လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရသည့် အာယုတောင်နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာဒေသခံများ ပြန်လွတ်လာ

By MPM 18 နိုဝင်ဘာ, 2025 👁

အာဏာသိမ်းစစ်တပ် စစ်ကြောင်းမှ လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရသည့် မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ အာယုတောင်ကျေးရွာနှင့် အနီးတစ်ဝိုက်ရှိ ဒေသခံများကို လမ်းပြနှင့်လူသားဒိုင်းအဖြစ်အသုံးပြုပြီးနောက် နိုဝင်ဘာ ၁၆ ရက်နေ့က ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။

အင်အား ၇၀ ကျော်ဖြင့် တောင်စွန်း-အာယုတောင်-တောင်ဘုံ-မော့ကနင် လမ်းပိုင်းတစ်လျှောက် နယ်မြေရှင်းလင်းရေး လှုပ်ရှားနေသော အာဏာသိမ်းစစ်တပ် စစ်ကြောင်းတစ်ခုမှ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်နေ့က လမ်းသွားလမ်းလာပြုသူများနှင့် ခြံလုပ်သား၂၀ ဦးထက်မနည်းကို ဖမ်းဆီးခဲ့ကြောင်းသိရသည်။

ဖမ်းဆီးထားသူများကို ၎င်းတို့နယ်မြေရှင်းလင်းရေးနှင့် စစ်ကြောင်းထိုးရာနေရာတစ်လျှောက် လမ်းပြနှင့် လူသားဒိုင်းအဖြစ် အသုံးပြုခေါ်ဆောင်ပြီးနောက် နိုဝင်ဘာ ၁၆ ရက်နေ့တွင် ကျောင်းရွာနှင့် မနီးမဝေးတစ်နေရာတွင် စစ်ကော်မရှင်အဖွဲ့မှ ပြန်လွှတ်ပေးခဲ့ကြောင်း ဖမ်းဆီးခံရသူ မိသားစုနှင့်နီးစပ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

“သူတို့ဖမ်းခဲ့တဲ့သူတွေ ပြန်လွတ်လာပြီ။ အဲဒီအထဲမှာ အမျိုးသား ၂၀ ကျော် ပါတယ်။ အာယုတောင်ရွာကသူတွေလည်းပါတယ်။ အခြားရွာကလူတွေလည်း ပါတယ်။ ကျမနဲ့ နီးစပ်တဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ မောင်လေးလည်းပါတယ်။ မနေ့ကပဲ စစ်တပ်က သူတို့ကို ပိုက်ဆံတစ်သောင်းစီပေးထားပြီး ကျောင်းရွာဘက်မှာ လွှတ်ထားတယ်” ဟုအမျိုးသမီးတစ်ဦးက ဆိုသည်။

ထို့နောက် မိသားစုဝင်များက ပြန်လည်ခေါ်ဆောင်လာရကြောင်းနှင့် ထိခိုက်ဒဏ်ရာရရှိသူများ မရှိကြောင်းလည်း ဆိုသည်။

ဖမ်းဆီးခံထားရသူများတွင် အသက် ၁၇ နှစ်မှ ၄၀ အရွယ်ရှိ အာယုတောင်၊ တောင်စွန်း၊ တောင်ဘုံနှင့် ပိုင်ဝမ်ကျေးရွာများမှ ဒေသခံများ အမျိုးသားများ ဖြစ်ကြပြီး လမ်းပြနှင့် လူသားဒိုင်အဖြစ်အသုံးပြုပြီးနောက် ဒေသခံများကို ကျောင်းရွာအခြေစိုက် ခမရ ၅၉၁ တပ်ရင်းတွင် ထိန်းသိမ်းထားခြင်း ဖြစ်နိုင်ကြောင်းလည်း သူမကပြောသည်။

အာဏာသိမ်းစစ်တပ်မှ ဒေသခံများကို ဖမ်းဆီးနေမှုကြောင့် အာယုတောင်နှင့် အနီးအနားရှိ ဒေသခံများ ဥယျာဉ်ခြံသွားလာခြင်း၊ အနီးအနားရွာများသို့ သွားလာလှုပ်ရှားခြင်းများ မလုပ်ဆောင်နိုင်ဘဲ အခြေအနေစောင့်ကြည့်နေရသည်ဟု ဒေသခံခြံလုပ်သားတစ်ဦးက ဆိုသည်။

“ခုဆို ခြံသွားလာရတာ ကြောက်နေရတယ်။ သူတို့နဲ့ မဆုံရင်တော့ ဘာမှမဖြစ်ဘူး။ သူတို့စစ်မြေပြင်ထွက်ရင်နဲ့ ကိုယ်နဲ့ဆုံမိသွားရင် ဒုက္ခရောက်သွားမှာကို စိုရိမ်းရတယ်။ ခုက ခြံသိပ်မသွားဖြစ်ဘူး။ အခြေအနေကလဲ မကောင်းဘူးလေ” ဟု အထက်ပါ ခြံလုပ်သားက ဆိုသည်။

ဒေသခံများကို ဖမ်းဆီးလုပ်ဆောင်ခဲ့သည့် အဆိုပါ အာဏာသိမ်းစစ်တပ် စစ်ကြောင်းသည် ယနေ့အထိ အာယုတောင်ကျေးရွာအပါအဝင် အနီးတစ်ဝိုက်ရှိ ရွာသစ်၊ ရွာကလေး၊ တောင်စွန်းကျေးရွာတို့တွင် နယ်မြေရှင်းလင်းမှုများ ဆက်လက်လုပ်ဆောင် နေဆဲဖြစ်ကြောင်းလည်း သိရသည်။

အရပ်သားများအား စစ်ဆင်ရေးအတွင်း ဒိုင်းသဖွယ်ရည်ရွယ်အသုံးပြုခြင်းသည် နိုင်ငံတကာလူသားချင်းစာနထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်ရာေရောက်ပြီး ၎င်းကို နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေ IHL နည်းဥပဒေ (၉၇) အောက်တွင် တားမြစ်ထားသည်။

လွတ်လပ်သော မွန်သတင်းအေဂျင်စီ