ဆိပ်ဖြူမှာ စစ်ကောင်စီတပ် စစ်ကြောင်းက မီးရှို့လို့ အိမ်ခြေ ၃၀ ဝန်းကျင် ပျက်စီး

By MPM 15 ဇူလိုင်, 2025 👁

မကွေးတိုင်း ဆိပ်ဖြူမြို့နယ်တွင် စစ်ကောင်စီက စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် နေအိမ် ၃၀ ဝန်းကျင် မီးလောင်ကျွမ်းပျက်စီးသွားကြောင်း ဒေသခံများက သံလွင်တိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၁ ရက်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က စိန်ပန်းကုန်းရွာကို မီးရှို့ ဖျက်ဆီးသွားခြင်းဖြစ်ပြီး ဒေသခံ ၁ ဦးလည်း လက်နက်ကြီးထိမှန် သေဆုံးခဲ့ကြောင်း သိရသည်။

“ ဒီအတိုင်း ကားနဲ့ ရောက်ချလာပြီး မီးရှို့သွားတာ။ ထိတွေ့တိုက်ပွဲလည်းမရှိဘူး။ ကားလမ်းနဲ့ကလည်းသိပ်မဝေးဘူး” ဟု ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောသည်။

စိန်ပန်းကုန်းရွာသည် ဆိပ်ဖြူ-ဆော ကားလမ်းနှင့် ၅ မိုင်ဝန်းကျင်သာဝေးပြီး စစ်ကောင်စီ၏ အင်အား ၂၀၀ ဝန်းကျင်ပါသော ကား ၅ စီးက လာရောက်မီးရှို့သွားသည်ဟု သိရသည်။

စိန်ပန်းကုန်းရွာမှ အိမ်ခြေ ၃၀ ဝန်းကျင်၊ ထိန်ကန်ရွာမှ နေအိမ် ၂ လုံးကိုပါ မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

စိန်ပန်းကုန်း၊ ထိန်ကန်ကျေးရွာများဘက်ဆီသို့ စစ်ကောင်စီက စစ်ကြောင်း မဝင်ရောက်တာ လများစွာ ကြာမြင့်နေပြီဖြစ်သည့်အတွက် စစ်ကြောင်းကို ကာကွယ်ရေးပြင်ဆင်ချိန် မရလိုက်တာဖြစ်နိုင်ကြောင်း ဒေသခံများက ပြောဆိုသည်။

သံလွင်တိုင်းမ်