ကျားဖြန့်နှိမ်နင်းမှု လုပ်ပြနေသော်လည်း မြဝတီမြို့တွင်းအထိ ကျားဖြန့်လုပ်ငန်းများ ဝင်ရောက်နေရာယူ

By MPM 4 ဒီဇင်ဘာ, 2025 👁

အာဏာသိမ်းစစ်တပ်က အွန်လိုင်းငွေလိမ်ကျားဖြန့်လုပ်ငန်းများအား တိုက်ဖျက်၊ နှိမ်နင်းနေကြောင်း ပြုလုပ်ပြနေသော်လည်း ၎င်းတို့ထိန်းချုပ်ထားသည့် ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့ပေါ်ရပ်ကွက်များအထိ ကျားဖြန့်လုပ်ငန်းများ ပျံ့နှံ့လာကြောင်း သတင်းရင်းမြစ်များ၏ ပြောကြားချက်များအရ သိရသည်။

အွန်လိုင်းငွေလိမ်လုပ်ငန်းများအတွက် လူသစ်စုဆောင်းရာ နေရာဖြစ်သည့် တယ်လီဂရမ်တွင် စကားပြန်များ၊ Chatting (စာပို့) သမားများ ခေါ်ယူနေပြီး မြဝတီမြို့ပေါ် အမှတ် (၅) ရပ်ကွက်အတွင်းနှင့် အမှတ် (၃) ရပ်ကွက်အတွင်း၊ UK ဝင်း စသည့်နေရာများတွင် ဖွင့်လှစ်ထားသည့် အွန်လိုင်းငွေလိမ်လုပ်ငန်းများအတွက် အများဆုံးခေါ်ယူခြင်းဖြစ်သည်ကို မဇ္ဈိမက လေ့လာတွေ့ရှိရသည်။

“UK ဝင်းက ကာစီနိုပေါ့ (၁) ဂိတ် အကျော်လေးပဲ။ ကြံခင်းဘက်ကနေသွားရတာ အမှတ် (၃) ကျွန်းတော ရပ်ကွက်သစ် အရှေ့ပေါ့။ အဲ့ဘက်အကုန်ပေါ့။ အများဆုံးပဲ” ဟု မြဝတီမြို့ခံတဦးက မဇ္ဈိမကိုပြောသည်။

လက်ရှိတွင် မြဝတီမြို့ပေါ် ရပ်ကွက်များရှိ အဆောင်များ၊ ဟိုတယ်များ၊ အိမ်ငှားများတွင် နိုင်ငံခြားသားများ အထူးသဖြင့် တရုတ်လူမျိုးများ၊ မြန်မာစကားပင် မပြောတတ်သော်လည်း မြန်မာမှတ်ပုံတင်ကိုင်ဆောင်ထားသူများဖြင့် ပြည့်နေကြောင်း ဒေသခံများကပြောသည်။

“နေရာတိုင်းလိုလိုပါပဲ မြဝတီမှာက လုပ်နေကြတာ။ ဟိုတယ်တွေ၊ အဆောင်တွေတော့ ပြည့်နေတာပဲ။ နေနေကြတာ” ဟု ဆိုသည်။

ထို့ပြင် ပြည်တွင်း၌ ပြန်လည်ရှောင်တိမ်းနေကြသည့် မြန်မာနိုင်ငံသား အွန်လိုင်းငွေလိမ်လုပ်ငန်းအတွင်း လုပ်ကိုင်ခဲ့သူများကိုလည်း ၎င်းတို့၏ သက်ဆိုင်ရာလုပ်ငန်းရှင်များ၊ အထက်အရာရှိများက လုပ်ငန်းပြန်စမည်ဖြစ်၍ ပြန်လာကြရန် ခေါ်ဆိုနေခြင်းများရှိသည်ဟု အဆိုပါလုပ်ငန်းများတွင် လုပ်ကိုင်ခဲ့ဖူးသူတဦးက ပြောသည်။

အာဏာသိမ်းစစ်တပ်ကမူ ၎င်းအနေဖြင့် ကျားဖြန့်ငွေလိမ်လုပ်ငန်းများအား နှိမ်နင်းနေကြောင်း ပြုလုပ်ပြနေသည်။

