သံဖြူဇရပ်တွင် ဖမ်းမိခဲ့သည့် ရိုဟင်ဂျာ ၁၄၀ ဦးကို ကျိုက်မရောထောင်ပို့

By MPM 16 ဩဂုတ်, 2023 👁

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲခမိကျေးရွာအုပ်စု ရွာသာယာကျေးရွာအနီးတွင် ဖမ်းမိခဲ့သည့် အထောက်ထားမဲ့ ရိုဟင်ဂျာ ၁၄၅ ဦးအနက်မှ ၁၄၀ ဦးကို ကျိုက်မရော ဗဟိုအကျဉ်းထောင်သို့ ပို့ဆောင်ထားကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၁ ရက်နေ့ နံနက်ပိုင်းက ရေး-သံဖြူဇရပ် ကားလမ်း ရွာသာယာကျေးရွာအနီးတွင် မြေသယ်ယာဉ် ၄ စီးဖြင့် တင်ဆောင်လာသည့် ရိုဟင်ဂျာများကို သက်ဆိုင်ရာက ရပ်တန့်စစ်ဆေးခဲ့ရာမှ ဖမ်းဆီးမိခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးရမိသည့် ရိုဟင်ဂျာ အမျိုးသား ၁၂၇ ဦး၊ အမျိုးသမီး ၁၈ ဦးအနက် အမျိုးသား ၁၂၃ ဦးနှင့် အမျိုးသမီး ၁၇ ဦးတို့ကို လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေဖြင့် အမှုဖွင့်ထားပြီး ကျိုက်မရော ဗဟိုအကျဉ်းထောင်သို့ ပို့ဆောင် ထားသည်ဟု လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက အခုလို ပြောသည်။

“အသက် ၁၀ နှစ်အောက် ကျား ၄ ဦးနဲ့ မ ၁ ဦး ကိုတော့ လဝကဦးစီးဌာနက မော်လမြိုင်မြို့နယ်၊ ကွမ်းခြံကုန်း ရပ်ကွက်မှာရှိတဲ့ ‘ဇာမေအာ ဇမီရီရာကာစီလွန်းအိုလွန်’ စာသင်ကျောင်းကို ပို့ဆောင်ထားတယ်Ó ဟု ၎င်းက ပြောသည်။

အဆိုပါ ရိုဟင်ဂျာများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းမှ စက်လှေဖြင့် ထွက်လာပြီး သံဖြူဇရပ်မြို့နယ် သပြေချောင်းဝတွင် လှေကပ်ကာ ထိုမှတဆင့် မြေသယ်ယာဉ်များဖြင့် တင်ဆောင်လာခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၂၃ ခုနှစ်အတွင်း မွန်ပြည်နယ် သံဖြူဇရပ်၊ မုဒုံ၊ မော်လမြိုင် အစရှိသည့် မြို့နယ်တို့တွင် အထောက်အထားမဲ့ ရိုဟင်ဂျာ ၅၀၀ ဦး ထက်မနည်း ဖမ်းဆီးမိခဲ့သည်ဟု လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ် အပါအဝင် နိုင်ငံတဝှမ်းတွင် အထောက်အထားမဲ့ ရိုဟင်ဂျာများ ဖမ်းဆီးခံရသည့် ဖြစ်စဉ် မကြာခဏ ဖြစ်ပွားလေ့ရှိနေသည့်အပြင် တချို့မှာ လမ်းတွင်ပင် တရားခံမပေါ်ဘဲ သတ်ဖြတ်ခံရသည့် ဖြစ်စဉ်များရှိကြောင်း သိရသည်။

IMNA ပေးပို့သည်။