချက်တွင် အာဏာသိမ်းစစ်အုပ်စု၏ အတုအယောင်အစိုးရအဖွဲ့၏ (၈၂) ရက်တာသက်တမ်းအတွင်း တွေ့ရှိရသည့် နိုင်ငံတဝှမ်း စစ်‌ရေး ပဋိပက္ခဖြစ်စဉ်များနှင့် နောက်ဆက်တွဲအကျိုးဆက်များကို လက်လှမ်းမီသမျှ အချက်အလက်၊ ဖြစ်စဉ်ဖြစ်ရပ်များ အခြေပြုကာ တင်ပြသွားပါမည်။ အထူးသဖြင့် မြန်မာပြည်ငြိမ်းချမ်းရေးအတွက် လိုလားသူ၊ နှိုးဆော်သူတိုင်းအတွက် အဆိုပါအချက်အလက်များ၊ ဖြစ်စဉ်ဖြစ်ရပ်များသည် ပစ်ပယ်ချန်လပ်ထား၍မရသည့် အကြောင်းအချက်များအဖြစ် ရှုမြင်ရမည်ဖြစ်သည်။

တိုက်ပွဲများ၊ လေကြောင်းတိုက်ခိုက်မှုများနှင့် ပြည်သူလူထုအ‌ပေါ် သက်‌ရောက်မှုများ

၂၀၂၆ ခုနှစ် ဧပြီလ ၁၀ ရက်မှ ဇွန်လ ၃၀ ရက်အထိ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) မင်းအောင်လှိုင်ဦးဆောင်သော အတုအယောင်အစိုးရအဖွဲ့၏ သက်တမ်း (၈၂) ရက်တာအတွင်း မြန်မာနိုင်ငံတဝှမ်း တိုက်ပွဲဖြစ်စဉ်ပေါင်း (၂၂၀) အထိရှိခဲ့ပြီး အတုအယောင်အစိုးရမဖွဲ့ခင် ရက်ပေါင်း (၈၂) ရက်တာအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲအရေအတွက်ထက် အနည်းငယ်လျော့ကျခဲ့ပါသည်။

ထူးခြားမှုအနေဖြင့်မူ ချင်းပြည်နယ်၊ ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်း (အရှေ့ခြမ်း) ဒေသများတွင်တော့ အတုအယောင်အစိုးရမဖွဲ့ခင်ကာလထက် တိုက်ပွဲများ ပိုမိုများပြားခဲ့သည်ကို တွေ့ရပါသည်။ ထို့ကြောင့် အာဏာသိမ်းစစ်တပ်၏ ထိုးစစ်အရွေ့သည် ၎င်းတို့၏ နယ်မြေဆုံးရှုံးမှု အများဆုံးဒေသဖြစ်သော ရခိုင်ပြည်နယ်သို့ ဦးတည်နေကြောင်း ထင်ရှားစေပါသည်။

တဆက်တည်းတွင် အာဏာသိမ်းစစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် အရေအတွက်ကမူ (၂၁၃) ခုရှိခဲ့ပြီး အတုအယောင်အစိုးရမဖွဲ့ခင် (၈၂) ရက်တာကာလထက် ပိုမိုများပြားခဲ့သည်ကို တွေ့ရသည်။ လေကြောင်းတိုက်ခိုက်မှုများ၏ ဦးတည်ရာကို ဒေသအလိုက် လေ့လာကြည့်ပါက ချင်း၊ ပဲခူး (အရှေ့)၊ ဧရာဝတီနှင့် ရခိုင်ပြည်နယ်တို့ဖြစ်နေသည်ကို ထူးခြားတိုက်ဆိုင်စွာ တွေ့ရှိရပါသည်။ ထို့ကြောင့် အတုအယောင်အစိုးရ ဖွဲ့စည်းပြီးနောက် အာဏာသိမ်းစစ်အုပ်စု၏ မြေပြင်ထိုးစစ်နှင့် လေကြောင်းထိုးစစ်များ၏ ဦးတည်ရာသည် အာရက္ခတပ်တော် (AA) ဦးဆောင်သော ရခိုင်ပြည်နယ်တဝှမ်းမှ ဆုံးရှုံးနယ်မြေများ ပြန်လည်ရရှိရေးဖြစ်နေနိုင်ကြောင်း ရှုမြင်သုံးသပ်နိုင်ပါသည်။

