ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာမှာ တပ်စွဲထားသည့် စစ်ကောင်စီတပ်က စက်တင်ဘာ ၆ ရက်၌ လက်နက်ကြီးဖြင့် အဆက်မပြတ် ရမ်းသမ်းပစ်ခတ်နေပြီး၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်- TNLA ဘက်ကလည်း ရွာသားများကို ရွာထဲကနေတိမ်းရှောင်ကြဖို့ ပြောဆိုနေတယ်လို့ နမ့်ဖက်ကာဒေသခံများက ပြောသည်။
နမ့်ဖတ်ကာကျေးရွာမှာ ခလရ ၁၂၃ စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေသလို TNLA ဘက်က စစ်ကြောင်းထိုး ဝင်ရောက်နေတာကြောင့် ဒေသခံရွာသားများက တိုက်ပွဲပြင်းထန်လာမှာကို စိုးရိမ်ပူပန်နေတယ် လို့ နမ့်ဖက်ကာရွာသားတစ်ဦးက အခုလိုပြောသည်။
“ဒီနေ့ နမ့်ဖတ်ကာမှာ လက်နက်ကြီးသံတွေ ပြန်မြည်နေပြီ။ ရွာသားတွေအားလုံးကြောက်ပြီး ပြန်အောင်းနေကြပြီ။ TNLA ဘက်ကလည်း ဝင်ရောက်လာတော့မလို သတင်းကြားနေရတယ်။ ရွာထဲ၊ ရွာပြင် စစ်တပ်ဘက်က လုံခြုံရေး အပြည့် ယူထားပုံရတယ်။ စစ်ရေးအခြေအနေတင်းမာပြီး ရှုတ်ယှက်ခက်နေတယ်။ ရွာသားတွေကို စစ်တပ်ဘက် ကတော့ ဘာမှမပြောဘူး။ ဒါပေမဲ့ TNLA ဘက်ကတော့ ထွက်ပြေးတိမ်းရှောင်ကြပါ လို့ပြောတာပေါ့။ ကတုတ် ကျင်းတွေ တူးထားပါ၊ တိမ်းရှောင်ရမလိုဖြစ်ရင် တိမ်းရှောင်ကြပါတဲ့” လို့ အဆိုပါဒေသခံရွာသားက ပြောသည်။
TNLA ဘက်မှ တိမ်းရှောင်ကြဖို့ တွန်းအားပေးလာလို့ နမ့်ဖတ်ကာကျေးရွာခံ ပြည်သူများသည် လက်ရှိတွင် နီးစပ်ရာ မြို့၊ ရွာများဆီက ဆွေမျိုး၊ အသိမိတ်ဆွေများဆီကို တိမ်းရှောင်သွားသူတွေ ရှိနေပြီး၊ တိမ်းရှောင်ဖို့ ခက်ခဲသည့် ရွာသားအများစုက ရွာထဲမှာပင်စိုးရိမ်ကြောက်ရွံ့စွာ ဆက်လက်နေကြတယ်လို့ ၎င်းက ဆက်ပြောသည်။
“ရွာသားတွေကတော့ ထွက်ပြေးကြပါလို့ ပြောခံနေရပေမဲ့ ဘယ်ဘက်ကို ထွက်ပြေးရမလဲ ဆုံးဖြတ်ချက်ချရ ခက်နေကြတာပေါ့။ ရွာပြင်ဘက် မြို့၊ ရွာတွေဆီ အသိမိတ်ဆွေတွေ ရှိတယ်ဆိုရင်တော့ တိမ်းရှောင်သွားလို့ ရတယ်။ ဒါပေမဲ့ မိတ်ဆွေ မရှိတဲ့သူ၊ ခက်ခဲတဲ့သူတွေ အတွက်တော့ တိမ်းရှောင်နိုင်ဖို့ ခက်ခဲတယ်။ ပြီးတော့ ကလေးတွေက အစ၊ သက်ကြီးရွယ်အိုတွေက အစ ၊ငွေကြေးက အစ စစ်ရှောင်ရင်တော့ အရမ်းခက်ခဲလာမှာ ဆိုတော့ ထွက်သွားနိုင်ဖို့ ခက်တယ်။ ဒီကပြည်သူတွေက ဒီနေ့လုပ်ဒီနေ့စား ဘ၀တွေပဲလေ။ ထွက်ပြေးကြပါ ပြောနေတာကို မထွက်ပြေးရင်လည်းဒုက္ခ၊ ပြန်ထွက်ပြေးမယ်ဆိုလည်းဒုက္ခ ဒီလိုအခက်အခဲတွေ ရှိနေတာပေါ့” လို့ နမ့်ဖတ်ကာဒေသခံရွာသားက ဆိုသည်။
စစ်ရေးအခြေအနေ ဆက်လက်ပြင်းထန်လာရင်တော့ နမ့်ဖတ်ကာရွာခံများက ဖြစ်တဲ့နည်းလမ်းနဲ့ ထွက်ပြေးကြဖို့ လုပ်ဆောင်ရမယ်လို့ ၎င်းက ဆက်ပြောပါသည်။
