စစ်အာဏာသိမ်းယူပြီးနောက်ပိုင်း ချင်းပြည်နယ်တွင် ငှက်ဖျားရောဂါ ဖြစ်ပွားမှုနှုန်းမှာ သိသိသာသာ မြင့်တက်လာနေပြီး ယမန်နှစ်ကထက် နှစ်ဆနီးပါး မြင့်တက်လာနေသည်ဟု ချင်းပြည်နယ်၏ အရပ်ဖက် ကျန်းမာရေးအဖွဲ့အစည်းများက ပြောဆိုသည်။
ငှက်ဖျားရောဂါများ အဓိက အများဆုံး ဖြစ်ပွားနေသော မြို့နယ်များသည် ပလက်ဝ၊ ထန်တလန်၊ ဟားခါး၊ ကန်ပက်လက်၊ မတူပီနှင့် မင်းတပ်မြို့နယ်တို့ ဖြစ်သည်ဟု ၂၀၂၁ ခုနှစ်မှ စတင်၍ ချင်းပြည်နယ်အတွင်း ကျန်းမာရေး စောင့်ရှောက်မှုပေးနေသည့် အဖွဲ့အစည်းတစ်ခုမှ ပြောဆိုသည်။
ယမန်နှစ်က ငှက်ဖျားရောဂါ မဖြစ်ပွားခဲ့သည့် ဖလမ်းမြို့နယ်၌ ယခုနှစ်တွင် ငှက်ဖျားရောဂါများ ဖြစ်ပွားနေသည်ကို တွေ့ရပြီး၊ အလားတူ တီးတိန်နှင့် တွန်းဇံမြို့နယ် တို့တွင်လည်း ငှက်ဖျားရောဂါ ဖြစ်နေသော လူနာများကို တွေ့လာရသည်ဟု အဆိုပါ အဖွဲ့အစည်း၏ အတွင်းရေးမှူးတစ်ဦးက ပြောသည်။
“ချင်းပြည်နယ်မှာ ငှက်ဖျားက တော်တော်လေးကို စိုးရိမ်ရတဲ့အဆင့် အထိကို မြင့်တက်လာနေတယ်။ ဒီ တစ်နှစ်၊ ၂ နှစ် အတွင်း အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ အစကတော့ ပလက်ဝတို့၊ ကန်ပက်လက်တို့၊ မင်းတပ်တို့၊ ထန်တလန်တို့ ဒီနေရာတွေကနေ ငှက်ဖျားရောဂါ ဖြစ်တဲ့ အစီရင်ခံစာတွေ ခပ်စိပ်စိပ် ရတယ်။ အဲဒါရပြီးတော့ ဒီနှစ်ထဲမှာဆိုရင် မနှစ်ကထက်ကို နှစ်ဆလောက် ပိုများလာတယ်။ ငှက်ဖျားကြောင့် ဦးနှောက်ကို ငှက်ဖျားပိုး ရောက်ပြီးတော့ ဆေးရုံတင်ရတဲ့ သူတွေထဲမှာ အသက် ၃ နှစ် အရွယ် ကလေးတွေပါ ပါလာတယ်။ ကိုယ်ဝန်ဆောင်တွေပါ ပါလာတယ်” ဟု ၎င်းက ပြောဆိုသည်။
ချင်းပြည်နယ်တွင် ငှက်ဖျားဆေးဝါးနှင့် ငှက်ဖျားကာကွယ်ရေး လုပ်ငန်းများကို ထိရောက် လျင်မြန်စွာ စတင် ဆောင်ရွက်သင့်နေသော်လည်း စစ်ကောင်စီသည် လက်နက်တစ်ခုကဲ့သို့ အသုံးချ၍ ငှက်ဖျားဆေးဝါးနှင့် ဆေးစိမ်ခြင်ထောင်များ ပြည်သူလူထုထံ မရောက်ရှိနိုင်ရေးအတွက် ဒေသတွင်းရှိ အဖွဲ့အစည်းများအား နည်းမျိုးစုံဖြင့် ကန့်သတ်ဖိအားပေး၍ ထိန်းချုပ်လျက် ရှိသည်ဟု သိရသည်။
ချင်းပြည်နယ်အတွင်း ငှက်ဖျားဖြစ်ပွားသူများတွင် အသက် ၁၅ နှစ်အထက် အသက်အပိုင်းအခြားတွင် အများဆုံး ဖြစ်ပွားနေပြီး Plasmodium falciparum (PF) ငှက်ဖျားပိုး ဖြစ်ပွားမှုသည် ၃၆ ရာခိုင်နှုန်း၊ Plasmodium Vivax (PV) ငှက်ဖျားပိုး ဖြစ်ပွားမှုသည် ၄၀ ရာခိုင်နှုန်း၊ ငှက်ဖျားပိုး နှစ်မျိုး တစ်ပြိုက်နက် တွေ့ရှိသော လူနာ (Mixed Infection) မှာ ၂၄ ရာခိုင်နှုန်း ဖြစ်ပွားသည်ဟု ချင်းပြည်နယ်အတွင်း ကျန်းမာရေး စောင့်ရှောက်မှုပေးနေသည့် အဆိုပါအဖွဲ့အစည်း၏ စာရင်းအရ သိရသည်။