နောက်ဆက်တွဲသက်ရောက်မှုများအဖြစ် အာဏာသိမ်းစစ်အုပ်စု၏ အတုအယောင်အစိုးရ ဖွဲ့စည်းပြီးနောက်ပိုင်း ၂၀၂၆ ခုနှစ် ဇွန်လ (၃၀) ရက်အထိ စစ်ရေးပဋိပက္ခဖြစ်စဉ်များနှင့် လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်များအတွင်း အရပ်သားပြည်သူ (၄၈၃) ဦး သေဆုံးခဲ့ရပြီး အရပ်သားပြည်သူ (၁၄၀၀၀၀) ခန့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါသည်။

ပဋိပက္ခ‌လျှော့ချ‌ရေးအတွက် အဓိကဇာတ်‌ကောင်များ

မိမိတို့ BNI-Myanmar Peace Monitor ၏ မှတ်တမ်းအရ စစ်အာဏာသိမ်းကာလစတင်ခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၆ ခုနှစ် ဇွန်လ ၃၀ ရက်အထိ အာဏာသိမ်းစစ်တပ်နှင့် တော်လှန် ရေးအင်အားစုများအကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲဖြစ်စဉ်ပေါင်း (၇၄၅၃) ခုရှိခဲ့ပြီး အဆိုပါတိုက်ပွဲဖြစ်စဉ်များ၏ (၅၄) ရာခိုင်နှုန်း (၄၀၇၄ ခု) သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) များအပါအဝင် စစ်အာဏာသိမ်းကာလအတွင်းတွင်မှ ပေါက်ဖွားလာသည့် နိုင်ငံတဝှမ်း မြို့ပြဒေသအလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF/LDF) နှင့် အာဏာသိမ်းစစ်တပ်အကြား ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်းစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ (ERO) တစ်ဖွဲ့ချင်းစီအလိုက် တိုက်ပွဲဖြစ်ပွားမှုအခြေအနေကို လေ့လာကြည့်ပါက ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ အာရက္ခတပ်တော် (AA) တို့သည် အာဏာသိမ်းစစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားမှု အများဆုံးသော ERO များဖြစ်ခဲ့ကြသည်ကို တွေ့ရသည်။ ထို့အပြင် တအာင်းတပ် (TNLA)၊ ကိုးကန့်တပ် (MNDAA)၊ ချင်းအမျိုးသားတပ်ဦး (CNF) နှင့် ကရင်နီအမျိုးသားပါတီ (KNPP/KA) တို့သည်လည်း အာဏာသိမ်းစစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားမှု အများဆုံးသော ERO များ ဖြစ်ခဲ့ကြပါသည်။

ထို့ကြောင့် အာဏာသိမ်းစစ်အုပ်၏ အတုအယောင်အစိုးရဖွဲ့စည်းပြီး (၁၀) ရက်အကြာတွင်ပြုလုပ်သော ပြည်ထောင်စုအစိုးအရအစည်းအဝေးတွင် ပြောဆိုခဲ့သော အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) မင်းအောင်လှိုင်၏ PDF များ အလင်းဝင်ဖို့ ဖိတ်ခေါ်ချက်နှင့် ဇူလိုင်လ ၃၁ ရက်နေ့မတိုင်မီ ERO များ တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ချက်သည် လက်တွေ့အခြေအနေနှင့် ကင်းကွာလွန်းနေသည်ဟု ဆိုရမည်ဖြစ်သည်။

“ဇူလိုင် ၃၁ ရက်နေ့မတိုင်မီမှာ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ပါမယ်။ ဒီလိုပဲ PDF နဲ့ပတ်သက်လို့ရှိရင်လည်း ဒီကာလအတွင်းမှာ ဥပဒေဘောင်အတွင်း ဝင်လာကြဖို့ ဖိတ်ခေါ်ပါတယ်။ နိုင်ငံရေးအရလည်း ဘာမှ ခိုင်လုံတဲ့ အကြောင်းပြချက်မဟုတ်ပါဘူး” ဟု အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောဆိုထားပါသည်။

