ခေါင်လန်ဖူးမြို့နယ်ထဲက KIA ထိန်းချုပ်ထားတဲ့ လာဟီဆင်စခန်း ပြန်ရရေး စစ်ကောင်စီတပ်နှင့် ဌာနေပြည်သူ့စစ်များ ပူးပေါင်းကြိုးပမ်းနေ

By MPM 25 ဇူလိုင်, 2025 👁

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ထံ လက်လွတ်ဆုံးရှူံးခဲ့ရတဲ့ လာဟီဆင်ရှေ့တန်းစခန်းကို ပြန်ရဖို့ စစ်ကောင်စီတပ်နဲ့ ဌာနေပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တွေ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်ထားတဲ့ လန်ဆယ်ကျေးရွာနဲ့ ခေါင်လန်းဖူးမြို့ကို ဆက်သွယ်ထားတဲ့ လမ်းကြောင်းပေါ်က လာဟီဆင် မဆုတ်တမ်းခံစစ်စခန်းကို ပြန်ရဖို့ စစ်ကောင်စီတပ်နဲ့ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်ပူးပေါင်းတပ်တွေ ကြိုးပမ်းနေတယ်လို့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောပါတယ်။

“မြေပြင်သတင်းအရကတော့ သူတို့ ခေါင်လန်ဖူးမှာ စစ်သားအင်အားတွေဖြည့်တင်းနေတယ်။ ပြီးတော့ မြို့ထဲမှာသင်တန်းတွေလည်းပေးနေတယ်ပေါ့ ဟိုတလော ခေါင်လန်ဖူးရှေ့တန်းပေါ့ လာဟီဆင်ဘက်ကို လှုပ်ရှားလာတာတွေရှိတယ်။ သူတို့က လာဟီဆင်စခန်းနဲ့ ဆုံးရှုံးထားတဲ့နေရာတွေတော့ ပြန်လိုချင်မှာပဲ” လို့ သူကပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ပူတာအိုဘက်ကနေ ဖြည့်တင်ထားတဲ့ စစ်သားအင်အား၊ လက်နက်ခဲယမ်းတွေနဲ့ ခေါင်လန်းဒေသအတွင်းက လိုက်လံစည်းရုံးပြီး သင်တန်းပေးထားတဲ့ ဌာနေပြည်သူ့စစ်တပ်တွေပူးပေါင်းကာ လာဟီဆင်ဘက်ကို ယခုလအတွင်း နှစ်ကြိမ်တိတိ စစ်ကြောင်းထိုးလာပေမယ့် ကာကွယ်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက်တာခံလိုက်ရတယ်လို့ သိရပါတယ်။

“သူတို့ကတော့ လာဟီဆင်ကို တက်သိမ်းမယ်ဆိုပြီး လိုင်းပေါ်တွေတောင်တင်ထားတာကြာပြီ။ အဲ့နောက် နှစ်ခါတောင်တက်လာတယ်။ ဒါပေမယ့် ကာကွယ်ရေးတပ်တွေက လာဟီဆင်မဝင်ခင်မှာပဲ ဖြတ်တိုက်တော့ ပြန်ပြန်ဆုတ်သွားတယ်” လို့ ခါကာဘို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ဌာနေပြည်သူ့စစ်ပူးပေါင်းတပ်တွေဟာ ဇူလိုင်လဆန်းပိုင်းကတစ်ကြိမ် ဇူလိုင်လ ၁၀ ရက်ကျော်ကတစ်ကြိမ် အင်အားအများအပြားနဲ့ နှစ်ကြိမ်တိတိ စစ်ကြောင်းထိုးလာတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ ဌာနေပြည်သူ့စစ်ပူးပေါင်းတပ်တွေဟာ လာဟီဆင်ကို အင်အားသုံးပြီး ပြန်သိမ်းမယ်ဆိုတဲ့သတင်းတွေ ဒေသတွင်းမှာ ပျံ့နှံ့နေပြီး လက်ရှိမှာတော့ နောင်မွန်မြို့ပေါ်နဲ့ ခေါင်လန်ဖူးမြို့ပေါ်တွေမှာ တစ်အိမ်တက်တစ်အိမ်ဆင်းပြီး တပ်သားသစ်စုဆောင်းတာ၊ စစ်သင်တန်းပေးတာတွေပြုလုပ်ကာ စစ်အင်အားစုနေတယ်လို့ သိရပါတယ်။

“နောင်မွန်ကနေ ခေါင်လန်ဖူးကို သင်တန်းဆင်းကလေးတွေပို့တာ နှစ်ခါရှိပြီ မကြာသေးဘူး တစ်လနှစ်လလောက်ပဲရှိအုန်းမယ် တစ်ခါပို့ရင် နှစ်ဆယ်သုံးဆယ်ပါတယ် ဒီမှာက ပြည်သူ့စစ် တစ်အိမ်တစ်ယောက် မဝင်မနေရဆိုပြီး နာမည်စာရင်းနဲ့လိုက်ကောက်နေတာ ကလေးတွေက မသွားချင်လည်း သွားနေရတယ် ခေါင်လန်ဖူးဘက်ကိုပဲ ပို့နေတယ်” လို့ နောင်မွန်မြို့ခံ အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောပါတယ်။

ခေါင်လန်းဖူးနဲ့ နောင်မွန်းမြို့ပေါ်တွေမှာ ထွေအုပ်၊ ပြည်သူ့စစ်နဲ့စစ်တပ်ပူးပေါင်းပြီး ယခုနှစ်အတွင်း တစ်အိမ်တက်တစ်အိမ်ဆင်းကာ ပြည်သူ့စစ်မှုထမ်းအတွက် လူငယ်တွေကို နာမည်စာရင်းနဲ့တကွ လိုက်လံခေါ်ယူပြီး မြို့ပေါ်တွေမှာပဲ စစ်သင်တန်းပေးကာ သင်တန်းဆင်းကလေးတွေကို ခေါင်လန်ဖူးဘက် ပို့ဆောင်လျက်ရှိနေကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီတပ် ပြန်ယူဖို့ကြိုးပမ်းနေတဲ့ လာဟီဆင်ရှေ့တန်းစခန်းဟာ ခေါင်လန်ဖူးမြို့နယ်အတွက် အရေးပါတဲ့စခန်းဖြစ်တဲ့အပြင် ယင်းလမ်းကြောင်းကနေတဆင့် လန်ဆယ်ရွှေမှော်ဒေသနဲ့ လန်ဆယ်ကနေတဆင့် ချီဖွေ၊ ပန်ဝါဘက်အထိ ကုန်းကြောင်းနဲ့ ဝင်ရောက်နိုင်တာဖြစ်ပါတယ်။

ခေါင်လန်းဖူး ပြည်သူ့စစ်တွေနဲ့ စစ်ကောင်စီစစ်သား စုစုပေါင်းအင်အား ၈၀ ဝန်းကျင်ထိုင်ထားတဲ့ လာဟီဆင်ရှေ့တန်းစခန်းကို KIA နဲ့ ပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ် ဒီဇင်ဘာလထဲ သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

Kachin News Group (KNG)