မကွေးတိုင်း၊ ဆောမြို့နယ်မှာ စက်တင်ဘာ ၅ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ အပြန်အလှန်ထိတွေ့မှု ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကြောင့် ဒေသခံ ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၁ ဦးမှာ စိုးရိမ်ရတယ်လို့ ဒေသခံတွေက ပြောသည်။
ဒေသခံတစ်ဦးက “ဖြစ်တာက ဘယ်ကစဖြစ်တာမှန်း မသိရဘူး။ စစ်တပ်ဘက်ကလည်း အကောင်ကြီးတစ်ကောင် ကျတယ်လို့ ပြောပေမဲ့ အတည်မပြုနိုင်သေးဘူး။ လက်ရှိအခြေနေက ရှုပ်ထွေးနေပြီးတော့ အချိန်မရွေး ထဖြစ် နိုင်တဲ့ အနေအထားဖြစ်ပါတယ်” လို့ ပြောဆိုသည်။
ဆောမြို့ပေါ်မှာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲနဲ့ပတ်သက်ပြီး ဂန့်ဂေါခရိုင်အမှတ် (၃) တပ်ရင်းက ပြည်သူ ၁ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ပြီး မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်တွေကို လိုက်လံရှင်းလင်းနေတယ်လို့ သတင်းထုတ်ပြန် ထားသည်။
ပြည်သူတွေအနေနဲ့ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်တွေကို တွေ့ရှိပါက ကိုင်တွယ်တာတွေ မလုပ်ဘဲ ဂန့်ဂေါအမှတ် (၃) တပ်ရင်းကို အကြောင်းကြားဖို့နဲ့ သေနတ်သံ၊ ဗုံးသံတွေကြားချိန်မှာလည်း ဗုံးခိုကျင်းတွေထဲမှာ နေကြဖို့ ယင်းသတင်းထုတ်ပြန်ချက်တွင် တိုက်တွန်းဖော်ပြထားသည်။
ပြီးခဲ့တဲ့ဇူလိုင်လက စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲတို့ ၄ ရက်တာတိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ကာကွယ်ရေး တပ်ဖွဲ့တွေဘက်က ၆ ဦးထက်မနည်း ကျဆုံးခဲ့ရကာ စစ်ကောင်စီဘက်က ၅၀ ဝန်းကျင် ထိခိုက်ဒဏ်ရာရ သေဆုံးတာ ရှိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
စစ်ရေးလှုပ်ရှားမှု အားကောင်းသည့် ဂန့်ဂေါခရိုင်ထဲက ထီးလင်း၊ ဆောနဲ့ ဂန့်ဂေါ မြို့နယ်တွေမှာ စစ်ကောင်စီရဲ့ စစ်ကြောင်း ထိုးတာတွေအပြင် လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ပြည်သူတွေ ထွက်ပြေး တိမ်းရှောင် နေရတယ်လို့ ဒေသခံများထံက သိရသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မကွေးတိုင်းမှာ ပြည်သူ ၃၂၀ ကျော် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က သတင်းထုတ်ပြန်ထားသည်။
သံလွင်တိုင်းမ် ပေးပို့သည်။