တော်လှန်ရေးတပ်ပေါင်းစု ပေါ်ပေါက်မည်ဟု KNLA ဒုစစ်ဦးစီးချုပ်ပြော

By MPM 20 အောက်တိုဘာ, 2025 👁

နွေးဦးတော်လှန်ရေးတွင် ပါဝင်နေကြသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) များအကြား ညီညွတ်သော တော်လှန်ရေးတပ်ပေါင်းစုတရပ် ပေါ်ပေါက်လာမည့်အကြောင်း ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဒုတိယစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးဘောကျော်ဟဲက ပြောကြားသည်။

Western Australia Myanmar Democratic Network နှင့် သြစတြေးလျရောက် မြန်မာများ ကမကထပြုကာ အောက်တိုဘာ ၁၉ ရက် ညနေကပြုလုပ်သော သြစတြေးလျနိုင်ငံရောက် မြန်မာများနှင့် ဒေါက်တာ မီမီဝင်းဘတ်တို့ ပတ် (Perth) မြို့ လူတွေ့ဆွေးနွေးပွဲသို့ online မှတဆင့် တက်ရောက်ဆွေးနွေးစဥ် ဒုဗိုလ်ချုပ်ကြီးဘောကျော်ဟဲ က ထိုသို့ပြောကြားခြင်းဖြစ်သည်။

ညီညွတ်သော တော်လှန်ရေးတပ်ပေါင်းစု ပေါ်ပေါက်ရေး တော်လှန်ရေးအင်အားစုများ ကြိုးပမ်းနေသည်ဟု သတင်းများထွက်ပေါ်နေချိန် ထိုပြောကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

သြစတြေးလျနိုင်ငံသားများအပါအဝင် လူ ၂၀၀ ကျော်တက်ရောက်သော အဆိုပါ ဒေါက်တာ မီမီဝင်းဘတ်နှင့် လူတွေ့ဆွေးနွေးပွဲသို့ PDF တပ်မတော်စစ်ရုံးချုပ် ဒုတိယစစ်ဦးစီးအရာရှိချုပ် ဒေါက်တာစိုးသူရဇော်၊ နွေဦးတော်လှန်ရေး ခေါင်းဆောင်တဦးဖြစ်သူ ဒေါက်တာတေဇာစန်းတို့လည်း Online မှ တက်ရောက်လာပြီး လက်ရှိတော်လှန်ရေး အခြေအနေများကို သုံးသပ်ဆွေးနွေးခဲ့သည်။

တော်လှန်ရေးအတွင်း ညီညွတ်စွာ စုပေါင်းလုပ်ဆောင်နိုင်လျှင် အောင်မြင်မှုရရှိနိုင်ပုံကို ညတိုက်ပွဲ စစ်ဆင်ရေးနှင့် ဥပမာပေးပြီး ဒေါက်တာ စိုးသူရဇော်က ဆွေးနွေးခဲ့သည်။

ပြည်ပရောက်မြန်မာများအနေဖြင့် တော်လှန်ရေး၏ ပွဲကြည့်ပရိတ်သတ်မဟုတ်ဘဲ၊ တော်လှန်ရေးမှာ ထိထိရောက်ရောက်ပါဝင်နိုင်ပုံ နည်းလမ်းများကို ဒေါက်တာတေဇာစန်းက ဆွေးနွေးခဲ့သည်။

ပြည်ပရောက်မြန်များ၏ နွေးဦးတော်လှန်ရေးတွင် ပါဝင်ပံ့ပိုးကူညီပေးမှုများ အရေးကြီးကြောင်းကိုလည်း ဒုဗိုလ်ချုပ်ကြီးဘောကျော်ဟဲ၊ ဒေါက်တာ စိုးသူရဇော်၊ ဒေါက်တာတေဇာစန်းတို့က ထည့်သွင်းပြောကြားခဲ့ကြသည်။

ထို့အပြင် ဒေါက်တာမီမီဝင်းဘတ်နှင့် လူတွေ့ဆွေးနွေးပွဲသို့ တက်ရောက်လာသူများ၏ မေးမြန်းချက်များကို online မှ တက်ရောက်လာသော တော်လှန်ရေးခေါင်းဆောင်အားလုံးက ပြန်လည်ဖြေကြားခဲ့ကြသည်။

KNDF ဒု-စစ်ဦးစီးချုပ် မာဝီလည်း ပါဝင်ဆွေးနွေးရန် ပြင်ဆင်ထားသော်လည်း အင်တာနက်အခက်အခဲကြောင့် မပါဝင်နိုင်ခဲ့ပေ။

မြေပြင်မှ တော်လှန်ရေးခေါင်းဆောင်များနှင့် နိုင်ငံခြားရောက် မြန်မာများနှင့် ယခုကဲ့သို့ hybrid ပုံစံဖြင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခြင်းမှာ ပထဆုံးအကြိမ်ဖြစ်သည်။

ယခုကဲ့သို့ တွေ့ဆုံနိုင်မှုကြောင့် မြေပြင်တော်လှန်ရေးအဖွဲ့များနှင့် ပြည်ပရောက် မြန်မာများ အပြန်အလှန်အားပေးရာရောက်သည့်အပြင် တော်လှန်ရေးအတွက် ထိရောက်စေမည့် ကိစ္စများကို အတူလက်တွဲလုပ်ဆောင်စေရန် ရည်ရွယ်သည်ဟု ဒေါက်တာမီမီဝင်းဘတ်က ပြောသည်။

နွေးဦးတော်လှန်ရေးတွင် အဖွဲ့ပေါင်းစုံ၊ လူမျိုးပေါင်းစုံက ကျရာအခန်းကဏ္ဍမှ ပါဝင်နေကြရာမှာ ဘုံရည်မှန်းချက်ကို ဦးတည်ပြီး ပူးပေါင်းဆောင်ရွက်မှုလုပ်ရန် အရေးကြီးကြောင်း ဒေါက်တာမီမီဝင်းဘတ်က တွေ့ဆုံပွဲအတွင်း ပြောကြားခဲ့သည်။

ဒေါက်တာမီမီဝင်းဘတ်သည် သြစတြေးလျနိုင်ငံသို့ ရောက်ရှိနေပြီး အလားတူ hybrid ပုံစံတွေ့ဆုံပွဲကို မဲလ်ဘွန်းမြို့နှင့် ဆစ်ဒနီမြို့များတွင်လည်း အောက်တိုဘာ ၂၄ နှင့် ၂၅ ရက်များတွင် ပြုလုပ်ရန်ရှိသည်ဟု သိရသည်။

ဒေါက်တာမီမီဝင်းဘတ်အနေဖြင့် ပတ်မြို့ Curtin University နှင့် Melbourne University များတွင်လည်း မြန်မာ့နိုင်ငံရေးအခြေအနေများအကြောင်း ဆွေးနွေးပို့ချမှုများလုပ်ရန်ရှိကြောင်း သိရသည်။

မဇ္ဈိမ