နမ့်ဖတ်ကာကျေးရွာ အနီးတဝိုက်ကို ဩဂုတ်လကုန်ပိုင်းနှင့် စက်တင်ဘာလ လဆန်းပိုင်း၌ TNLA ဘက်က စစ်ကြောင်းထိုး ဝင်ရောက်လာသလို စစ်ကောင်စီတပ်ကလည်း လက်ရှိတွင် ရွာထဲ၊ ရွာပြင် လုံခြုံရေးများယူပြီး နမ့်ဖတ်ကာ စစ်တပ်စခန်းကနေ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေလို့ ကျေးရွာအတွင်း လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်နေတယ်လို့ ဒေသခံများက ပြောသည်။
စက်တင်ဘာ ၅ ရက်နေ့ ညပိုင်းက နမ့်ခိုင်စစ်တပ်ကနေ လက်နက်ကြီးဆက်တိုက် ပစ်ခတ်တာကြောင့် မိုင်းယုရွာ ကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ရာမှာ လူထိခိုက်မှု မရှိပေမယ့် နေအိမ်တချို့ ထိခိုက်ပျက်စီးတာ အိမ်မွေးတိရိစ္ဆာန်များ ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ ရွာခံများထံမှ သိရသည်။
ယင်းအပြင် စစ်ကောင်စီတပ် နမ့်ဖတ်ကာ ခလရ ၁၂၃ တပ်ရင်းမှူးက ကျေးရွာတာဝန်ခံတချို့ကို ခေါ်ယူပြီး “ရွာထဲကို TNLA တွေ ဝင်ရောက်လာရင် တအာင်းပြည်သူတွေရှိတဲ့ရွာကို လက်နက်ကြီး ပစ်မယ်၊ KIA တွေ ဝင်ရောက် ပစ်ခတ်ရင် ကချင်ပြည်သူတွေရှိတဲ့ ရွာတွေဆီကို လက်နက်ကြီး ပစ်ခတ်မယ်” လို့ ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောပါသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂၇ ရက်နေ့ မှ ၃၁ ရက်နေ့ အထိ နမ့်ဖတ်ကာကျေးရွာ အနီးတဝိုက်နှင့် နမ့်ခမ်း– မူဆယ် အကြား စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA ၊ တအာင်းတပ် TNLA တို့ အကြား တိုက်ပွဲ ပြင်းထန်ခဲ့ရာမှာ စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးဖြင့် နေရာမရွေး ပစ်ခတ်သလို လေယာဉ်အသုံးပြုပြီး ပြင်းထန်စွာ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံများက ပြောဆိုသည်။
ထိုရက်များအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးများ ရွာအတွင်းရှိ ပြည်သူများ၏ နေအိမ်များကို ကျရောက် ပေါက်ကွဲတာကြောင့် ဒေသခံပြည်သူစုစုပေါင်း ၁၀ ထက်မနည်း ထိခိုက်သေဆုံးမှု ရှိခဲ့ပြီး နေအိမ်အများအပြားနှင့် အိမ်မွေးတိရိစ္ဆာန်များ ထိခိုက်ပျက်စီး သေဆုံးမှု ရှိခဲ့ကြောင်း ဒေသခံများက ဆိုသည်။
နမ့်ဖတ်ကာဒေသခံ အမျိုးသားတစ်ဦးက “အရမ်းခက်ခဲလာတာပေါ့၊ စစ်တပ်ကိုက ပြည်သူကို ညှာတာဖို့ဆိုတာ ဘယ်သူ့မှတောင် မယုံတော့ဘူးလေ။ မယုံဘူးဆိုတာ သူတို့က မပြောလည်း ပစ်ထည့်တယ်။ ပြောပြီဆိုတော့ ပိုပြီးပစ်ထည့်တာပေါ့။ အွန်လိုင်းနဲ့ သတင်းတွေမှာ ဘယ်လောက်တင်နေတင်နေ သူတို့က ဘယ်သူ့ကိုမှ ဂရုစိုက်မှာ မဟုတ်ဘူး။ မီဒီယာသတင်းတွေကိုလည်း ဂရုစိုက်မှာ မဟုတ်ဘူး။ သူတို့က ပိုပြီးတောင်ပစ်ထည့် နေတာ” ဟု ဆိုသည်။
နမ့်ဖတ်ကာကျေးရွာသည် ကွတ်ခိုင်နှင့် မူဆယ်ကြားတွင် တည်ရှိပြီး ကချင်၊ တအာင်း၊ ရှမ်း၊ တရုတ် စသည့် တိုင်းရင်းသားပေါင်းစုံ အတူယှဉ်တွဲနေထိုင်နေသည့် ကျေးရွာကြီးတစ်ခု ဖြစ်သလို အိမ်ခြေ ၁၀၀၀ ကျော် ရှိသည့် ကျေးရွာကြီး တစ်ခုလည်း ဖြစ်သည်။
KNG ပေးပို့သည်။