တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် မောတောင်မြို့မှာ နိုဝင်ဘာ ၁၂ ရက်နေ့ မနက်ပိုင်းကစပြီး တိုက်ပွဲဖြစ်နေလို့ မြို့လုံးကျွတ် ထွက်ပြေးနေရကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၄ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မနက် ၆ နာရီလောက်ကစတင်ပြီး မြို့အနီးမှာ အင်အား ၁၀၀ ခန့်ရှိတဲ့ အာဏာသိမ်းစစ်တပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်နေတာကြောင့် မြို့တွင်းနေပြည်သူအားလုံး ထိုင်းဘက်ခြမ်းကို ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။
တိုက်ပွဲ မဖြစ်မီ ၂ ရက်လောက်မှာကတည်းက မောတောင်အခြေစိုက် တပ်စခန်းကနေ မြို့ထဲကို လက်နက်ကြီးနဲ့ ပစ်နေလို့ ဒေသခံတချို့ တိမ်းရှောင်နေရပြီး နိုဝင်ဘာ ၁၂ ရက် တိုက်ပွဲတွေကြောင့် လက်ကျန်ဒေသခံပြည်သူအားလုံး ထွက်ပြေးသွားရတဲ့ဖြစ်တဲ့အကြောင်း KNU တပ်မဟာ ၄ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
တိုက်ပွဲနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် မောတောင်မြို့ခံ ၁၀၀၀ ကျော်ဟာ ထိုင်းဘက်ခြမ်း ဒန်စီခွန်ဂိတ်ဘက် ထွက်ပြေးနေရပြီး ထိုင်းဘက်ခြမ်းကလည်း နိုင်ငံအတွင်းပေးမဝင်တာကြောင့် နယ်စပ်ဂိတ်အနီးမှာ ပိတ်မိနေကြပါတယ်။
မနက် ၉ နာရီခန့်မှာတော့ စစ်ကောင်စီဘက်က မောတောင်မြို့အတွင်းကို တိုက်လေယာဥ်နဲ့ဗုံး ၂ လုံးလာကြဲခဲ့ပြီး ထိခိုက်ပျက်စီးမှု အခြေအနေမသိရသေးဘူးလို့ ဆိုပါတယ်။
တိုက်ပွဲမှာ နှစ်ဖက်လက်နက်ကြီး အပြန်အလှန်ပစ်ခတ်တာ၊ ဒရုန်း ဗုံးချတာတွေကြောင့် တိုက်ပွဲပြင်းထန်နေပြီး နှစ်ဖက် ထိခိုက်အခြေအနေကို မသိရသေးပါဘူး။
မြို့ခံတွေဟာ နိုဝင်ဘာ ၁၀ ရက်နေ့ကစတင်ကာ စစ်ရှောင်ရပြီး ထိုင်းဘက်ကလည်း အဝင်မခံတာကြောင့် နယ်စပ်ဂိတ်အနီးမှာ စုဖွဲ့နေထိုင်နေရတဲ့အပြင် အစားအသောက်၊ အမိုးအကာနဲ့သောက်ရေ လိုအပ်ချက်တွေ ရှိနေတယ်လို့ သိရပါတယ်။
မောတောင်မြို့ကို KNLA ပူးပေါင်းတပ်တွေ ပိတ်ဆို့ထားတာ ၃ လနီးပါးအထိရှိနေသလို မောတောင်မြို့ကို စစ်ကူလာနေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းဟာလည်း သိန်းခွန်ရွာအနီးမှာ KNLA ပူးပေါင်းတပ်တွေရဲ့ ပိတ်ဆို့တိုက်ခိုက်တာကိုခံရပြီး ရှေ့မတိုးနိုင်ဘဲရှိနေတယ်လို့ သိရပါတယ်။
သံလွင်တိုင်းမ်