ပုလောမြို့နယ်ထဲ စစ်ကောင်စီတပ်ရဲ့ ဒရုန်းကြောင့် PDF တစ်ဦးအပါအဝင် အရပ်သားများ ထိခိုက်သေဆုံး

By MPM 17 ဇူလိုင်, 2025 👁

ပုလောမြို့နယ်ထဲ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့မှုများကြောင့် PDF တစ်ဦး၊ ရွာသားတစ်ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရှိခဲ့သည်ဟု ရွာသားများက ပြောသည်။

ပုလောမြို့နယ်ထဲက ရှပ်ပုံကျေးရွာအုပ်စု အတွင်းရှိ ဆီတောင်ကျေးရွာဘက်သို့ ဇူလိုင်လ ၁၄ ရက်နေ့၊ ညနေ ၄ နာရီခွဲ အချိန်ခန့်က ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီးနောက် ဝါးတန်းရပ်ကွက်ကိုလည်း လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်။

ပုလောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ရှိသူတစ်ဦးက “ဆီတောင်ရွာဘက်ကို ဒရုန်းနဲ့ ဗုံးသီးချ လိုက်လို့ အဖွားတစ်ယောက် ထိခိုက်ဒဏ်ရာရသွားတယ်။ စစ်ကောင်စီက ညနေ ၅ နာရီလောက်မှာ ရှပ်ပုံ ဝါးတန်းကို လက်နက်ကြီး နှစ်လုံးပစ်လိုက်တာ ယောက်ကျားလေးတစ်ယောက် သေဆုံးပြီး မိန်းကလေးနှစ်ယောက် ထိခိုက်ဒဏ်ရာရခဲ့သေးတယ်” ဟု ပြောသည်။

ဇူလိုင်လ ၁၃ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်၏ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာအုပ်စုအတွင်းရှိ အထဲစုရပ်ကွက်မှ အသက် ၄၀ ခန့်အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကာ ပုလောဆေးရုံ၌ တင်ထားရသည်ဟု ရွာသားတစ်ဦးက ပြောသည်။

အလားတူ ဇူလိုင်လ ၁၂ ရက်နေ့ကလည်း ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်မှုများနှင့် လက်နက်ကြီးပစ်ခတ်မှုများထဲ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း (၁) က PDF တပ်ဖွဲ့ဝင်တစ်ဦး ဗုံးသီးထိမှန်ပြီး သေဆုံးခဲ့သည်။

ရှပ်ပုံကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့မှ အင်အားဖြည့်တင်းထားသည့်အပြင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များ ဘက်မှလည်း အသင့်ပြင်ဆင်ထားသဖြင့် နှစ်ဘက်ကြား စစ်ရေးတင်းမာနေသည့် အခြေအနေတွင်ရှိသည်ဟု ရွာသားများက ဆိုသည်။

ရှပ်ပုံကျေးရွာ အနီးဝန်းကျင်တွင် စစ်ကောင်စီ စစ်ကြောင်းရှိနေကာ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသဖြင့် ရွာသားအများစုမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြပြီး အနည်းငယ်သာ ကျေးရွာ၌ ကျန်ရှိနေသည်။

ထွက်ပြေး တိမ်းရှောင်နေရသည့် ရွာသားများမှာ လတ်တလောတွင် အစားအသောက်၊ ဆေးဝါးများနှင့် အမိုးအကာများလည်း လိုအပ်ကြသည်ဟု ရွာသားတစ်ဦးက ဆိုသည်။

ရှပ်ပုံကျေးရွာနှင့် အနီးဝန်းကျင်တွင် တိုက်ပွဲများဖြစ်ပွားလာချိန်၌ ရွာသားများမှာ ဘေးလွှတ်ရာသို့ တိမ်းရှောင်လေ့ရှိကြပြီး တိုက်ပွဲများ ငြိမ်သက်သွားမှသာ ကျေးရွာအတွင်း ပြန်လာနေထိုင်လေ့ရှိကြကြောင်း ဆိုကြသည်။

သတင်းနှင့်မီဒီယာကွန်ရက်