တစ်မြို့နယ်လုံးနီးပါး ကေအဲန်ယူက သိမ်းထားသည့် ဖာပွန်မြို့နယ်အတွင်းရှိ စစ်တပ်စခန်းများကို လေယာဉ်ဖြင့် ရိက္ခာပို့ဆောင်နေပြီး မြေပြင်တွင်လည်း ပြန်လည်ထိုးစစ်ဆင်နေသည်ဟု ကေအဲန်ယူ − ကရင်မျိုးသားအစည်းအရုံး၊ တပ်မဟာ (၅)၊ မူတြော် (ဖာပွန်) ခရိုင်၊ ပြောခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စောကလယ်ဒို့က ကေအိုင်စီသို့ပြောသည်။
စစ်တပ်က မူတြော်ခရိုင် အတွင်း အသိမ်းခံခဲ့ရသည့် တပ်စခန်းများကို ပြန်တိုက်ရန်ကြိုးပမ်းနေသလို ဖာပွန်ဗျူဟာကုန်းမကျရေးအတွက် လေကြောင်းမှ ရိက္ခာနှင့် လက်နက်ခဲယမ်းများ ပို့ဆောင်နေခြင်းဖြစ်သည်။
ယခုလို ပို့ဆောင်ရာတွင် အောက်တိုဘာလကုန်ပိုင်းတွင် လေယာဉ်ဖြင့် အထုပ် ၈၀ နီးပါး ပို့ဆောင်ခဲ့ပြီး တချို့ကို ကေအဲန်ယူက သိမ်းဆည်းရရှိခဲ့ခြင်းများလည်းရှိသည်ဟု ဒုဗိုလ်မှူးကြီး စောကလယ်ဒို့က ကေအိုင်စီသို့ ယခုလိုပြောသည်။
“ဒီတခေါက် လာချတဲ့ အထုပ်အားလုံး ၈၀ နီးပါးရှိတယ်။ အထုပ်တွေထဲမှာ လက်နက်ခဲယမ်းပါလားဆိုတာတော့ မသိဘူး။ စားနပ်ရိက္ခာနဲ့ အသုံးအဆောင်ပစ္စည်းတွေ ပါလိမ့်မယ်။ သူတို့လာချပေးတဲ့ အထုပ်တွေ ကျနော်တို့ဘက်လူတွေရတာ တစ်ခါမကဘူး။ အရင်ကလည်း ခဏခနရခဲ့တယ်။ အများအားဖြင့် ဆန်၊ ငါးပိ၊ အမဲဗူးတွေတော့ ပါလာတယ်။ တခါတလေ လက်နက်ခဲယမ်းတွေနဲ့ အရက်တွေလည်း ပါတတ်တယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
စစ်အုပ်စုသည် လက်ရှိ ကမမောင်းမြို့မှ မိုင် ၂၀ ခန့်ဝေးသည့် ကတိုင်တိရွာရှိ ဗျူဟာစခန်းကို ပြန်လည်ရယူ နိုင် ရေး ကြိုးပမ်းနေသလို KNLA ပူးပေါင်းတပ်က ဗျူဟာစခန်းကို အဘက်ဘက်မှ ဆက်တိုက်ပိတ်ဆို့ သည်ဟု သိရသည်။
စစ်တပ် စစ်ကြောင်းက လက်ရှိတွင် ကတိုင်တိတောင်ဘက် ၁၄ မိုင်အကွာရှိ ဝါးဒူးရွာထိ ရောက်နေသော်လည်း တစ်လကျော် ဆက်မတက်နိုင်ဘဲ ပိတ်မိနေခဲ့သည်ဟု စစ်ရေးသတင်းအရင်းအမြစ်များက ပြောသည်။
ထို့အပြင် စက်တင်ဘာလ တတိယအပတ်အတွင်း ကမမောင်းမြို့အထက်ဘက် ဝါးဒူးကျေးရွာတဝိုက် တွင် အခြေ ချပြီး ကတိုင်တိမှ ဗျူဟာကုန်းဘက်အထိ မြေပြင်အင်အားဖြည့်နိုင်ရန် ကြိုးပမ်းနေသည့် စစ်တပ်နှင့် ကရင် အမျိုးသား လွတ်မြောက်ရေးတပ်မတော် – KNLA ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
စစ်ကောင်စီအခြေကျတပ်စွဲနေသည့် ဝါးဒူးရွာနှင့် နှစ်မိုင်ပတ်လည်တွင် ကရင်နယ်ခြားစောင့်တပ်- BGF ၏ ၁၀၁၄ တပ်ရင်းတည်ရှိကာ လှုပ်ရှားနေသည်ဟု သိရသည်။ ထို့ကြောင့် စစ်တပ် စစ်ကြောင်းကို BGF တပ်ဖွဲ့ ဝင်တချို့က အကူအညီပေးကာ ၎င်းတို့တပ်ဖွဲ့ဝင်များကိုယ်တိုင် လိုက်ပါဆောင်ရွက်မှုရှိနေသည်ဟု သတင်းများ ထွက်ပေါ်လျက် ရှိသည်။
ယနေ့အချိန်ထိ တိုက်ပွဲများကြောင့် ဖာပွန်-ကမမောင်းလမ်းတလျှောက် ကျေးရွာများအတွင်း နေထိုင်သူ မရှိတော့ သလို နေရပ်စွန့်ခွာရှောင်တိမ်းနေသူများလည်း နေရပ်မပြန်ရဲကြသေးကြောင်း ဒေသအခြေအနေကို သိထားသူတစ်ဦးက ယခုလို ပြောသည်။
“ဖာပွန်က လူမနေတာကြာပြီ။ လမ်းမဘေးက ရွာတွေလည်း လူတောင်မနေကြတော့ဘူး။ ခွေးသေ၊ မထော၊ ဝှေ့ ရှမ်း၊ ဝှေမှုံ အဲဒီ လမ်းဘေးရွာတွေ အကုန်ပျက်။ ကမမောင်းနားက ရွာတွေလောက်ပဲ လူတွေ နေရဲကြတယ်။ တော်တော်များကလဲ ကမမောင်းဘက်ခြမ်းကိုပဲ ပြောင်းလာနေလိုက်ကြတယ်” ဟု ၎င်းက ပြောသည်။
စစ်အုပ်စုသည် ပူးပေါင်းတပ်များထံ လက်လွှတ်ဆုံးရှုံးခဲ့ရသည့် စခန်းအား ပြန်လည်ရရှိရေးအတွက် ကမမောင်းမြို့ဘက်မှတဆင့် စစ်ကြောင်းထိုးစစ်ဆင်မှုများ၊ လေကြောင်းဖြင့် ခဲယမ်း၊ ရိက္ခာများ ပို့ဆောင်ခြင်းအပြင် ဗုံးကြဲတိုက်ခိုက်ခြင်းများလည်း လုပ်ဆောင်နေသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။
ကေအိုင်စီ