သုံးသပ်တင်ပြချက်

အာဏာသိမ်းစစ်အုပ်စုသည် တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်မှုကိုရယူပြီး ကိုးကန့်တပ် (MNDAA) နှင့် တအာင်းတပ် (TNLA) တို့ကို အပစ်အခတ်ရပ်စဲကာ စစ်ရေးပဋိပက္ခအရှိန်ကို လျော့ချနိုင်ခဲ့သော်လည်း ကချင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီ၊ ရခိုင်နှင့် စစ်ကိုင်း၊ မကွေး စသော ဒေသများအတွင်း ထိုးစစ်ဆင်လှုပ်ရှားမှုများကို အရှိန်အဟုန်မြှင့်ကာ ချဲ့ထွင်လုပ်ဆောင်သည်ကို တွေ့ရသည်။

အခြားတဖက်တွင်တော့ တော်လှန်ရေးအင်အားစုများအား အစုအဖွဲ့အလိုက်ခွဲခြားပြီး တွေ့ဆုံဆွေးနွေးရေးခေါင်းစဉ်တပ်ကာ ဖိတ်ခေါ်လျက်ရှိသည်။ ၂၀၂၆ ခုနှစ် ဧပြီလ ၂၁ ရက်နေ့၊ စစ်အုပ်စု၏ ဖိတ်ခေါ်ချက်အရ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးသော ERO များ၊ NCA လက်မှတ်မထိုးရသေးသည့် ERO များနှင့် NCA လက်မှတ်ရေးထိုးပြီး NCA လမ်းကြောင်းမှ သွေဖယ်နေသည့် ERO များဟူ၍ ဖိတ်ခေါ်ထားသော်လည်း စစ်အာဏာသိမ်းမှုကြောင့် ပေါက်ဖွားလာသည့် NUG နှင့် မြို့ပြဒေသအလိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF/LDF) များကိုမူ ရည်ရွယ်ချက်ရှိရှိ ချန်လှပ်ထားခဲ့သည်။

နိုင်ငံတဝှမ်း လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးနှင့် နိုင်ငံရေးပြဿနာများအား နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေးအတွက် စစ်အုပ်စု၏ အတုအယောင်အစိုးရအနေဖြင့် အမှန်တကယ်လိုလားသော စိတ်ဆန္ဒအား ပြသရန်အလို့ငှာ နေရာဒေသမရွေး နေ့စဉ်ရက်ဆက်လုပ်ဆောင်နေသော ၎င်းတို့၏ လေကြောင်းတိုက်ခိုက်မှုများကို အဦးဆုံးရပ်တန့်ဖို့ လိုအပ်ပါလိမ့်မည်။ စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှု ရပ်တန့်သည့်ရက်သည် ပြည်သူလူထု၏ အသက်ရှင်ရပ်တည်ရေး၊ လုံခြုံရေးနှင့် စိုးရိမ်ပူပန်မှုများကို လျော့ကျစေမည့် အကောင်းဆုံးဆုလာဘ်တခု ဖြစ်ပေလိမ့်မည်။

နိုင်ငံတဝှမ်းလုံးရှိ လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်မှုများအား လုံးဝ ရပ်တန့်ပြီဖြစ်ကြောင်း ကြေညာပြီး အာဏာသိမ်းစစ်အုပ်စုအနေဖြင့် လက်တွေ့သက်သေပြနိုင်ပါက စစ်ရေးပဋိပက္ခများ လျှော့ချရေးနှင့် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းများ ထွက်ပေါ်လာနိုင်ချေ ရှိပါသည်။

ထို့ကြောင့် အာဆီယံနှင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရများအနေဖြင့်လည်း အာဏာသိမ်းစစ်အုပ်စု၏ မျက်လှည့်ပြပွဲအတွင်း မျက်စိလည်နေကြမည့်အစား မြန်မာပြည်သူလူထုအတွက် အမှန်တကယ်အကျိုးဖြစ်စေမည့် နည်းလမ်းများကိုသာ ရှာဖွေချဉ်းကပ်သင့်ကြောင်း တင်ပြအပ်ပါသည်။