ချင်းပြည်နယ်၊ ဟားခါးမြို့ တွင် ပြီးခဲ့သည့် ဇူလိုင်လအတွင်း စစ်ကောင်စီတပ်ဖွဲ့က ပြည်သူနေအိမ် ၉ လုံးကို ချိပ်ပိတ်သိမ်းဆည်းခဲ့သည်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ပြောသည်။
ဟားခါးမြို့ Hakha Thar ရပ်ကွက်ရှိ နေအိမ် ၉ လုံးကို တော်လှန်ရေးအဖွဲ့များနှင့် ပတ်သက်ဆက်နွယ်မှု ရှိသည်ဟုဆိုပြီး စစ်ကောင်စီက ချိပ်ပိတ်ကာ နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းထားခြင်းဖြစ်ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ထံက သိရသည်။
“တကယ်တမ်းဆိုရင်တော့ လူပုဂ္ဂိုလ်တစ်ဦးက သူ့ရွေးချယ်မှုနဲ့ ဒီစစ်အာဏာရှင်ကို ဆန့်ကျင်ပြီးတော့ တော်လှန်ရေးထဲ ဝင်တာပဲဖြစ်ဖြစ်၊ CDM ဝင်တာပဲဖြစ်ဖြစ် သူတို့ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ သူတို့ရွေး ချယ်ကြတာလေ၊ သူတို့ရဲ့ ကိုယ်ပိုင်ရွေးချယ်တဲ့ဟာက မိသားစုနဲ့ မဆိုင်ဘူးပေါ့နော်။ မိသားစုတစ်စုမှာ လူတစ်ယောက်က သူ့ရဲ့ကိုယ်ပိုင်ရွေးချယ်မှုနဲ့ လုပ်တာ၊ သူ့ရဲ့မိသားစုတွေအပေါ် အခုလို ဒီလိုမျိုးလုပ်တာက အကြမ်းဖက်တဲ့လုပ်ရပ် ဖြစ်ပါတယ်” ဟု ချင်းလူ့အခွင့်ရေးအဖွဲ့က ဆလိုင်းမန်ဟရဲလျန်က ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့က ယင်း နေအိမ် ၉ လုံးကို အကြမ်းဖက်မှု ကျူးလွန်သူတစ်ဦးအား ပုန်းအောင်းခွင့်ပေးခြင်းနှင့် ယာယီနေထိုင်ခွင့် ပေးသည်ဟုဆိုကာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ အရ နေအိမ် အဆောက်အဦး ပိုင်ရှင်အား အရေးယူမည့်အပြင် ပုဒ်မ ၅၆ အရ နေအိမ် အဆောက်အဦးကို နိုင်ငံတော်ပိုင်ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်ဟု စစ်ကောင်စီ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
ထို့အပြင် စစ်ကောင်စီသည် ဟားခါးမြို့အတွင်း၌လည်း လုံခြုံရေး တင်းကြပ်စွာ ချထားပြီး ပြည်သူများအနေဖြင့် အကြမ်းဖက်မှုတွင် ပါဝင်သူများအား သိရှိပါက အကြောင်းကြားအသိပေးရန် အသံချဲ့စက်များဖြင့် မြို့တွင်း လှည့်လည် ပြောဆိုကြေညာခဲ့သည်ဟု မြို့ခံများ၏ ပြောဆိုမှုအရ သိရသည်။
စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် က စပြီး ချင်းပြည်နယ်မြို့တော် ဟားခါးမြို့တွင် စစ်ကောင်စီက အရပ်သား ပြည်သူနေအိမ် အလုံး ၂၀ ခန့် ကို ချိပ်ပိတ်ခဲ့ပြီး ယင်းအနက် နေအိမ်တစ်လုံးသာ ပိုင်ရှင်ထံ ပြန်လည်ပေးအပ် ခဲ့ကြောင်း ချင်းလူ့အခွင့်ရေးအဖွဲ့က ပြောဆိုသည်။
KMG ပေးပို့သည်။