လိပ်သိုတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ဦးသေဆုံး၊ ကလေးငယ် ၄ ဦး ဒဏ်ရာရ

By MPM 11 စက်တင်ဘာ, 2023 👁

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့မြောက်ပိုင်း၊ လိပ်သိုမြို့နယ်ခွဲရှိ ထီးသာစောကျေးရွာတွင် စက်တင်ဘာ ၁၀ ရက်နေ့က စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုခံရပြီး ဒေသခံ ၁ ဦးသေဆုံးပြီး ကလေးငယ် ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါကျေးရွာနှင့် အနီးတဝိုက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီမှ အကြောင်းမဲ့ လေကြောင်းဖြင့် လာရောက်ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၁ ဦး သေဆုံးရသလို ဒဏ်ရာရရှိသော ကလေးငယ် ၄ ဦးအနက် ၂ ဦး ဒဏ်ရာပြင်းထန်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက ယခုလိုပြောသည်။

“ဘာမှတိုက်ပွဲလည်း မဖြစ်ဘဲနဲ့ ဘာလို့ လာကြဲသွားတာလဲ မသိပါဘူး။ ဒဏ်ရာရတဲ့ကလေး ၄ ယောက် စလုံးက ဒီက ရွာသားလေးတွေပါ။ ဘုန်းကြီးကျောင်းကိုလည်း ဗုံးအစအန ထိတော့ ပျက်စီးတာ ရှိတယ်။ ဒီဘက်က လိုင်းမရတော့ တစ်ခုခုဆို ဆက်သွယ်ဖို့ ခက်ခဲတယ်” ဟု ၎င်းက ပြောသည်။

လေကြောင်းပစ်ခတ်မှုကြောင့် ထီးသာစောကျေးရွာရှိ ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးပြီး ကျောင်းအောက် ဘက်ရှိ မူလတန်းကျောင်းနှင့် နေအိမ်များ ပျက်စီးကာ ဒေသခံများလည်း နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်ဟု အဆိုပါဒေသခံအမျိုးသားက ဆက်လက်ပြောဆိုသည်။

အဆိုပါ လိပ်သိုမြို့ခွဲရှိ ကျေးရွာများသည် ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၂) ထိန်းချုပ်နယ်မြေ၊ တောင်ငူခရိုင်အတွင်းရှိပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတို့ နှစ်ဖက်တိုက်ပွဲများ မကြာခဏဖြစ်ပွားသော်လည်း ယခုလို တိုက်ပွဲမဖြစ်ဘဲ လေကြောင်းတိုက်ခိုက်ခြင်းသည် စစ်ကောင်စီက ပြည်သူနှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား သွေးခွဲသည့် လုပ်ရပ်ဖြစ်သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။

“လေယာဉ်နဲ့ ရွာတွေထဲကိုပစ်ချတော့ ရွာသားတွေက ကြောက် PDF လာပြီဆိုရင် စစ်တပ်လေယာဉ်နဲ့ လာကြဲချမှာစိုးလို့ ရွာထဲကို မဝင်ပါနဲ့ဆိုတဲ့ဟာမျိုး လုပ်တာလေ။ အဲ့ဘက်က ရွာတွေဆိုရင် PDF ကို အဝင်တောင် မခံရဲတော့ဘူး။ အခု ထီးသာစောရွာကိုလည်း အဲ့လိုပဲ လုပ်တာပဲ” ဟု ၎င်းက ပြောသည်။

အလားတူ စစ်တောင်းမြစ် အရှေ့ဘက်ကမ်းရှိ ရေတာရှည်မြို့နယ် ရွှေသောင်ကျေးရွာတွင်လည်း စစ်ကောင်စီနှင့် KNLA ပူးပေါင်းတပ်ဖွဲ့များ ပြီးခဲ့သည့် စက်တင်ဘာလ ၇ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင် ၂၀ ကျော် သေဆုံးသဖြင့် လေကြောင်းပစ်ကူဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ-NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားသည်။

အဆိုပါပစ်ခတ်တိုက်ခိုက်မှုများကြောင့် ရွှေသောင်ရွာနှင့် အနီးရှိ ကျေးရွာမှ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရပြီး စစ်ကောင်စီဘက်မှ နယ်မြေအင်အား ဖြည့်တင်းခြင်းများ ပြုလုပ်နေ၍ စိုးရိမ်ထိတ်လန့်နေရကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

ကေအိုင်စီ ပေးပို့သည်။