စစ်အုပ်စုနှင့် တော်လှန်ရေးအဖွဲ့များ၏ အနာဂတ်လမ်းကြောင်းများ ဆုံနိုင်ရန်ခက်ခဲနေဟု BNI ထောက်ပြ

By MPM 21 အောက်တိုဘာ, 2026 👁 82

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA နှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံသည့် စစ်အုပ်စု၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် တော်လှန်ရေးအစုအဖွဲ့များ၏ ဖက်ဒရယ် ပြည်ထောင်စုသစ်တည်ဆောက်ရေး လုပ်ငန်းစဉ်များသည် မျဉ်းပြိုင်နှစ်ခုကဲ့သို့ဖြစ်နေပြီး ဆုံမှတ်တစ်ခုသို့ရောက်ရှိရန် ဖြစ်နိုင်ချေနည်းပါးနေကြောင်း နိုင်ငံတကာမြန်မာ့သတင်းအဖွဲ့ (BNI) က ပြောဆိုလိုက်သည်။

အောက်တိုဘာ ၁၄ ရက်တွင် ကျင်းပသည့် ‘မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပုံဖော်ခြင်း ရည်ညွှန်းအကိုးအကား (၂၀၂၅-၂၀၂၆)’ စာအုပ် မိတ်ဆက်ပွဲအခမ်းအနား၌ BNI က ထိုသို့ သုံးသပ်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

BNI ဦးဆောင်ကော်မတီ အတွင်းရေးမှူး မတင်တင်ညိုက “အာဏာသိမ်းစစ်အုပ်စုဖက်ကနေပြီးတော့မှ ကျမတို့ ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အောက်ကနေပြီးတော့ NCA လမ်းကြောင်းနဲ့ မူလရှိပြီးတဲ့ အစီအစဉ်တွေအတိုင်း ပြုပြင်ပြောင်းလဲရေးဆီကို ဦးတည်ထားတာမျိုးရှိတယ်။ တော်လှန်ရေးဖက်တွေကတော့ ဒီနိုင်ငံရေး စနစ်တစ်ရပ်လုံး ပေါ့နော်။ ပြုပြင်ပြောင်းလဲရေး ဒီ နိုင်ငံရေးအတွင်းမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍလုံးဝ အဆုံးသတ်ရေးနဲ့ အရပ်သားအစိုးရအုပ်ချုပ်မှု အပြည့်အဝထားရှိရေးကို ချီတက်နေတယ်ဆိုတာကိုလည်း ကျမတို့ တွေ့ရှိရပါတယ်” ဟု ပြောသည်။

မတင်တင်ညိုက ဆက်ပြီး  “ဒါကြောင့်မို့လို့ ဒီလမ်းကြောင်း ၂ ခုက မျဉ်းပြိုင်လိုမျိုးဖြစ်နေပြီးတော့မှ ဆုံနိုင်ဖို့ကတော့ တော်တော်လေး ခက်ခဲနေတဲ့ အနေအထားမျိုးဖြစ်တယ်ပေါ့နော်။ ဒါ စစ်အုပ်စုဖက်က သွားနေတဲ့လမ်းကြောင်းနဲ့ ကျမတို့ တော်လှန်ရေးဖက်က သွားနေတဲ့လမ်းကြောင်းပေါ့” ဟု ပြောသည်။

စစ်အုပ်စုသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် NCA လမ်းကြောင်းကို အခြေခံကာ NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့၊ လက်မှတ်မထိုးရသေးသည့် တရုတ်-မြန်မာနယ်စပ်ရှိ အဖွဲ့အစည်းအချို့တို့နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။

အခြားတစ်ဖက်တွင်မူ တော်လှန်ရေးအစုအဖွဲ့များက နိုင်ငံရေးတွင် စစ်တပ် ပါဝင်ပတ်သက်မှုကို အပြီးသတ် အဆုံးသတ်ရေး၊ တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်မည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ဆောက်ရေးကို ဦးတည် ကြိုးပမ်းနေကြခြင်း ဖြစ်သည်။

