ဖမ်းဆီးစစ်ဆေးခံနေရသော တနင်္သာရီတိုင်း နယ်လုံဝန်ကြီး ရာထူးကဖြုတ်ချခံရ

By MPM 17 ဩဂုတ်, 2023 👁

အဂတိလိုက်စားမှု စွပ်စွဲချက်ဖြင့် ဖမ်းဆီးစစ်ဆေးခံနေရသည့် စစ်ကောင်စီလက်အောက်ခံ တနင်္သာရီတိုင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသိန်းလင်းနေရာတွင် ဗိုလ်မှူးကြီးတစ်ဦးကို အစားထိုး ခန့်အပ်လိုက်သည်ဟု စစ်ကောင်စီက ထုတ်ပြန်သည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၁၉ အရ တနင်္သာရီတိုင်း နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးသိန်းလင်းနေရာတွင် စစ်တက္ကသိုလ် နည်းပြအရာရှိ ဗိုလ်မှူးကြီးမင်းမင်းလတ်ကို အစားထိုးခန့်အပ်လိုက်ဟု စစ်ကောင်စီက ထုတ်ပြန်ခြင်း ဖြစ်သည်။

စစ်ကောင်စီက နယ်လုံဝန်ကြီးအဖြစ် ခန့်အပ်လိုက်သည့် ဗိုလ်မှူးကြီးမင်းမင်းလတ်သည် ပြီးခဲ့သည့်လကတည်းက တာဝန်ထမ်းဆောင်နေပြီ ဖြစ်ပြီး ခန့်အပ်စာကို ယခုမှထုတ်ပြန်ခြင်း ဖြစ်သည်ဟု တနင်္သာရီတိုင်း စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ကမ်းရိုးတန်း တိုင်းစစ်ဌာနချုပ် ဒု-တိုင်းမှူးဗိုလ်မှူးချုပ် သစ်လွင်ထူး၊ အမှတ် (၂၀) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ်ဝင်းကျော်နှင့် နယ်လုံဝန်ကြီးဟောင်း ဗိုလ်မှူးကြီးသိန်းလင်းတို့ကို ပြီးခဲ့သည့် ဇူလိုင် ၂၆ ရက်နေ့တွင် နေပြည်တော် စစ်ကောင်စီ အထူးတပ်ဖွဲ့က လာရောက်ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း သိရသည်။

အဂတိလိုက်စားမှုဖြင့် စစ်ဆေးခံနေရသော နယ်လုံဝန်ကြီးဟောင်း ဗိုလ်မှူးကြီးသိန်းလင်း၏ ပိုင်ဆိုင်မှုများကို စစ်ကောင်စီက ချိတ်ပိတ်ထားကြောင်းနှင့် အဆိုပါလာဘ်ပေးမှုများနှင့် ဆက်စပ်သည်ဟုဆိုပြီး မြိတ်နှင့် ကော့သောင်းမှ လုပ်ငန်းရှင် ၁၀ ဦးကျော်လည်း ခေါ်ယူစစ်ဆေးခံနေရသည်ဟု စစ်ကောင်စီနှင့် နီးစပ်သူများက ပြောဆိုသည်။

ယင်းအပြင် ဖမ်းဆီးစစ်ဆေးခံနေရသည့် ကမ်းရိုးတန်း တိုင်းစစ်ဌာနချုပ် ဒု-တိုင်းမှူးနေရာကို စစ်ဗျူဟာဌာနချုပ်က ဗိုလ်မှူးကြီး အောင်မျိုးထွန်း၊ အမှတ် ၂၀ စကခမှူးနေရာကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဇေယျာလင်းကို ပြောင်းလဲခန့်အပ်ခဲ့ကြောင်း စစ်ကောင်စီနှင့် နီးစပ်သူများထံမှ သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။