ရခိုင်ဒုက္ခသည်စခန်းများမှ အမျိုးသမီးများအတွက် ကျန်းမာရေးအသိပညာပေးမှု လိုအပ်နေ

By MPM 11 စက်တင်ဘာ, 2023 👁

ရခိုင်ပြည်ရှိ စစ်ဘေးရှောင်စခန်းနှင့် မွတ်ဆလင်ဒုက္ခသည်စခန်းများတွင် နေထိုင်ကြသော အမျိုးသမီးများအတွက် ထိရောက်သော မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ အသိပညာပေးသင်တန်းများ လိုအပ်နေသည်။

ဒုက္ခသည်စခန်းများရှိ အမျိုးသမီးများမှာ ကျန်းမာရေးဗဟုသုတ အားနည်းခြင်းကြောင့် ကိုယ်ဝန်ပျက်ကျခြင်း၊ သားအိမ်၊ မိန်းမကိုယ်နှင့် ဆက်စပ်သောရောဂါများ အဖြစ်များနေသည်ဟု ကျန်းမာရေးအသိပညာပေး လုပ်ဆောင်နေသူများထံမှ သိရသည်။

“မျိုးဆက်ပွားကျန်းမာရေး အသိပညာပေးမှုတွေ လုပ်ဆောင်ပေးနေပေမယ့် ထိရောက်မှု မရှိသေးဘူး။ ဆိုလိုတာ က လိုက်နာသူဘက်က လိုသလို၊ ပေးတဲ့သူတွေဘက်ကလည်း ထိရောက်တဲ့ အချက်ကိုပဲ ပေးဖို့ လိုပါတယ်။ ကျန်းမာရေးအသိ အားနည်းတာဟာ နောက်ဆက်တွဲဆိုးကျိုး အများကြီး ဖြစ်ပါတယ်” လို့ IDPs Camp များတွင် ကျန်းမာရေး အသိပညာပေးမှု လုပ်ဆောင်နေသော သူနာပြုဆရာမတစ်ဦးက ပြောသည်။

လတ်တလောတွင် IDPs Camp များ၌ နိုင်ငံတကာအဖွဲ့အစည်းများနှင့် အရပ်ဖက်အဖွဲ့အစည်းများမှ ကျန်းမာရေး အသိပညာပေးမှုများ လုပ်ဆောင်နေသော်လည်း ထိရောက်မှု မရှိကြောင်း စစ်ဘေးရှောင်းများထံမှ သိရသည်။

ဒုက္ခသည်စခန်းတွင် နေထိုင်ကြသူများမှာ ကျန်းမာရေးအသိပညာ နည်းပါး၍ မလိုလားအပ်ဘဲ ကိုယ်ဝန်ရရှိခြင်း၊ ကိုယ်ဝန် ဖျက်ချခြင်းများကို တွေ့နေရသည်ဟု စစ်တွေမြို့နယ်၊ သက္ကယ်ပြင် မွတ်ဆလင်ဒုက္ခသည်စခန်းနေ အမျိုးသမီးတစ်ဦးက ပြောသည်။

သက္ကယ်ပြင်စခန်းနေ ဒေါ်အနုဝါရရ်က “ကိုယ်ဝန်ဖျက်ချတဲ့ သူတွေလည်းရှိတယ်။ အရင်လက တစ်ယောက်တောင် ဖြစ်သွားပါသေးတယ်။ ကိုယ်ဝန်ဖျက်ချလိုက်ရင် နောက်ဆက်တွဲ ဘာတွေကြုံရမလဲဆိုတာ သူတို့မသိကြဘူး။ အဓိကတော့ အမျိုးသမီးကျန်းမာရေးနဲ့ ပတ်သက်ပြီး ဗဟုသုတ အားနည်းတာပါ” ဟု ပြောသည်။

