လူသားချင်းစာနာရေးအကူအညီအတွက် နိုင်ငံတကာနှင့် ညှိနှိုင်းရာတွင် ပါဝင်ခွင့်ရရေး စစ်ကောင်စီကို ဆွေးနွေးခဲ့ဟု PPST ပြောဆို

By MPM 3 စက်တင်ဘာ, 2023 👁

NCA အပစ်ရပ်အဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့- PPST က နိုင်ငံတကာ၏ လူသားချင်း စာနာသည့်အကူအညီများ ရရှိရေးအတွက် ညှိနှိုင်းလုပ်ဆောင်ရာတွင် ပါဝင်ခွင့်ရရန်နှင့် တိုင်းရင်းသား လက်နက်ကိုင်- ERO ဒေသများတွင် နိုင်ငံတကာ အကူအညီများ ပေးအပ်နိုင်ရေး စသော အချက်များအား စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း PPST ၏ ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

NCA အပစ်ရပ်အဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့- PPST နှင့် စစ်ကောင်စီ၏ ငြိမ်းချမ်းရေး ကော်မတီ-NSPNC တို့ ၃ ရက်တာ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်အပြီး ဩဂုတ် ၃၁ ရက်နေ့တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ထိုသို့ ပြောဆိုထားခြင်း ဖြစ်သည်။

ယင်းဆွေးနွေးပွဲအပြီး NCA အပစ်ရပ်အဖွဲ့များ အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ- JMC နှင့် ပူးတွဲလုပ်ဆောင်နေမှုများကို စစ်ကောင်စီ၏ ကိုယ်စားလှယ်အဖွဲ့ထံ ရှင်းလင်းတင်ပြခဲ့ကြောင်းနှင့် ပြည်သူနှင့် တိုင်းပြည်အကျိုးကိုကြည့်၍ ယခုလို တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ရခြင်း ဖြစ်သည်ဟု PPST ၏ ထုတ်ပြန်ချက်ပါ ပြောခွင့်ရသူ ဒေါ်စောမြရာဇာလင်းက ပြောသည်။

“JMC နဲ့ အလုပ်လုပ်နေကြတယ်ဆိုတာကို ရှင်းပြပြီး အများကြီးအထောက်အကူပြုထားတဲ့ ဒေသတွေကို တော့ စာရင်းအင်းနဲ့ ရှင်းပြတယ်။ EAO က ပါဝင်ဖို့ဆိုရင် JMC အနေနဲ့ ပူးပေါင်းဆွေးနွေးလို့ရတယ်ဆိုတဲ့ တစ်ဖက်ကိုယ်စားလှယ်အဖွဲ့ရဲ့ ဖြေကြားမှုကိုတော့ ရရှိတယ်။ ဆွေးနွေးပွဲမှာ ပြောတဲ့အဓိက ကိစ္စတွေကိုတော့ ထုတ်ဖော်ပြောဖို့ ခက်တယ်” ဟု ဒေါ်စောမြရာဇာလင်းက ပြောဆိုသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အပစ်ရပ်အဖွဲ့များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့- PPST တွင် ယခင်က ၇ ဖွဲ့ ပါဝင်ရာမှ ယခုတွင် ၅ ဖွဲ့သာ ပါဝင်လာသော်လည်း ကျန်ရှိသည့် မွန်ပြည်သစ်ပါတီ (NMSP)နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့ မှာ PPST အဖွဲ့ဝင်အဖြစ် ဆက်ရှိနေဆဲ ဖြစ်ကြောင်းနှင့် စစ်ကောင်စီနှင့် သီးသန့်ဆွေးနွေးပွဲ လုပ်ဆောင်လို၍ ဖြစ်နိုင်ကြောင်းလည်း ထုတ်ပြန်ချက်ပါ ပြောခွင့်ရသူက ဆိုသည်။

