ဘင်္ဂလားဒေ့ရှ် BGB အရာရှိအချို့ကို အရေးမယူပါက နှက်ဖက်ဆက်ဆံရေး တင်းမာလာနိုင်ကြောင်း AA ပြော

By MPM 29 စက်တင်ဘာ, 2025 👁

မောင်တောနယ်စပ်ဒေသအတွင်း မွတ်ဆလင်နက်ကိုင်အဖွဲ့ဝင်များဝင်ရောက်လှုပ်ရှားနေမှုတွင် ဘင်္ဂလားဒေ့ရှ် BGB အရာရှိအချို့ပါအဝင်ပတ်သက်နေ၍ အမြန်ဆုံးဖော်ထုတ်အရေးယူပေးရန် အာရက္ခတပ်တော် (AA) က စက်တင်ဘာ ၂၇ ရက်တွင် ထုတ်ပြန်တောင်းဆိုထားသည်။

ဘင်္ဂလားဒေ့ရှ်အနေဖြင့် အရေးယူထိန်းကျောင်းမှုမရှိပါက နှစ်ဖက်နယ်စပ်ဒေသတည်ငြိမ်ရေး၊ လုံခြုံရေးနှင့် ဆက်ဆံရေးတို့တို ထိခိုက်စေကာ နှစ်ဖက်တင်းမာမှုလည်း ပိုမိုမြင့်တက်လာနေစေနိုင်ကြောင်း AA က သတိပေးထားသည်။

မွတ်ဆလင်နက်ကိုင်အဖွဲ့များသည် ဘင်္ဂလားဒေ့ရှ် BGB အရာရှိအချို့၏ အားပေးထောက်ခံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကိုရရှိထားပြီး စစ်ရေး၊ ထောက်ပံ့ရေးအကူအညီများကိုပါ အပြည့်အဝ ရရှိယူထားရုံသာကမ BGB စခန်းအနီးတွင် အခိုင်အမာတပ်စွဲခွင့်ရရှိထားကာ ယင်းမှတစ်ဆင့် ရခိုင်ပြည်သို့ ဝင်ရောက်လှုပ်ရှားနေသည်ဟု ထုတ်ပြန်ချက်ပါရှိသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံအနေဖြင့် နယ်စပ်တည်ငြိမ်းရေးထက် ပဋိပက္ခများကိုသာ ဆက်လက်ကြိုးကိုင်နေသည်မှာ မွတ်ဆလင်ဒုက္ခသည်အရေးကို ကမ္ဘာ့စိတ်ဝင်စားမှု လျော့ကျမသွားစေရန်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်အရေး စောင့်ကြည့်နေသူတစ်ဦးက ရှုမြင်သည်။

“မနေ့က ယူနွတ် ကုလသမဂ္ဂမှာ ပြောသွားတဲ့မိန့်ခွန်းကိုကြည့်ရင် တောက်လျောက် မွတ်ဆလင်ဒုက္ခသည်အရေး ကိုပြောသွားတာကိုပဲကြည့်နိုင်တယ်။ ဒါက သူတို့အတွက် နယ်စပ်တည်ငြိမ်ရေးထက် ကမ္ဘာ့စိတ်ဝင်စားမှုကို ရနေချင်တဲ့ အကြောင်းပြချက်ပဲ။ တကယ်လို့ ကမ္ဘာ့စိတ်ဝင်စားမှုလျော့သွားရင် ဒုက္ခသည်ထောက်ပံ့ငွေ သန်းနဲ့ချီဝင်နေတဲ့ သူတို့ရဲ့ဝင်ငွေတွေအကုန် ရပ်သွားမှာလေ” ဟု ၎င်းကပြောသည်။

မွတ်ဆလင်နက်ကိုင်အဖွဲ့များသည် နတ်မြစ်နှင့်မယူတောင်တန်းလမ်းကြောင်းမှတစ်ဆင့် မောင်တောခရိုင်အတွင်း ဝင်ရောက်ကာ အာရက္ခတပ်တော်လုံခြုံရေးစခန်းများကို တိုက်ခိုက်လာသည့်အပြင် လူပြတ်နေရာများ အရပ်သားများ သတ်ဖြတ်ခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်း၊ ငွေညှစ်ခြင်း၊ ပြန်ပြေးဆွဲယုယက်မှုများကို ဆက်တိုက်ကျူးလွန်ကြောင်း AA က ဆိုသည်။

