နမ်ဆန်ယန်ဘက်ကို ဦးတည်တဲ့ စစ်ကောင်စီယာဉ်တန်း KIA တပ်ရဲ့ ပိတ်ဆို့တိုက်ခိုက်မှုခံနေရ

By MPM 11 စက်တင်ဘာ, 2023 👁

စစ်ရေးတင်းမာနေသည့် ကချင်ပြည်၊ ဗန်းမော်ခရိုင်၊ နမ်ဆန်ယန်ဘက်ကို ဦးတည်စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီ ယာဉ်တန်းသည် ခလားယန် (Hkala Yang) မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ ပိတ်ဆို့ တိုက်ခိုက်ခံနေရပြီး အထိနာနေတယ်လို့ ဒေါ့ဖုန်းယန်ဒေသခံတွေထံက သိရသည်။

ဒေါ့ဖုန်းယန် ခလရ ၁၄၂ တပ်ရင်းထဲ ရောက်ရှိနေသည့် စစ်ကောင်စီယာဉ်တန်း ၂၅ စီး သည် စက်တင်ဘာ ၉ ရက်နေ့မှာ ဒေါ့ဖုန်းယန် အထက်ဘက်ကို ထွက်ခွာလာချိန် ၂ မိုင်လောက်အကွာမှာရှိတဲ့ ခလားယန်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့က လမ်းကြောင်းပိတ်ဆို့ပြီး တိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။

KIA ဘက်က စစ်ကောင်စီယာဉ်တန်းတွေကို ဒေါ့ဖုန်းယန် အထက်ဘက်ကို ဆက်တက်သွားလို့မရအောင် ပိတ်ဆို့ တိုက်ခိုက်နေတာကြောင့် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးတာတွေ ရှိသလို စစ်ရိက္ခာတင် စစ်ကား တချို့လည်း မီးလောင် ထိခိုက်ပျက်စီးသွားတယ်လို့ ဒေါ့ဖုန်းယန်ဒေသခံ အမျိုးသားတစ်ယောက်က ပြောသည်။

“အခုတက်လာတဲ့ စစ်ကားတွေထဲကနေ ၃ စီးက မီးလောင် ပျက်စီးသွားပြီ။ ခလားမှာ တိုက်ခိုက်ခံရတော့ ပျက်စီးသွားတဲ့ ကားတွေလည်း များတယ်။ မောင်းလို့ရသေးတဲ့ စစ်ကားတွေက ဒေါ့ဖုန်းယန်တပ်စခန်းမှာ ပြန်မောင်းလာတာ ရှိတယ်။ ပြီး သူတို့ဘက်ကနေ မောင်းပြန်လာလိုက် ပြန်ထွက်သွားလိုက်နဲ့ လုပ်နေကြတယ်။ မနေ့ည မောင်းလာတဲ့ထဲမှာဆိုရင် ဒဏ်ရာရတဲ့ စစ်သားတွေလည်းပါတယ်” လို့ အဆိုပါဒေသခံက ပြောဆိုသည်။

ထိခိုက်သေဆုံးသွားတဲ့ တပ်သားတွေကို ဒေါ့ဖုန်းယန် ခလရ ၁၄၂ တပ်ရင်းထဲကို လာရောက် ပို့ဆောင် ထားတာတွေ ရှိတယ်လို့လည်း ဒေသခံတွေက ပြောဆိုပေမယ့် ထိခိုက်သေဆုံးမှု အသေးစိတ်ကို သိရှိဖို့ ခက်ခဲနေဆဲ ဖြစ်သည်။

ခလားယန်မှာ အခုလို တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီယာဉ်တန်း ၂၅ စီး မှ စစ်ကား ၁၀ စီး လောက်က ဒေါ့ဖုန်းယန်ဘက်ကို စက်တင်ဘာ ၁၀ ရက်နေ့က ပြန်ခေါက်ဝင်လာတာ ရှိသလို ဒေါ့ဖုန်းယန်ကနေ ပြန်ထွက် သွားတဲ့ စစ်ကားတွေလည်း ရှိနေတာကို တွေ့ရတယ်လို့ အဆိုပါဒေါ့ဖုန်းယန်ဒေသခံက ဆက်ပြောသည်။

