ပိုင်ကျုံမြို့နယ် နော်တခီးရွာရှိ ကရင်စာသင်ကျောင်း အသေခံဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး ၃ ဦးဒဏ်ရာရ

By MPM 3 စက်တင်ဘာ, 2025 👁

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၇)၊ ဖားအံခရိုင်၊ တာကရယ် (ပိုင်ကျုံ) မြို့နယ်၊ ပိတခါ့ကျေးရွာအုပ်စု၊ နော်တခီးကျေးရွာ၊ ကရင် ပညာရေးနှင့်ယဥ်ကျေးမှုဌာန – KECD စာသင်ကျောင်းကို စက်တင်ဘာ ၃ ရက်နေ့ နံနက်ပိုင်းတွင် အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ ဆရာ၊ ဆရာမနှင့် ကျောင်းသား စုစုပေါင်း (၃) ဦးတို့ ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု ဒေသခံများနှင့် ကေအဲန်ယူထံမှ သိရသည်။

နောင်တခီးရွာရှိ အမှတ် (၇၀၈၂) ကော်သူးလေ အခြေခံပညာ အလယ်တန်းစာသင်ကျောင်းသို့ ယနေ့ နံနက် ၉ နာရီ ဝန်းကျင် စာသင်ချိန်အတွင်း ကာမီကာဇေအမျိုးအစား ဒရုန်းတစ်စင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းရှိ ဆရာ၊ ဆရာမနှင့် ကျောင်းသားတစ်ဦးတို့ မစိုးရိမ်ရသည့်ဒဏ်ရာ ရရှိသွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“တက်လာတာတော့ ဒရုန်းသုံးစင်းလို့ ကြားတယ်။ တကယ်တမ်း ကျတာတော့ တစ်စင်းပဲ။ ဆရာတစ်ယောက်၊ ဆရာမတစ်ယောက်နဲ့ ကျောင်းသားလေးတစ်ယောက် ဒဏ်ရာရတယ်။ ကျောင်းထိခိုက် ပျက်စီးတာတွေကိုတော့ လောလောဆယ် သေချာမသိရသေးဘူး” ဟု အဆိုပါဒေသခံက ကေအိုင်စီကိုပြောသည်။

အာဏာသိမ်း စစ်အုပ်စုက အသေခံဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ကျောင်းရုံးခန်း၊ ကျောင်းခေါင်မိုးနေရာများ ပျက်စီးသွားသည်ဟု ကေအဲန်ယူ (ဗဟို) က သတင်းထုတ်ပြန်ထားသည်။

လက်ရှိ ပိုင်ကျုံမြို့နယ်အတွင်း ယနေ့နံနက်ပိုင်းတွင် ဒရုန်းဖြင့်တိုက်ခိုက်ပြီးနောက် စစ်အုပ်စုလေယာဉ်များ ပျံဝဲနေသည့်အတွက် ဒေသခံများ လေကြောင်းရန် သတိထားနေထိုင်နေရသည်ဟု မြေပြင်ရှိ ဒေသခံများက ပြောသည်။

ကေအဲန်ယူ၊ တပ်မဟာ (၇) နယ်မြေအတွင်း ၂၀၂၄ ခုနှစ်ကုန်ပိုင်းမှ ယခု ၂၀၂၅ ခုနှစ်နှစ်လည်ပိုင်းထိ စစ်အုပ်စုက အသေခံဒရုန်းဖြင့် တိုက်ခိုက်မှု ၃ ကြိမ်ထက်မနည်းရှိခဲ့သည်။

ထို့အပြင် တပ်မဟာ (၇) ဌာနချုပ်နယ်မြေ၊ ကလို့ယော်လေးဒေသသို့ ဩဂုတ် ၁၀ ရက်နေ့ ညဦးပိုင်းတွင် လေကြောင်းဖြင့် ဗုံး ၂၀ လုံးကျော် ကြဲချတိုက်ခိုက်ခဲ့သည်။

ကေအိုင်စီ