ARSA အဖွဲ့သည် စက်တင်ဘာ ၁၆ ရက်မှစ၍ မောင်တောမြို့နယ်၊ မြောက်ပိုင်း နယ်စပ်မှတ်တိုင် (၅၆) နှင့် (၅၇) ကြား ပွိုင့် ၆၀၁ တိုက်ခိုက်ခဲ့သော်လည်း တန်ပြန်စစ်ဆင်နွှဲခဲ့သဖြင့် ထိုစခန်းကို ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်ကြောင်း AA ထုတ်ပြန်ချက်က ဖော်ပြသည်။

စက်တင်ဘာ ၂၇ ရက်တွင် ပွိုင့် ၆၀၁ စခန်းအနီးပတ်ဝန်းကျင်နေရာ ၆ ခုတွင် AA နှင့် ARSA တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားမှု ၁၂ ကြိမ်ထက်ရှိခဲ့ပြီး ARSA အဖွဲ့ အလောင်းအချို့နှင့် စစ်သုံးဆောင်ပစ္စည်းများ၊ လက်နက်ခဲယမ်းအချို့သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

လက်ရှိ အာရက္ခတပ်တော်သည် စစ်တွေ၊ ကျောက်ဖြူမြို့အပါအဝင် ရခိုင်နှင့်ထိစပ်နေသည့်နေရာသုံးခုတွင် စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားနေပြီး ARSA အဖွဲ့က ထိုအခြေအနေကို အခွင့်ကောင်းယူကာ စစ်ကောင်စီနှင့်ပူးပေါင်း၍ နယ်စပ်လုံခြုံရေးခစန်းများကို တိုက်ခိုက်နေကြောင်း AA က ဆိုထားသည်။

“AA က ဘင်္ဂလားဒေ့ရှ်နဲ့ ပြသနာမဖြစ်ချင်ပါဘူး။ ဒါက ဘယ်တော်လှန်ရေးအဖွဲ့မဆို ဒီဖက်မှာလည်း တော်လှန်နေရ၊ အနီးအနားက နိုင်ငံနဲ့လည်း ဆန့်ကျင်ဘက်ဖြစ်နေရင် တော်လှန်ရေးက ပိုခက်မှာပေါ့။ AA က အကျပ်အတည်းကာလဖြစ်နေတယ်ဆိုပေမယ့် ဒီလိုအကျပ်အတည်းတွေကိုပဲ မယုံနိုင်လောက်အောင် ကျော်ဖြတ်ပြတာက AA ပါပဲ။ ဘယ်လို မဟာဗျူဟာတွေနဲ့ ချဉ်းကပ်မှာလဲပဲ စောင့်ကြည့်ရ မယ်” ဟု စစ်ရေးလေ့လာစောင့်ကြည့်နေသူ ကရင်လူငယ်တစ်ဦးက ပြောသည်။

ဘင်္ဂလားဒေ့ရှ် – ရခိုင်နယ်စပ်တွင် တကျော့ပြန်စခန်းထလာသော ARSA၊ RSO မွတ်ဆလက်နက်ကိုင် လှုပ်ရှားမှုသည် ရခိုင်ပြည်အတွင်းနေ ပြည်သူလူထုများ၏ လုံခြုံရေးကို တိုက်ရိုက်ခြိမ်းခြောက်စေသာမက ဒေသတွင်း နိုင်ငံခြားရင်းနှီးမှုများ၊ လာရောက်ရင်းနှီးမြှုပ်နှံကြသော နိုင်ငံခြားသားများ၏ လုံခြုံရေးကိုပါ သွယ်ဝိုက်ခြိမ်းခြောက်နေသည်ဟု AA က ပြောထားသည်။

ယင်းကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ယခုကိစ္စကို ဝိုင်းဝန်းစောင့်ကြပ်ပေးရန်နှင့် ဘင်္ဂလားဒေ့ရှ် အစိုးရအနေဖြင့်လည်း နှစ်ဖက်ပြေလည်စေမည့်လမ်းကြောင်းများကို ရှာဖွယ်ကာ နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုကို ဦးစားပေးလုပ်သင့်ကြောင်း AA က တောင်းဆိုထားသည်။

DMG