မယ်စဲ့မြို့နယ်တွင်းတိုက်ပွဲ တပ်ပေါင်းစုမှ ၂ ဦး ကျဆုံး၊ ၅ ဦး ဒဏ်ရာရ

By MPM 8 ဩဂုတ်, 2023 👁

ကရင်နီ (ကယား) ပြည်၊ မယ်စဲ့မြို့နယ် ကျောက်စုကျေးရွာအနီး ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နေ့မှာ တော်လှန်ရေးတပ်ပေါင်းစုတွေနဲ့ စစ်ကောင်စီတပ်တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တော်လှန်ရေး တပ်ပေါင်းစုထဲက ကလလတ တပ်ဖွဲ့ဝင် ၂ ဦးကျဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရသည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများကို တပ်ပေါင်းစုဘက်က သိမ်းပိုက် ရရှိခဲ့ပြီး ဩဂုတ်လ ၆ ရက်နေ့ နယ်မြေရှင်းလင်းရေးလုပ်ရန် သွားရောက်ချိန်မှာ သေဆုံးနေတဲ့ အလောင်းတွေကို စစ်ကောင်စီတပ်က လာရောက်ရှင်းလင်းသွားခဲ့တာ တွေ့ရတယ်လို့ ကရင်နီတပ်မတော် KA ရဲ့ စစ်ရေးချုပ် ဗိုလ်မှုးကြီးဘုန်းနိုင်က ပြောသည်။

“လက်နက်ခဲယမ်းတွေ သိမ်းရတာပေါ့။ သိမ်းရတော့ နောက်တစ်ရက် သွားရှင်းတော့ အလောင်းတွေ မတွေ့တော့ဘူး။ အကုန်လုံး ပြန်သယ်ပြီ။ ရန်သူကတော့ ခမရ ၅၀၈ နဲ့ ၅၁၂ ပေါ့။ အဲ့ဒါက တပ်မ ၅၅ လက်အောက်ခံ တပ်ရင်းတွေ၊ သူတို့ အမှတ်တံဆိပ်တွေ ရထားတော့ သိတယ်လေနော။ KA ဘက်က တော့ ထိခိုက်ဒဏ်ရာရတာ မရှိဘူး။ ဒါပေမယ့် ကလလတက နှစ်ယောက်ကျတယ်။ ငါးယောက် ဒဏ်ရာ ရတယ်။ ဒါပေမယ့် အများကြီးတော့ မဟုတ်ဘူးလို့” ဗိုလ်မှုးကြီးဘုန်းနိုင်က ပြောသည်။

စစ်ကောင်စီတပ်နှင့် နှစ်ဖက်ထိတွေ့ တိုက်ပွဲအတွင်း ကရင်နီတပ်မတော် KA၊ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် KNDF ၊ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)၊ ဖားဆောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် စသည့် တပ်ပေါင်းစုတပ်ဖွဲ့တွေ ပါဝင်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရသည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ် ပြုလုပ်ခဲ့တယ်လို့ တော်လှန်ရေးတပ်ပေါင်းစုက ပြောသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးနှင့် အဆမတန် ပစ်ခတ်မှုတွေကြောင့် တော်လှန်ရေးတပ်ပေါင်းစုဘက်မှ နောက်ဆုတ်ခဲ့ရပေမယ့် လက်ရှိတွင် နေရာပြန်လည်ရရှိဖို့ ကြိုးစား နေတယ်လို့ ဖားဆောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“လေယာဉ် ခြောက်ကြိမ်လောက် လာကြဲသွားတာပေါ့။ ကျနော်တို့တွေ နေရာနည်းနည်းတော့ ဆုတ်ပေး လိုက်ရတယ်ပေါ့နော။ ဒါပေမယ့် တောက်လျှောက်တော့ ကာထားတယ်ပေါ့။ အဲ့ဒါတွေကတော့ ရှိတယ်။ သူတို့ကတော့ အလုံးအရင်းနဲ့ လေယာဉ်နဲ့ပဲ တနေကုန် ဝဲပြီးတော့မှ ခြောက်ကြိမ်လောက် ကြဲသွားတဲ့ အနေအထားမှာ ရှိတာပေါ့။ လေယာဉ်နဲ့ကြဲတာတော့ ကျနော်တို့ဘက်က ထိခိုက်မှု မရှိဘူး။ တခြား လက်နက်ကြီး ပစ်တဲ့အချိန်မှာ ထိခိုက်မှု အနည်းငယ်ရှိတယ်” လို့ ဖားဆောင်းမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်က ရဟတ်ယာဉ်နဲ့အပြင် ဘောလခဲမြို့နယ် ဗျုဟာတပ်ကနေ အင်အားဖြည့်တင်းတာတွေ လုပ်ဆောင်နေပြီး တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေး တပ်ဖွဲ့တွေက ပြောသည်။

ယခုဖြစ်ပွားနေသည့် တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေးတပ်ဦး ကလလတရဲ့ တာဝန်ရှိသူကို ဆက်သွယ်မေးမြန်းရန် ကြိုးစားနေပေမယ့် ဖုန်းစက်ပိတ်ထားတာကြောင့် အဆက်အသွယ် မရရှိခဲ့ပါ။

ကန္တာရဝတီတိုင်း(မ်) ပေးပို့သည်။