ဒီးမော့ဆိုအနောက်ခြမ်းက စပါးရိတ်သိမ်းနေတဲ့ တောင်သူတွေကို အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်

By MPM 30 အောက်တိုဘာ, 2025 👁

ကရင်နီ (ကယား) ပြည်နယ် ဒီးမော့ဆိုအနောက်ခြမ်းက စပါးရိတ်သိမ်းနေတဲ့ တောင်သူတွေကို စပါးရိတ်သိမ်းနေတဲ့တောင်သူတွေကို အောက်တိုဘာလ (၃၁) ရက်နေ့ နံနက် (၉) နာရီဝန်းကျင်မှာ အာဏာသိမ်းစစ်တပ်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပါတယ်။

ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဟာ ဒီးမော့ဆို အနောက်ခြမ်းက လယ်ကွင်းတစ်နေရာကို ကျရောက်ပေါက်ကွဲခဲ့ပေမဲ့ လူအထိအခိုက်မရှိဘူးလို့သိရပါတယ်။

“လက်နက်ကြီး နှစ်လုံးလောက်လာတယ်။ ပထမဆုံးတစ်ခေါက်ပေါ့နော။ အမလဲ စပါးရိတ်နေတာ။ လက်နက်ကြီးလာတဲ့ချိန်တော့ ကိုယ်ရှိတဲ့နေရာ လိုက်ဝပ်လိုက်တာပဲ။ စပါးပင်ကြားမှာ ဝင်ပုန်းလိုက်တာပေါ့နော” လို့ လက်နက်ကြီးကျရောက်ပေါက်ကွဲတဲ့နေရာနဲ့ မလှမ်းမကမ်းမှာ စပါးရိတ်သိမ်းနေတဲ့ တောင်သူတစ်ဦးက ပြောပါတယ်။

တောင်သူတွေရဲ့ အဆိုအရ လက်နက်ကြီး ၄ လုံးကျရောက်ပေါက်ကွဲခဲ့ပြီး တောင်သူတွေအနီးက လယ်ကွင်းနဲက ငါးမွေးကန်တွေအတွင်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

“ကြောက်စိတ်ကတော့ သေအောင်ကိုကြောက်တာ။ လက်နက်ကြီးလာနေတုန်းဆို ကိုယ်ဘာတစ်ခုမှ မလုပ်တတ်တော့ဘူး။ စပါးရိတ်နေတဲ့ ရိတ်စည်းတွေဆိုလဲ ဒီတိုင်းပစ်ချလိုက်တာပဲ။ ငုပ်နေလိုက်တယ်။ အဲ့ဒီချိန်မှာဆို အကုန်လုံးငုပ်နေကြတယ်လေ။ လာတဲ့ အသံလဲ ကိုယ်ကြားနေရတယ်လေး။ ဘယ်သူမဆို အကုန်လုံးကြောက်ကြတာပဲ လက်နက်ကြီးလာနေတဲ့ ချိန်ပေါ့ပေါ့။ အမတို့ စပါးရိတ်လို့မရအောင်သူတို့ တော့ (စစ်ကော်မရှင်) လက်နက်ကြီးထပ်ပစ်အုံးမယ်ပေါ့။ တောင်သူတွေ ငတ်အောင် သူတို့တော့ (စစ်ကော်မရှင်) ကိုယ့်ကို ထပ်ပြီးတော့ ပစ်လာအုံးမှာပဲ အဲ့ လိုစိတ်မျိုး စိုးရိမ်စိတ်တော့ရှိတယ်” လို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲတဲ့နေရာနဲ့ မလှမ်းမကမ်းမှာ စပါးရိတ်သိမ်းနေတဲ့ တောင်သူတစ်ဦးက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ ဘယ်တပ်ရင်းက ပစ်ခတ်လိုက်တယ်ဆိုတာကိုတော့ အတိအကျ မသိရပေမယ့် ဒီးမော့ဆိုအခြေစိုက်တပ်ရင်းတွေကနေဖြစ်နိုင်တယ်လို့ တောင်သူတွေက ပြောပါတယ်။

ယခုအောက်တိုဘာလ အတွင်း အာဏာသိမ်းစစ်တပ်က ကရင်နီပြည်အတွင်း စပါးပြန်ရိတ်သိမ်းသူများကို လက်နက်တွေ ဒရုန်းတွေနဲ့ ခပ်စိပ်စိပ် ပစ်ခတ်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

ပြီးခဲ့ တဲ့ အောက်တိုဘာလ (၂၁)ရက်နေ့ ကလည်း အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့ ပစ်ခတ်ခဲ့တာကြောင့် စပါးရိတ်သိမ်းနေကြတဲ့ ဒေသခံ တောင်သူတချို့ သေဆုံးတာ ထိခိုက်ဒဏ်ရာရတာတွေရှိခဲ့ပါတယ်။

ကန္တာရဝတီတိုင်း(မ်)