ကရင်ပြည်နယ်အပါအဝင် ပြည်နယ်နှင့်တိုင်း ၄ ခုရှိ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးများအား စစ်ကောင်စီက အစားထိုးခန့်အပ် လုပ်ဆောင်ခဲ့သည့်အပေါ် ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်နယ်မြေ ကော်သူးလေ ဒေသများအတွင်း စစ်ရေးအခြေအနေ ပိုတင်းမာလာနိုင်ကြောင်း KNU ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောကယ်စေးက သုံးသပ်ပြောဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁ ရက်နေ့ ရက်စွဲဖြင့် စစ်ကောင်စီဘက်မှ ထုတ်ပြန်လာသော အမိန့်စာတွင် ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် မန္တလေးတိုင်းတွင် တာဝန်ထမ်းဆောင် နေသော နယ်လုံဝန်ကြီးများအား အစားထိုးပြောင်းလဲခန့်အပ်ကြောင်း ဖော်ပြထားသည်။
“ဝန်ကြီးပြောင်းလဲလဲ မလဲလဲ ကျနော်တို့ ကော်သူးလေဒေသထဲမှာ လတ်တလော သိရှိရတာကတော့ စစ်ရေး အခြေအနေကို သူတို့ (စစ်ကောင်စီ) က ပြောင်းလဲချင်တဲ့သဘောရှိတယ်။ စစ်ရေးတိုးမြှင့်နေတဲ့ အနေအထားလည်း တွေ့ရတာပေါ့နော်။ နယ်လုံဝန်ကြီးပြောင်းလာလို့ ငြိမ်းချမ်းသွားတာကတော့ လုံးဝကို မရှိဘူး၊ စစ်ရေးပိုပြီး တင်းမာလာနိုင်တဲ့ အနေအထားရှိတယ်” ဟု KNU ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောကလယ်စေးက ပြောသည်။
ထို့အပြင် လက်ရှိအနေအထားအရ စစ်ကောင်စီ၏ ယခုကဲ့သို့ ဝန်ကြီးအပြောင်းအလဲများသည် လုပ်ထုံးလုပ်နည်းအရ သာမန်ပြောင်းလဲမှုတရပ်လည်း ဖြစ်နိုင်သလို လုပ်ဆောင်ချက်များ ပိုမိုအဆင်ပြေစေရန် အစားထိုး လဲလှယ်ခြင်းလည်း ဖြစ်နိုင်ကြောင်း ပဒိုစောကယ်စေးက ဖြည့်စွက်သုံးသပ်သည်။
စစ်ကောင်စီ၏ နယ်လုံဝန်ကြီးများ ပြောင်းလဲမှုသည် ကရင်နီပြည်နယ် တစ်ခုတည်းသာမက ဒေသအလိုက် လိုအပ်ချက်အရ အပြောင်းအလဲ လုပ်ဆောင်ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများသောကြောင့် စစ်ဆင်ရေး မဟာဗျူဟာအရ အပြောင်းအလဲ လုပ်ဆောင်ခြင်းဟု ယူဆကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၏ အတွင်းရေးမှူး-၂ ဦးအောင်ဆန်းမြင့်က အခုလိုပြောသည်။
“ကျနော်တို့ ဒေသထဲမှာကတော့ စစ်ကောင်စီက စစ်ရေးပိုတင်းကြပ်တာတို့ အရှိန်အဟုန်မြှင့်တာတို့ အစွမ်းကုန် ဖြစ်နေပြီပဲလေ။ နေ့စဉ်နဲ့အမျှ လက်နက်ကြီးတွေ လေယာဉ်နဲ့ ပစ်နေတာတွေ၊ နောက်ပြီး စစ်ပွဲတွေမရှိဘဲနဲ့ ဒုက္ခသည် စခန်းတွေကို ပစ်ခတ်နေတာတွေ ရှိနေတာဆိုတော့ ဒီထက်လည်း ပိုဆိုးလာနိုင်စရာ မရှိတော့ဘူး” ဟု ဦးအောင်ဆန်းမြင့်က ပြောသည်။
စစ်ကောင်စီသည် အုပ်ချုပ်ရေး အရေးပေါ်ကာလ ခြောက်လသက်တမ်း ထပ်မံတိုးခဲ့ပြီးနောက် ပြီးခဲ့သည့် ဩဂုတ်လအတွင်းက ၎င်းအတွက် အရေးပါသော ကာကွယ်ရေးနှင့် ပြည်ထဲရေးဝန်ကြီး နေရာများကို အစားထိုး ခန့်အပ်ခြင်း လုပ်ဆောင်ခဲ့သလို ယခုနှစ်ဝက်တာကာလအတွင်းလည်း လက်အောက်ခံ ဗိုလ်မှူးကြီးနှင့် ဗိုလ်ကြီး အဆင့်ရှိသူများအား အရပ်ဘက်ဝန်ကြီးဌာနများတွင် ပြောင်းရွှေ့တာဝန်ထမ်းဆောင်စေခဲ့ကြောင်း သိရသည်။
ကေအိုင်စီ ပေးပို့သည်။