ယင်းအပြင် NCA ၏ အနှစ်သာရဖြစ်သော ဆွေးနွေးပွဲလမ်းကြောင်းပေါ်မှ သွားမှသာ တိုင်းပြည်၏ လူသားအရင်းအမြစ်များအား အကာအကွယ်ပေးနိုင်မည် ဖြစ်သလို တိုင်းပြည်ဖွံ့ဖြိုး တိုးတက်နိုင်မည် ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး ကြိုးပမ်းခြင်းသည် တိုင်းရင်းသားများ၏ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်ရရေး အဓိပ္ပါယ်ကို မေ့ပျောက်ထားခြင်း မဟုတ်ကြောင်း ၎င်းက ဆက်ပြောဆိုသည်။

ထိုဆွေးနွေးပွဲတွင် စစ်ကောင်စီဘက်မှ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြင်ဆိုလိုသည့် ပုဒ်မများ၊ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကိစ္စများကို တင်ပြဆွေးနွေးခဲ့ကြကြောင်း PPST ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အပစ်ရပ်အဖွဲ့များဘက်မှလည်း ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာတွင် ERO များ ပါဝင်ရေး၊ ပြည်တွင်း နိုင်ငံရေးတွင် ERO များ၏ ကဏ္ဍမြှင့်တင်ရေး အစရှိသည်တို့ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း PPST ၏ ထုတ်ပြန်ချက်တွင် ဆက်ဖော်ပြထားသည်။

PPST ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး တိုင်းရင်းသားအရေးလေ့လာသုံးသပ်သူတစ်ဦးက “စစ်ရှောင်တွေကို အကူအညီပေးဖို့ဆိုတာ ဘယ်နယ်မြေလဲ၊ စစ်ကောင်စီနဲ့ အခုတွေ့နေတဲ့ အဖွဲ့တွေရဲ့ နယ်မြေပဲလားဆိုတာ တော့ ကျနော်သိပ်မရှင်းဘူး။ သိရသလောက် စစ်ကောင်စီနဲ့ သဘောတူညီမှု ရှိထားတယ်လို့ပြောနိုင်တဲ့ AA လက်အောက်က မုန်တိုင်းဒဏ် ခံရတဲ့နေရာတွေဆီ အကူအညီ ရောက်ဖို့ကိုတောင် ပိတ်တဲ့အနေအထားမျိုး တွေ့ရတော့ ဒီလိုတွေ့ဆုံဆွေးနွေးနေတာက ဘာမှအကောင်အထည် ဖော်လာနိုင်မယ်လို့ မမြင်ဘူး” ဟု ပြောသည်။

ထို့အပြင် ယခုလိုတွေ့ဆုံဆွေးနွေးခြင်းသည် စစ်ကောင်စီအား တရားဝင်အစိုးရအဖြစ်သို့ လက်ခံခြင်းနှင့် ဖက်ဒရယ် ပြည်ထောင်စုအတွက် အကျိုးမရှိသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထောက်ခံရာ ရောက်သလို စစ်ကောင်စီ၏ နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားလိုခြင်းနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှတဆင့် ရွေးကောက်ပွဲကျင်းပလိုခြင်း အကျိုးအား ရေကူလောင်းပေးရာရောက်ကြောင်း ၎င်းက သုံးသပ်ပြောသည်။

အပစ်ရပ်အဖွဲ့ ၅ ဖွဲ့နှင့် စစ်ကောင်စီ တို့၏ ၃ ရက်တာတွေ့ဆုံဆွေးနွေးပွဲကို ဩဂုတ် ၂၉၊ ၃၀ နှင့် ၃၁ ရက်နေ့ တို့တွင် နေပြည်တော်၌ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း PPST ၏ ထုတ်ပြန်ချက်ပါအရ သိရသည်။

အလားတူ စစ်ကောင်စီဘက်မှလည်း အဆိုပါဆွေးနွေးပွဲနှင့် ပတ်သက်၍ ထုတ်ပြန်ချက်ပါ အကြောင်းအရာ များ ဆွေးနွေးညှိနှိုင်းခဲ့ကြောင်းသာ ဖော်ပြထားပြီး အသေးစိတ် အချက်အလက်များကိုမူ ထုတ်ပြန်ပြောဆို ထားခြင်းမရှိသည်ကို တွေ့ရသည်။

ကေအိုင်စီ ပေးပို့သည်။