အွန်လိုင်းငွေလိမ် ကျားဖြန့် လုပ်ငန်းခွင်များ အတွင်းရှိ ခေါင်းဆောင်ပိုင်းများအား ဘေးကင်းရာနေရာများသို့ ဦးစွာ ရွှေ့ ပြောင်းပေးပြီးနောက် KK Park နှင့် ရွှေကုက္ကိုလ်ရှိ ကျားဖြန့်လုပ်ငန်းခွင် အဆောက်အဦအချို့အား ဝင်ရောက်စီးနင်းပြခြင်း၊ ကျားဖြန့်လုပ်သားများအား ဖမ်းဆီးပြခြင်း၊ လုပ်ငန်းသုံးကွန်ပျူတာများအား ဖျက်ဆီးပြခြင်း၊ ကျားဖြန့်လုပ်ကိုင်ရာအဆောက်အဦများအား ဖောက်ခွဲဖျက်ဆီးပြခြင်းတို့ကို ပြုလုပ်လာပြီး ထုတ်ပြန်ချက်များကိုလည်း ခပ်စိပ်စိပ် ထုတ်လာသည်။

အာဏာသိမ်းစစ်တပ်နှင့် ၎င်းတို့၏ လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) ပူးပေါင်းပြီး ထိုသို့ ကျားဖြန့်လုပ်ငန်းခွင် အဆောက်အဦများအား ဖောက်ခွဲဖျက်ဆီးပြခြင်းသည် ၎င်းတို့ကိုယ်တိုင် ပါဝင်ပတ်သက်နေသည့် ကျားဖြန့်လုပ်ငန်းများရှိ သက်သေအထောက်အထားများအား ဖျက်ဆီးနေခြင်းဖြစ် ကြောင်း ပြည်သူများအကြား ထောက်ပြဝေဖန်မှုများကျယ်ကျယ်ပြန့်ပြန့်ရှိနေသည်။

တဖက်တွင်လည်း ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပြည်သူ့ကာကွယ် ရေးတပ် (PDF) များပူးပေါင်းပြီး စစ်ကော်မရှင်တပ်၏ လက်ဝေခံ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) တပ်ဖွဲ့ အကာ အကွယ်ပေးထားသော Shunda Park အမည်ရှိ တရုတ်မာဖီယားဂိုဏ်းများ ဦးဆောင်သည့် အွန်လိုင်းငွေလိမ်ခြံဝန်းအား နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ဝင်ရောက်စီးနင်းထားပြီး နေရပ်ပြန်လိုသည့် ကျားဖြန့်လုပ်သားများအား ထိုင်းအာဏာပိုင်များနှင့်ချိတ်ဆက်ကာ နေရပ်ပြန်ပို့ရန် စီစဉ်ခြင်း၊ နေရပ်မပြန်လိုသည့် ကျားဖြန့်လုပ်သား ၉၄၂ ဦး အပါအဝင် ၁,၀၀၆ ဦးအတွက် အစားအသောက်များ စီစဉ်ပေးခြင်း၊ လုံခြုံရေးကိစ္စများကိုပါ တာဝန်ယူထားသည်။

သို့သော် အာဏာသိမ်းစ်စစ်တပ် ပူးပေါင်းစစ်ကြောင်းက ထိုခြံဝင်းဘက်သို့ ဦးတည်စစ်ကြောင်းထိုးနေရာ မြေပြင်၌ တိုက်ပွဲများ ပိုမိုပြင်းထန်လာနေကာ စစ်ကော်မရှင်တပ်ကလည်း အဆိုပါခြံဝင်းသို့ ဦးတည်၍ လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်လာနေသောကြောင့် အဆိုပါ ခြံဝင်းအတွင်း ကျန်ရှိနေသည့် နိုင်ငံခြားသားအွန်လိုင်းငွေလိမ်လုပ်သားများ၏ လုံခြုံရေးကို အာမခံပေးရန် ခဲယဥ်းနေသည်ဟု KNU က ဒီဇင်ဘာလ ၂ ရက်နေ့ ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာ နောက်ဆုံးအပတ်အတွင်းကလည်း မြဝတီမြို့ရှိ အာဏာသိမ်းစစ်တပ်က ပြည်သူပိုင်အဖြစ် ချိပ်ပိတ်သိမ်းဆည်းထားသည့် AAC ကိုရဲမင်း၏ နေအိမ်အတွင်း မင်းလက်ပံရွာဘက်မှ ထွက်ပြေးလာသည့် အွန်လိုင်းငွေလိမ်ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သော တရုတ်နိုင်ငံသားများကို စစ်တပ်လက်အောက်ခံ ကရင်လက်နက်ကိုင်တပ်များက လာရောက်ထားခဲ့ကြောင်း ကိုရဲမင်းက ၎င်း၏ လူမှုကွန်ရက်ကတဆင့် ပြောသည်။

မဇ္ဈိမ