“စစ်ကြောင်းတွေက ခလားကနေ ဆက်သွားလို့ မရဘူး ဖြစ်နေတယ်။ မနေ့ပိုင်းက တိုက်ခိုက်ခံရတဲ့ ကား ၁၀ စီး လောက်က ဒေါ့ဖုန်းယန် တပ်စခန်းထဲကို ပြန်ခေါက်ဝင်လာကြတယ်။ ဒီမနက် ၅ နာရီလောက်မှာ ၅ စီးလောက် ပြန်ထွက်သွားပြီ။ ပြီးတော့ ဒီမနက် ၈ နာရီလောက်မှာ ၆ စီးလောက် ပြန်ဝင်လာတယ်။ အဲ့ဒီ ၆ စီးက ကားတံခါး မပါတဲ့ ကားတွေလည်း ပါတယ်။ ဘီးပေါက်တဲ့ကားတွေလည်း ပါတယ်။ အဲထဲမှာ ဒဏ်ရာရတဲ့သူတွေလည်း ပါတယ်။ ဝင်လိုက်ထွက်လိုက်နဲ့ လုပ်နေကြတယ်” လို့ ၎င်းက ပြောသည်။

ပိတ်ဆို့ခံထားရတဲ့ စစ်ကောင်စီယာဉ်တန်း ထွက်ခွာနိုင်ဖို့အတွက် ဟန်းဂိုင်ဘွမ့် (Hanggai Bum)နဲ့ ဖွန်းပရန်ဘွမ့် (Hpun Pyen Bum) စစ်တပ်ကုန်းတွေကနေ စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးများနဲ့ ၁၀ ကြိမ် ထက်မနည်း KIA တပ်ဖွဲ့ ရှိတဲ့နေရာဘက်ကို အဆက်မပြတ် ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါသည်။

KIA တပ်တွေရဲ့ ပိတ်ဆို့တိုက်ခိုက်တာကို ခံရတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ စက်တင်ဘာလ ၉ ရက်နေ့ မနက်ပိုင်းက ဒေါ့ဖုန်းယန် ခလရ ၁၄၂ တပ်စခန်းကနေ ထွက်ခွာလာတဲ့ စစ်ကြောင်းဖြစ်ပြီး လက်ရှိမှာလည်း KIA တပ်တွေဘက်က လမ်းကြောင်းပိတ်ဆို့ တိုက်ခိုက်နေတာကြောင့် အထက်ဘက်ကို ဆက်သွားလို့မရဘဲ ပိတ်မိတိုက်ခိုက်ခံနေရတာ ၂ ရက်ကြာ ရှိပြီလို့ ဒေသခံများက ပြောသည်။

စစ်အင်အားနှင့် စစ်ရိက္ခာအပြည့် တင်လာဆောင်လာတဲ့ အဲဒီ စစ်ကောင်စီ စစ်ကား ၂၅ စီးရှိပြီးပါ စစ်ယာဉ်တန်းဟာ ဒေါ့ဖုန်းယန်ရှိ တပ်စခန်းထဲကို တစ်ပတ်လောက် အကြာကတည်းက ရောက်ရှိနေတာဖြစ်ပြီး KIO ထိန်းချုပ်နယ်မြေ နမ်ဆန်ယန် အနီးတဝိုက်မှာရှိတဲ့ စစ်ကောင်စီတပ်တွေကို စစ်အင်အားနဲ့ လက်နက် ရိက္ခာတွေ သွားရောက်ပို့ဆောင်ပေးဖို့ တက်လာတဲ့ စစ်ယာဉ်တန်းတွေ ဖြစ်တယ်လို့ ဒေသခံတွေထံက သိရသည်။

လက်ရှိအချိန်မှာ ဒေါ့ဖုန်းယန်နဲ့ ခလားယန် လမ်းကြောင်းတလျှောက်မှာ စစ်ကောင်စီတပ်နဲ့ KIA တပ်တို့ တိုက်ပွဲ ပြင်းထန်နေတာကြောင့် ဆက်သွယ်သွားလာရေး လမ်းကြောင်းများကို ပိတ်ဆို့ထားလို့ ဒေသခံ ရွာသားတွေက သွားလာလို့မရဘဲ အခက်အခဲဖြစ်နေကြတယ်လို့လည်း ဒေသခံများက ပြောဆိုသည်။

KNG ပေးပို့သည်။