ကိုယ်ဝန်ဖျက်ချသည့် အမျိုးသမီးများ၏ နောက်ဆက်တွဲ ကျန်းမာရေးအခြေနေများမှာ သွေးခဲများ ဖြစ်ပေါ်ခြင်း၊ သွေးထွက်လွန်ခြင်း၊ ရောဂါပိုးဝင်နိုင်ခြင်း၊ သားအိမ်ကင်ဆာများ ဖြစ်နိုင်ခြင်း၊ သားအိမ်ပြင်ပ၌ သန္ဓတည်ခြင်းနှင့် ရုတ်တရက် နှလုံးရပ်ပြီး အသက်သေဆုံးနိုင်ကြောင်း ကျန်းမာရေးအသိပညာပေးစာစောင်များတွင် ဖော်ပြထားသည်။

IDPs စခန်းများတွင် သောက်သုံးရေ မသန့်ရှင်းခြင်း၊ နေရာထိုင်ခင်း ကျဉ်းကျပ်ခြင်း၊ အဝတ်အထည်များ အထူးသဖြင့် အတွင်းခံ အဝတ်များကို ခြောက်သွေ့အောင် နေမလှမ်းနိုင်ဘဲ ဝတ်ဆင်ရခြင်းစသည့် တစ်ကိုယ်ရည် သန့်ရှင်းမှု အားနည်းခြင်းကြောင့် အမျိုးသမီးကျန်းမာရေး နောက်ဆက်တွဲ ပြဿနာများနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။

ရသေ့တောင်မြို့နယ် စေတီပြင်စစ်ဘေးရှောင်စခန်းမှ ဒေါ်မရွှေဝင်းက “အိမ်မှုကိစ္စကို အမျိုးသမီးတွေက အဓိက လုပ်ဆောင်တာ ဖြစ်တဲ့အတွက် ကျမတို့အမျိုးသမီးတွေ ကျန်းမာရေးကောင်းနေဖို့ အရေးကြီးပါတယ်။ ဒါကြောင့် အမျိုးသမီးနဲ့ သက်ဆိုင်တဲ့ ကျန်းမာရေးအသိပညာပေးမှု လုပ်ဆောင်နေတဲ့ အဖွဲ့တွေအနေနဲ့လည်း အခုထက် အများကြီး ပေးစေချင်ပါတယ်” ဟု ဆိုသည်။

မျိုးဆက်ပွား ကျန်းမာရေးသည် အရွယ်ရောက်ပြီး ဆယ်ကျော်သက်လူငယ်များ အိမ်ထောင်သည်များအပါအဝင် လူတိုင်း သိထားသင့်သည့် ကျန်းမာရေးကိစ္စ ဖြစ်သည်။

ထို့ကြောင့် ဒုက္ခသည်စခန်းများအတွင်း အဖွဲ့အစည်းများ က ကျန်းမာရေး အသိပညာပေးမှုများ လာလုပ်လျှင်လည်း ပူးပေါင်းပါဝင်ရန်နှင့် ပွင့်လင်းစွာ ဆွေးနွေးတိုင်ပင်ကြ ရန် လူမှုကူညီရေးသမားများက တိုက်တွန်းကြသည်။

ရခိုင်ပြည် စစ်တွေ၊ မြေပုံ၊ ပေါက်တော၊ ကျောက်ဖြူ စသည့် မြို့နယ်များတွင် မွတ်ဆလင် ဒုက္ခသည် ၁၅၃,၀၀၀ ရှိကြောင်း ကမ္ဘာ့ကုလသမဂ္ဂဆိုင်ရာ- မြန်မာဌာနေရုံး၏ ၂၀၂၂ ခုနှစ် စက်တင်ဘာလ စာရင်းတွင် ဖော်ပြသည်။ လက်ရှိတွင်လည်း စစ်ရေးပဋိပက္ခကြောင့် ရခိုင်နှင့် ပလက်ဝဒေသ တို့တွင် နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင် ဦးရေ ၅၈,၀၀၀ ကျော် ရှိနေဆဲဖြစ်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။

အောင်ထိန် (DMG) ပေးပို့သည်။