စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ ကြားကာလအစိုးရအဖွဲ့ ဝန်ကြီးချုပ်အဖြစ် ဦးစိုးဦးကို ခန့်အပ်လိုက်ပြီး ယူနစ်လွှတ်တော် အကြီးအကဲကိုပါ အတည်ပြု တာဝန်ပေးခဲ့ကြောင်း စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်က ကြေညာသည်။
နိုဝင်ဘာ ၁၇ ရက်တွင် ပြုလုပ်သည့် စစ်ကိုင်းဖက် ဒရယ်ယူနစ်လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးအခမ်းအနားတွင် အတည်ပြုတာဝန်ပေးလိုက်ခြင်း ဖြစ်ပြီး ယူနစ်လွှတ်တော်အကြီးအကဲများအဖြစ် လွှတ်တော်ဥက္ကဋ္ဌ ဦးမြင့်ထွေး၊ ဒုတိယ ဥက္ကဋ္ဌ ဒေါ်ဖြူဖြူဝင်းတို့ကို အတည်ပြုခန့်အပ်ခဲ့သည်။
“ဝန်ကြီးချုပ်နဲ့ စိစစ်ရေးကော်မရှင် အဖွဲ့ဝင်တွေအနေနဲ့ တိုင်ပင်ဆွေးနွေးပြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေကို စိစစ်ရွေးချယ်ရမှာဖြစ်တယ်။ စိစစ်ရွေးချယ်ပြီးတော့ အားလုံးကြေလည်တဲ့အထိ တိုင်ပင်ဆွေးနွေးပြီး အဆင်သင့်ရင် ဝန်ကြီးချုပ်က လွှတ်တော်ကို အစိုးရအဖွဲ့ အမည်စာရင်း တင်သွင်းရမယ်။ အဲ့တာကို ကျွန်တော်တို့က အစိုးရအဖွဲ့အဖြစ် အတည်ပြု ဆောင်ရွက်ပေးရမယ်” ဟု စစ်ကိုင်း ဖက်ဒရယ်ယူနစ် လွှတ်တော်ဥက္ကဋ္ဌ ဦးမြင့်ထွေးက ပြောသည်။
ထို့ကြောင့် တော်လှန်ရေးကို ပိုမိုအားထည့် လုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ထားကြောင်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့်လည်း အခွန်ဘဏ္ဍာခွဲဝေမှု၊ သယံဇာတခွဲဝေမှုနှင့် အုပ်ချုပ်ရေးခွဲဝေမှုတွေကို အစိုးရအဖွဲ့က တာဝန်ယူကာ ဆက်တိုက် လုပ်ဆောင်သွားရမည်ဟုလည်း ၎င်းကဆိုသည်။
ထို့အပြင် ကြားကာလ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရအဖွဲ့ စိစစ်ရွေးချယ်ရေးကော်မရှင်၏ အဖွဲ့ဝင်နှစ်ဦးကို လဲလှယ်အစားထိုးခြင်းကိုလည်း ဆက်လက်ဆောင်ရွက်ခဲ့သေးသည်။
ထိုအစည်းအဝေး အခမ်းအနားကို အစီအစဉ် ၁၈ ခု ဖြင့် ကျင်းပခဲ့ပြီး ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်ကြည်ညွှန့်၊ အမျိုးသားညီညွှတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် အမျိုးသားညီညွှတ်ရေး အတိုင်ပင်ခံကောင်စီမှ ကောင်စီဝင် ဦးတိုးကျော်လှိုင် တို့ တက်ရောက်ခဲ့ပြီး နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။
မဇ္ဈိမ