BNI (Myanmar Peace Monitor – MPM) ၏ တာဝန်ခံ ကိုနှင်းကိုကလည်း “သူက ၂၀၀၈ ဖွဲ့စည်း ပုံ အခြေခံဥပဒေ နောက် ​NCA ပေါ့နော် ဒီဟာတွေကို ဆက်ပြီးတော့ ဆွဲကိုင်ထားတယ်။ နောက်သူရဲ့ အာဏာ တည်မြဲရေး အတွက် သူရဲ့ လုပ်ဆောင်ချက်တွေကတော့ ဖုံးအုပ်ထားလို့ မရတဲ့ အခြေအနေမျိုး ဖြစ်နေတယ် ပေါ့နော်။ တော်လှန်ရေးအင်အားစုတွေဖက်ကိုကြည့်မယ်ဆိုရင်လည်း ကျနော်တို့ ဒီ အနာဂတ်နိုင်ငံရေးမှာ စစ်တပ်ရဲ့ စစ်တပ်ရဲ့ ပါဝင်နေမှု အဆုံးသတ်ရေးပေါ့နော်။ ဒီဟာက ကျနော်တို့ ဘုံသဘော တူညီချက် ၆ ရပ်ထဲမှာ အဓိကကျတဲ့ အချက်ဖြစ်သလို တစ်ဖက်က အာဏာသိမ်းစစ်တပ်နဲ့ တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ ကိစ္စရပ်မှာလည်း ဒီအချက်က အများကြီးမူတည်နေတဲ့ အနေအထားမျိုး ရှိတယ်ပေါ့နော်” ဟု ထောက်ပြထားသည်။

တော်လှန်ရေးအင်အားစုများက စစ်တပ်၏ နိုင်ငံရေးဆိုင်ရာပါဝင်မှုကို အဆုံးသတ်ရန် လုပ်ဆောင်နေသော်လည်း စစ်အုပ်စုသည် ၂၀၀၈ ဖွဲ့စည်းပုံအောက်မှနေ၍ နိုင်ငံရေးအရ လွှမ်းမိုးထိန်းချုပ်မှုအာဏာကို ဆက်လက်ဆုပ်ကိုင်ထားပြီး အလျော့ပေးမည့် အရိပ်အယောင် မတွေ့ရကြောင်း BNI က ဆိုသည်။

ထိုအခြေအနေနှင့်ပတ်သက်၍ မတင်တင်ညိုက “ဒီလိုမဆုံနိုင်သေးတဲ့ လမ်းကြောင်း ၂ ခုက ဘယ်လမ်းကြောင်းကတော့ လိုရာခရီးကို ပိုမိုနီးစပ်မလဲဆိုတာကတော့ ကျမတို့ ဒီ သက်ဆိုင်တဲ့ နိုင်ငံရေး သက်ဆိုင်သူတွေရဲ့ နိုင်ငံရေး စိတ်ဆန္ဒနဲ့ ဖက်ဒရယ်အာဏာခွဲဝေမှုဆိုင်ရာ ညှိနှိုင်းဖော်ဆောင်နိုင်စွမ်းပေါ်မှာသာ ပိုပြီးတော့မှ မူတည်နိုင်လိမ့်မယ်လို့ ကျမတို့ သုံးသပ်ထားပါတယ်ပေါ့လေနော်” ဟု ဆက်ပြောသည်။

စစ်အုပ်စုက ၂၀၀၈ ဖွဲ့စည်းပုံနှင့် NCA လမ်းကြောင်းမှတစ်ဆင့် ဆွေးနွေးနေမှုများသည် နိုင်ငံတကာတွင် တရားဝင်မှုရရှိရန် လုပ်ဆောင်ခြင်းသာဖြစ်သည်ဟု တော်လှန်ရေးအင်အားစုများက ရှုမြင်ကြသည်။

လက်ရှိတွင် တောင်တန်းနှင့် မြေပြန့်ဒေသအလိုက် ဖက်ဒရယ်အမြုတေများနှင့် ဖက်ဒရယ်အစိုးရများ ဖြစ်ထွန်းလာရေးအတွက် တော်လှန်ရေးအင်အားစုများက ကြိုးပမ်းလျက်ရှိသည်။

အဆိုပါ လမ်းကြောင်းနှစ်ခု မဆုံနိုင်သေးသည့် ကြားကာလအတွင်း စစ်ရေးပဋိပက္ခဒေသများရှိ ပြည်သူများမှာ စစ်အုပ်စုတပ်၏ လေကြောင်းနှင့် ဒရုန်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ နေအိမ်များ မီးရှို့ဖျက်ဆီးခံရမှုနှင့် ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခံရမှု စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်လက်ကြုံတွေ့ခံစားနေကြရသည်။

NMG