ဘောလခဲတွင် အချိန်မီ ဆေးဝါးကုသခွင့်မရတာကြောင့် ၅ နှစ်အောက် ကလေးငယ်တစ်ဦးသေဆုံး

By MPM 20 ဇူလိုင်, 2023 👁

ကရင်နီ (ကယား) ပြည်တွင် စစ်ကောင်စီတပ် ထိန်းချုပ်ထားသည့် ဘောလခဲမြို့ပေါ်အတွင်း ၅ နှစ်အောက် ကလေးငယ်တစ်ဦး ဖျားနာနေချိန် အချိန်မီဆေးဝါးကုသခွင့် မရတာကြောင့် အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဘောလခဲမြို့ခံတွေဆီက သိရသည်။

ဘောလခဲမြို့ပေါ်တွင် စစ်ကောင်စီ၏ စစ်ဆေးရုံတစ်ရုံသာရှိပြီး အချိန်အကန့်အသတ်နဲ့သာ ပြသနေရသည့် အပြင် သက်ဆိုင်ရာ ရပ်ကွက်လူကြီးများရဲ့ ထောက်ခံချက်ပါရှိမှသာ ပြသခွင့်ရတာတွေကြောင့် အဆိုပါ ဖျားနာနေသည့် ကလေးငယ် သေဆုံးခဲ့ရတယ်လို့ မြို့ခံတစ်ဦးက အခုလို ပြောသည်။

“ကလေးက ဖျားမှန်းနာမှန်းတော့ သိတယ်။ ဒါပေမယ့် ကိုယ့်ဖာသာကို အိမ်ထဲမှာပဲ ဆေးကု၊ ဆေးဝါးတွေလည်း မရှိ၊ အပြင်မှာလည်း ဆေးဝါး မရှိတော့ အဲ့ဒါ စစ်ဆေးရုံ သွားမယ်ဆိုတော့လည်း အချိန်အကန့်အသတ်လည်း ရှိတော့ အဲ့ဒါနဲ့ ကလေး ဆုံးသွားရတာပေါ့။ တကယ်လို့ အချိန်မီသာ ဆေးခန်းတွေ ရှိမယ်ဆိုရင် အဲ့ကလေးက မဆုံးနိုင်ဘူး။ အချိန်မီဆေးခန်းလည်း မပို့နိုင်၊ ပြီးတော့ စစ်ဆေးရုံပို့ဖို့ဆိုလည်း ရပ်ကွက်ထောက်ခံစာတွေ ဘာတွေ ယူပြီးရင်လည်း သူ့အချိန်နဲ့သူ ဝင်ရတာပေါ့၊ ညဆိုလည်း မသွားရ၊ မနက်အစောကြီးဆိုလည်း မသွားရ၊ မဝင်ရ ဆိုတော့ ကလေး ဆုံးသွားတာ” လို့ အဆိုပါ မြို့ခံက ပြောဆိုသည်။

သေဆုံးသွားတဲ့ ကလေးငယ်ကို စစ်ဆေးရုံ၌ ပြသဖို့ ထောက်ခံချက်တွေ ယူလို့ရပေမယ့် စစ်ဆေးရုံရဲ့ လက်ခံနိုင်မှု အချိန်အကန့်အသတ်ကြောင့် ပြသခွင့်မရတော့ဘဲ ကလေးအသက် ဆုံးရှုံးခဲ့ရတယ်လို့ အဆိုပါမြို့ခံက ဆိုသည်။

လက်ရှိတွင် ဘောလခဲမြို့ပေါ်ကို စစ်ကောင်စီတပ်က ထိန်းချုပ်နေရာယူထားပြီး မြို့အဝင် ဖြစ်စေ၊ မြို့အထွက် ဖြစ်စေ စစ်ကောင်စီ၏ ခွင့်ပြုချက်ရရှိမှသာ ဝင်ထွက်သွားလာခွင့် ရှိတယ်လို့ ဘောလခဲမြို့ခံတွေက ပြောသည်။

ယင်းအပြင် တောင်ယာလုပ်ငန်း လုပ်ကိုင်သူများသည်လည်း စစ်ကောင်စီတပ်ရဲ့ ခွင့်ပြုချက်ရမှသာ လုပ်ကိုင်ခွင့် ရကြပြီး ၎င်းတို့သတ်မှတ်ထားသည့် နယ်မြေအတွင်းမှာသာ လုပ်ကိုင်နေရတာကြောင့် ဒေသခံအားလုံး တောင်ယာလုပ်ငန်း လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့်မရကြဘူးလို့ ဒေသခံများက ပြောသည်။

“ခွင့်တောင်းရတာပေါ့။ မြို့ပြင်ထွက်တယ်ဆိုရင် သူတိုကို ခွင့်တောင်းရတယ်။ ပြီးတော့ ပေးမသွားရင်တော့ မသွားရဘူးပေါ့။ ပေးသွားလို့ ရှိရင်တော့ သွားရတယ်ပေါ့။ အများအားဖြင့် လုပ်ချင်ကြတယ် တောင်ယာကို၊ ဒါပေမယ့် လုပ်လို့လည်း အဆင်မပြေဘူး။ အဝေးကြီးလည်း ပေးမသွားဘူး။ ဒီမြို့ပြင် နည်းနည်းလောက်ပဲ လုပ်လို့ ရတာပေါ့။ လုပ်ပေမယ့်လည်း သွားလို့ရှိရင် သူတို့နဲ့ ခွင့်တောင်းရတယ်။ ပြန်ဝင်လာလည်း ပြန်ခွင့် တောင်းရတာပေါ့၊ အဲ့လိုမျိုး ရှိတယ်။ အဝေးလည်း ပေးမသွားဘူးလေ” လို့ မြို့နေဒေသခံတစ်ဦးက ပြောသည်။

လတ်တလောတွင် ဘောလခဲမြို့အတွင်း တိုက်ပွဲဖြစ်ပွားတာ မရှိပေမယ့် စစ်ကောင်စီတပ်က ညစဉ်တိုင်း လက်နက်ကြီး ပစ်ခတ်မှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောဆိုသည်။

ဘောလခဲမြို့အတွင်း မြို့ခံလူဦးရေ၏ ငါးဆယ်ရာခိုင်နှုန်းသည် စစ်ဘေးတိမ်းရှောင်နေကြပြီး ကျန် ငါးဆယ် ရာခိုင်နှုန်းသည် မြို့ပေါ်၌ ရှိနေဆဲဖြစ်တယ်လို့ ဒေသခံများ၏ ပြောဆိုမှုအရ သိရသည်။

ဘောလခဲမြို့နယ်၏ လူဦးရေမှာ ၂၀၁၈ ခုနှစ် မတ်လအထိ မြို့နယ်အုပ်ချုပ်ရေးရုံးမှ ထုတ်ပြန်ထားသည့် စာရင်း အရ ၈၀၀၀ ဝန်းကျင်ရှိပြီး ဘောလခဲမြို့ပေါ်၌ နေထိုင်သူ ၂၀၀၀ ကျော် ရှိပြီး ဘောလခဲကျေးလက်ဒေသတွင် နေထိုင်သူ ၄၀၀၀ ကျော်နှင့် ဘောလခဲရွာသစ်၌ ၂၀၀၀ ကျော် နေထိုင်ကြောင်း ထုတ်ပြန်ချက်အရ သိရှိရသည်။

ကန္တာရဝတီတိုင်း(မ်)-ပေးပို့သည်။