ဖောင်းပြင်မြို့တွင် ကုန်းလမ်း၊ ရေလမ်း ပြတ်တောက်နေခြင်းကြောင့် ဒေသခံများ စားသောက်နေရေး ပိုခက်ခဲလာနေ

By MPM 21 ဇွန်, 2025 👁

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မော်လိုက်ခရိုင် ဖောင်းပြင်မြို့ကို ကုန်းလမ်းသာမက ရေကြောင်းဆက်သွယ်ရေးလမ်းပါ ပိတ်ဆို့ခံထားရခြင်းကြောင့် ကုန်စည်စီးဆင်းမှုပြတ်တောက်နေသည်မှာ ၆ လကျော် ကြာမြင့်လာပြီဖြစ်ပြီး ဒေသခံများ၏ စာသောက်နေထိုင်ရေးတွင် ပိုမိုခက်ခဲလာနေသည်ဟု ဒေသခံများက ပြောဆိုကြသည်။

လက်ရှိတွင် ကုန်းလမ်းဆက်သွယ်ရေးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ စိုးမိုးနယ်မြေဖြစ်သည့် ပင်လည်ဘူးမြို့နယ်မှ ဖောင်းပြင်မြို့နယ် ဟော်ဇောင်းကျေးရွာထိ သွားလာနိုင်ပြီး၊ ဖောင်းပြင်မြို့ကိုကွင်းကာ ကောက်စာ-မြင်သာ-ညောင်ကုန်း စသည်ဘက်မှ ကွင်းလမ်းဖြင့် သွားလာနေကြောင်း သိရသည်။

ဖောင်းပြင်မြို့၏ ရေကြောင်းဆက်သွယ်ရေးကို NUG လက်အောက်ခံ PDF များက ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက စတင်ပိတ်ဆို့ဖြတ်တောက်ထားခြင်းဖြစ်ကြောင်း ဖောင်းပြင်မြို့ခံများက ပြောသည်။

ယခုလို ကုန်းလမ်းရော၊ ရေလမ်းပါ ဖြတ်တောက်ခံထားရတာကြောင့် ဖောင်းပြင်မြို့ပေါ်၌ စက်သုံးဆီဈေး အဆမတန်မြင့်တက်နေပြီး အခြေခံလူတန်းစားများမှာ စားဝတ်နေရေး မပြေလည်မှုများလာတာကြောင့် မြို့ကိုစွန့်ခွါမှုရှိနေသည်ဟု ဒေသခံများက ပြောဆိုသည်။

“ဓာတ်ဆီ တစ်လီတာ ၁၃၀၀၀ ကနေ ၁၈၀၀၀ ထိရှိတယ်။ ဒီလို အကျပ်တည်းတွေကြောင့် ပညာရေးဝန်ထမ်းတွေအပါဝင် အခြေခံလူတန်းစားတွေ မြို့ကိုစွန့်ခွါကြတာတွေရှိတယ်။ လက်ရှိအခြေနေက မြို့ကနေထွက်ခွါခွင့်ရှိပြီး ပြန်ဝင်ခွင့်မရှိဘူးလို့ NUG-PDF ဘက်က ပြောဆိုထားတယ်” ဟု မြို့တွင်းနေ ဒေသခံတစ်ဦးက ပြောပါသည်။

ဖောင်းပြင်မြို့ပေါ်တွင် နေထိုင်သူဦးရေသည် မြို့နယ်တစ်ခုလုံး၏ ၂၀ ရာခိုင်နှုန်းရှိပြီး လက်ရှိတွင် ကျေးလက်ဒေသမှ စစ်ဘေးတိမ်းရှောင်သူများလည်း မြို့ပေါ်သို့ လာရောက်နေထိုင်ကြပြီး အခြေခံစားသောက်ကုန် စျေးနှုန်းမြင့်တက်မှု၊ ပြတ်လပ်မှုများကို ကြုံနေရခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်တစ်ဦးက ပြောဆိုသည်။

“ကုန်စည်စီးဆင်းမှုကတော့ မရှိသလောက်ဖြစ်နေတယ်။ စားသောက်ကုန်နဲ့ လူသုံးကုန်တချို့ကို ကယ်ရီသမားတွေဆီကနေ ပြန်လည်ဝယ်စားနေရတာရှိတယ်။ ကုန်စျေးနှုန်းမြင့်တဲ့ဒဏ်ကို မြို့ခံတွေရော စစ်ဘေးရှောင် လူထုရော ခံစားနေရတယ်” ဟု ၎င်းက ဆိုသည်။

အိမ်ခြေ ၁၉၀၀ ကျော်ရှိသည့် ဖောင်းပြင်မြို့ဧရိယာများကို စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားများ လည်ပတ်နေပြီး ကျေးလက်ဒေသအားလုံးကို NUG နှင့် KIA၊ PDF များက ၂၀၂၃ ခုနှစ်လည်မှစပြီး ထိန်းချုပ်စိုးမိုးထားသည်။

ရှမ်းနီအသံ ပေးပို့သည်။