တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်မှုကြောင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်တပ်တို့အကြား အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးခဲ့ကြောင်း TNLA ဘက်မှ ထုတ်ပြန်လိုက်သည်။
အောက်တိုဘာလ (၂၇ -၂၈) ရက်တို့တွင် တရုတ်နိုင်ငံ ကူမင်းမြို့၌ TNLA ဘက်မှ ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် စစ်အုပ်စုဘက်မှ ဒုဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) ကိုယ်စားလှယ်အဖွဲ့တို့သည် တရုတ်အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်း ၏ ကြားဝင်ညှိနှိုင်းမှုဖြင့် (၉) ကြိမ်မြောက် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း TNLA ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးမှုအတွင်း တရုတ်အထူးကိုယ်စားလှယ်၏ ကြားဝင်စေ့စပ်ညှိနှိုင်းမှုကြောင့် နှစ်ဘက် အပြန်အလှန် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နိုင်ခဲ့ပြီး သဘောတူ သတ်မှတ်ထားသည့် ကာလတွင် မိုးကုတ်နှင့် မိုးမိတ်မြို့နယ်များမှ TNLA တပ်ဆုတ်ခွာမည်ဖြစ်ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှ တရားဝင် ထုတ်ပြန်သည်။
“ဒီတစ်ခေါက် ဆွေးနွေးပွဲမှာ TNLA ဘက်က တပ်ဆုတ်ပေးမယ်ဆိုတာ သဘောတူလိုက်ရတာ။ မိုးကုတ်နဲ့ မိုးမိတ်ကနေ TNLA ဆုတ်မယ်ဆိုတော့ တိုက်ပွဲက မရှိသလောက်ဖြစ်သွားမယ်၊ စစ်ရှောင်တွေလည်း ဒီကြားထဲ နေရပ်ပြန်လို့ရမယ်။ ဒါက စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲမတိုင်ခင်မှာ တည်ငြိမ်မှုရအောင် တရုတ်က ဖိအားပေးလိုက်တာ ဖြစ်မယ်” ဟု သျှမ်းပြည်မြောက်ပိုင်း စစ်ရေးလေ့လာသူတစ်ဦးက သုံးသပ်ပြောဆိုသည်။
ထို့အပြင် အာဏာသိမ်းစစ်တပ်မှ TNLA ထိန်းချုပ်ဒေသအတွင်း လေယာဉ်ဗုံးကြဲခြင်း၊ ထိုးစစ်ဆင် တိုက်ခိုက်ခြင်းများ မပြုလုပ်ဘဲ အောက်တိုဘာ ၂၉ ရက်မှစတင်၍ နှစ်ဘက်ရောက်ရှိသည့် နေရာတွင် တပ်များရပ်တန့်ကာ အပြန်အလှန် အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူလက်မှတ်ရေးထိုးခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ယခု အောက်တိုဘာလအတွင်း အာဏာသိမ်းစစ်တပ်မှ TNLA ထိန်းချုပ်ခဲ့သည့် ကျောက်မဲမြို့နှင့် သီပေါမြို့တို့ကို ပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက် နမ္မတူမြို့ဘက် မြေပြင်ထိုးစစ်ဆင် တိုက်ခိုက်နေစဉ် နှစ်ဘက်တပ်ဖွဲ့ကြား အပစ်ရပ် သဘောတူညီချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
လက်ရှိ TNLA လက်အောက်တွင် နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ ကွတ်ခိုင်နှင့် နမ့်ခမ်း (၅) မြို့နယ် ကျန်ရှိနေပြီး အုပ်ချုပ်ရေးယန္တရားများ လည်ပတ်လျက်ရှိသည်။
အလားတူ တရုတ်နိုင်ငံ၏ ကြားဝင်စွက်ဖက်မှုဖြင့် ယခုနှစ် ၂၀၂၅ ဧပြီလထဲတွင် အာဏာသိမ်းစစ်တပ်က လားရှိုးမြို့ကို ကိုးကန့်တပ်ဖွဲ့ MNDAA လက်ထဲမှ ပြန်လည်ရယူခဲ့ပြီး လေကြောင်းပစ်ကူ၊ မြေပြင်စစ်ကြောင်း အင်အားအများအပြားဖြင့် TNLA လက်အောက်ရှိ နောင်ချိုမြို့ကို ၂၀၂၅ ဇူလိုင် ၁၅ ရက်တွင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။
ညီနောင်မဟာမိတ်တပ်များနှင့် အာဏာသိမ်းစစ်တပ်အကြား “၁၀၂၇ စစ်ဆင်ရေး” ၂ နှစ်တာ တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ တန်ပြန်ထိုးစစ်များမှာ လေကြောင်းဖြင့် နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အရပ်သားသေဆုံးမှု တစ်ထောင်ကျော်ရှိခဲ့ပြီး တစ်ထောင်ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သျှမ်းသံတော်ဆင့်မှ ကောက်ယူထားသော မှတ်တမ်းများအရ သိရသည်။
သျှမ်းသံတော်ဆင့်