“အသက် ၁၀ နှစ်အောက် ကလေးတွေမှာတောင် ငှက်ဖျားဖြစ်ပွားမှုတွေ မြင့်တက်လာနေပါတယ်။ ဥပမာအားဖြင့် ၁၀ နှစ်အောက် ကလေးမှာဆိုရင် ဖြစ်ပွားမှု နှုန်းက (၁၈) ရာခိုင်နှုန်းလောက် ရှိနေတာပေါ့နော်။ ဒါက တော်တော်လေးကို စိုးရိမ်စရာကောင်းတယ်။ ချင်းပြည်နယ်မှာက ကလေးတွေမှာတင် မကဘဲ လူကြီးတွေမှာတောင် ငှက်ဖျားရောဂါ မတွေ့ခဲ့တာ ၃ နှစ် ကျော်ခဲ့ပါပြီÓ ဟု ထိုကျန်းမာရေးအဖွဲ့အစည်း၏ အတွင်းရေးမှူးက ပြောသည်။
ဆက်လက်ပြီး ၎င်းက Ò အာဏာသိမ်းဖို့ ကြိုးစားမှု (Attempted Coup) မတိုင်ခင်က ထန်တလန်၊ ဟားခါး၊ ဖလမ်း၊ တွန်းဇန်၊ မင်းတပ်၊ မတူပီနဲ့ ကန်ပက်လက် မြို့နယ်တွေဆိုရင် Malaria Elimination Strategy – ငှက်ဖျားအမြစ်ဖြတ် စီမံချက် လုပ်ဆောင်ခဲ့တဲ့ မြို့နယ်တွေ ဖြစ်နေပါပြီ။ အခုတော့ ဒီမြို့နယ်တွေမှာ ငှက်ဖျားဖြစ်ပွားမှုနှုန်း စိုးရိမ်စရာ ကောင်းလောက်အောင် အဆမတန် မြင့်တက် လာနေတဲ့အပြင် Malaria Outbreak ဖြစ်နေတယ်လို့ကို ကျမတို့ ပြောလို့ ရနေတယ်” ဟုဆိုသည်။
ငှက်ဖျားဖြစ်ပွားမှု မြှင့်တက်နေသော ချင်းပြည်နယ်တွင် တောတောင်များထဲ စစ်ဘေးရှောင်ရမှု၊ တဒေသမှ တခြားဒေသသို့ လူဦးရေ ရွှေ့ပြောင်းနေထိုင်ရမှု များပြားလျက် ရှိသည့်အပြင် ငှက်ဖျား ကာကွယ်ရေးအတွက် ဆေးစိမ်ခြင်ထောင်များ ဖြန့်ဝေခြင်း မပြုနိုင်တော့ခြင်း၊ ငှက်ဖျားရောဂါ ဖြစ်ပွားသူများအား စောလျင်စွာ ဆေးဝါးကုသမှု မပေးနိုင်ခြင်းကြောင့် ဖြစ်ပွားလာရသည်ဟု သိရသည်။
ထို့အပြင် ငှက်ဖျားရောဂါရှိသူများမှ တဆင့် အခြားသူများသို့ ဆက်လက်ကူးစက်ခြင်းနှင့် အရည်အသွေး ပြည့်မီသည့် ငှက်ဖျားဆေးဝါးများအား ဝယ်ယူခြင်း၊ ပို့ဆောင်ခြင်းများ ပြုလုပ်ရာတွင် အခက်အခဲများ ရှိခြင်းကြောင့် ငှက်ဖျားရောဂါ ဖြစ်ပွားမှုနှုန်း ပိုမိုများပြားလာရခြင်း ဖြစ်သည်ဟု ကျန်းမာရေး စောင့်ရှောက်မှု ပေးနေသည့်အဖွဲ့များထံက သိရသည်။
ချင်းရေးရာအဖွဲ့ချုပ် (ICA) မှ လက်ထောက်ညွှန်ကြားရေးမှူး ဆလိုင်းဗန်ဆွီးစံက “လက်ရှိအခြေအနေ ကကြတော့ ဒီလိုပဲ ကြုံရာကျပန်းနဲ့ ဖြေရှင်းနေရတဲ့ အနေအထားပေါ့နော်။ လုံလောက်တဲ့၊ ထိရောက်တဲ့ ကုသမှုက ခုချိန်ထိ မရှိသေးပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အဓိကက ဆေးဝါးလုံလောက်မှု မရှိတဲ့ အပိုင်းပေါ့နော်၊ ဘာလို့လုံလောက်မှု မရှိလဲဆိုတော့ ဘဏ္ဍာရေးပိုင်းမှာ demand က အရမ်းကြီးတဲ့ အခါကြတော့ funding မနိုင်တဲ့အပိုင်း၊ လူအင်အား မနိုင်တဲ့အပိုင်းတွေ တွေ့နေရတာပါ” ဟု ပြောသည်။
ချင်းပြည်နယ်တွင် ၂၀၂၂ ခုနှစ် ဧပြီလ မှ ၂၀၂၃ ခုနှစ် ဧပြီလ အထိ ငှက်ဖျားလူနာပေါင်း ၄၅၀ ခန့် ရှိခဲ့ပြီး ငှက်ဖျားကြောင့် သေဆုံးမှုများလည်း ရှိလာနေသည်ဟု သိရသော်လည်း ငှက်ဖျားကြောင့် သေဆုံးမှု စာရင်းအတိအကျကို မရနိုင်သေးကြောင်း ကျန်းမာရေးအဖွဲ့အစည်း တာ၀န်ရှိသူများက ပြောဆိုသည်။
KMG ပေးပို့သည်။